သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်းနိမ္မိတာရုံ ဆရာတော် ရုပ်ကလာပ် ပဲခူး ဆင်ဖြူကွင်းသုသာန်မှာ မီးပူဇော်


စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဈာပန အခမ်းအနားကို ပဲခူးမြို့ ဆင်ဖြူကွင်းသုသာန်မှာကျင်းပနေစဉ် (‌ဇွန် ၂၇၊ ၂၀၂၄)
စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဈာပန အခမ်းအနားကို ပဲခူးမြို့ ဆင်ဖြူကွင်းသုသာန်မှာကျင်းပနေစဉ် (‌ဇွန် ၂၇၊ ၂၀၂၄)

စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ပဲခူး ဆင်ဖြူကွင်းသုသာန်မှာ ဒီကနေ့ မီးပူဇော်ခဲ့ပါတယ်။ ကျန်ရှိတဲ့ အရိုးပြာတွေကို စစ်တောင်းမြစ်ထဲမှာ မျှောသွားဖို့လည်း စီစဉ်ထားပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဈာပနအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို သံဃာတော်တွေနဲ့ အများပြည်သူ ဖူးမျှော်နိုင်ဖို့ ၉ ရက်ကြာ အပူဇော်ခံပြီးတဲ့နောက် ဇွန်လ ၂၇ ရက်၊​ ဒီကနေ့ မနက်မှာ လောင်တိုက် ပြုလုပ်ထားတဲ့ ဆင်ဖြူကွင်းသုသာန်မှာ မီးပူဇော်ခဲ့တာပါ။

ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို နေ့လည်ပိုင်းမှာ ကျောင်းတိုက်က ကရဝိတ်ဖောင်နဲ့ လောင်တိုက်ကို ပင်ဆောင်ပြီး လမ်းတလျှောက်မှာတော့ လိုက်ပို့တဲ့ကားတွေအပြင် လမ်းလျှောက်လိုက်ပို့တဲ့သူတွေနဲ့ လမ်းဘေး တဖက်တချက်စီမှာ စောင့်ပြီး ဖူးမျှော်သူတွေလည်း ရှိခဲ့ပါတယ်။

ဆရာတော်ရဲ့ နောက်ဆုံးခရီးကို တိုင်းအစိုးရအဖွဲ့တွေအပြင် ပဲခူးတမြို့လုံးနီးပါး လိုက်ပါပို့ဆောင်ခဲ့ကာ ရုပ်ကလာပ်တော်ကို ညပိုင်းမှာ မီးပူဇော်မှာလည်းဖြစ်ပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ရဲ့ နောက်ဆုံးခရီး ဈာပန လိုက်ပါပို့ဆောင်သူ တဦးက အခုလို ပြောပါတယ်။

"လောင်တိုက်ကိုရောက်ဖို့က ၆ နာရီခွဲ ၇ နာရီလောက်မှ ရောက်မယ်။ အားလုံး ကားအစီးရေ အရေးပေါ် လူနာကား ဝတ်ရွတ်အသင်းတွေပါအပါအဝင် အားလုံး အစီး ၂၀၀ ကျော်ရှိပါတယ်။ လမ်းကြောင်းတွေ သူတို့ရှင်းပေးပါတယ်။ အခုဆို အဝင်အထွက်တွေ အကုန်ပိတ်ထားပေးပါတယ်။ လူဦးရေက ပဲခူးတမြို့လုံးပဲ၊ ဆရာတော်တွေလည်းပါတယ်။ ဆရာလေးတွေလည်းပါတယ်။ အကုန်လုံး ပါပါတယ်။ ထွေအုပ်က အကြီးအကဲတွေ အကုန်လာပါတယ်။ နယ်မြေခံ ဝန်ကြီးချုပ်တွေ အကုန်လာပါတယ်။ ရဲရှိမယ်။ မီးသတ်ရှိမယ်။ မော်တော်ပီကယ်ရှိမယ်။ နယ်မြေခံလုံခြုံရေးတွေရှိမယ်။ သူတို့အကုန်ချထားပါတယ်။ "

စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဈာပန အခမ်းအနားကျင်းပရာ ပဲခူးမြို့ ဆင်ဖြူကွင်းသုသာန်သို့ တက်ရောက်လာသူများ (‌ဇွန် ၂၇၊ ၂၀၂၄)
စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဈာပန အခမ်းအနားကျင်းပရာ ပဲခူးမြို့ ဆင်ဖြူကွင်းသုသာန်သို့ တက်ရောက်လာသူများ (‌ဇွန် ၂၇၊ ၂၀၂၄)

ကြွင်းကျန်တဲ့ အရိုးပြာကိုတော့ ဇွန်လ ၂၈ ရက်၊​ မနက်ဖြန် မွန်းတည့် ၁၂ နာရီမှာ ကရဝိတ်ဖောင်တော်နဲ့ပင့်ဆောင်ပြီး သိမ်ဖြူဇရပ်မြို့က စစ်တောင်းမြစ်ထဲမှာ မျှောသွားမှာဖြစ်ပါတယ်။

ဆရာတော်ကြီးဟာ ဇွန်လ ၁၉ ရက်မှာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ပန်းချီကမ္မလမ်းပိုင်းမှာ စစ်တပ်က ပစ်လိုက်တဲ့ သေနတ်ဒဏ်ရာနဲ့ ပျံလွန်တော်မူသွားတာဖြစ်ပြီး ကားပေါ်ပါလာတဲ့ ကံသုံးဆင့်ဆရာတော်နဲ့ ယာဉ်မောင်းဖြစ်သူတို့လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အစောပိုင်းက ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်လိုက်တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပေမယ့် အခင်းဖြစ်နေရာကနေ အသက်မသေဘဲ ကျန်ရစ်တဲ့ မျက်မြင်သက်သေတဦးဖြစ်သူ ကံသုံးဆင့်ဆရာတော်က ဖြစ်စဉ် အသေးစိတ်ကို ပြန်ပြောပြတော့မှသာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။

ဆရာတော်ကြီးပျံလွန်တော်မူတာနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းပန်စာပို့ခဲ့ပြီး သူ့အနေနဲ့ ဝမ်းနည်းကြေကွဲမိကြောင်း ဖော်ပြထားသလို၊ ဆရာတော် ၂ ပါးစီးလာတဲ့ ကားဟာ သာသနာရေး အမှတ်အသား မပါဘဲ အိမ်စီးကားဖြစ်ပြီး အရှိန်ပြင်းစွာ မောင်းနှင်တာအပြင် မှန်ချစစ်ဆေးခံဖို့ တားမြစ်ခဲ့ပေမယ့် ဆက်လက်မောင်းနှင်သွားတာကြောင့် ပစ်ခတ်ခဲ့တာလို့ ဝန်ခံထားပါတယ်။

ဆရာတော်ကြီး ပစ်ခတ်ခံရပြီး ရက်သတ္တပတ်အတွင်းမှာပဲ မြင်းခြံမြို့အထွက်မှာ စခမ ကျေးရွာက ဆရာတော်တပါး ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့ပါသေးတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ကာကွယ်ရေး တပ်ဖွဲ့တွေပစ်ခတ်တာလို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒေသခံတွေကတော့ စစ်တပ်ဘက်က ပစ်ခတ်တာလို့ ပြောဆိုနေကြပါတယ်။

ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရလို့ ပျံလွန်တော်မူတာအပြင် နွေဦးတော်လှန်ရေးမှာ စစ်တပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားတဲ့ ဆရာတော်တွေ၊ အကြောင်းမဲ့ဖမ်းဆီးထောင်ချခံထားရတဲ့ ဆရာတော်၊ သံဃာတော်တွေကို အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် ဝန်ခံတောင်းပန်ဖို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ဆရာတော်တွေဟာ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်တာတွေ ပြုလုပ်လာနေကြပါတယ်။

ဆရာတော်ကြီး ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး တနိုင်ငံလုံး ပူဆွေးနေကြချိန်မှာပဲ စစ်တပ်ထောက်ခံတဲ့ မျိုးချစ်ရဟန်းတော်များ သမဂ္ဂ(ရန်ကုန်) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာတော်တပါးက ကံသုံးဆင့် ဆရာတော်ဟာ နိုင်ငံရေး ၊ ဒေသန္တရ ဗဟုသုတအားနည်းပြီး မှန်အလုံပိတ်မောင်းခိုင်းတဲ့အတွက် ကံသုံးဆင့်ဆရာတော်ရဲ့ အမှားဖြစ်ပြီး အောက်ခြေတပ်မတော်သားတွေကို အရေးမယူစေချင်ဘူးလို့ စစ်တပ်ထောက်ခံတဲ့ မီဒီယာတခုမှာ ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG