ပဲခူးတိုင်း၊ ဒိုက်ဦး အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အသက် ၂၆ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား တဦး လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာကြောင့် ဇန်နဝါရီလ ၁၀ ရက်နေ့က သေဆုံးခဲ့တယ်လို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က VOA ကို ပြောပါတယ်။ ဒါဟာဆိုရင် ၂၀၂၅ ခုနှစ် နှစ်မှာ ပထမဆုံး နိုင်ငံရေးအကျဉ်းသား တဦး သေဆုံးတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက်ကြောင့် အကျဉ်းထောင်အတွင်း သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဒိုက်ဦး အကျဉ်းထောင်ထဲမှာ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က အလုံမြို့နယ်မှာ စစ်ကောင်စီဖမ်းဆီးခဲ့ တာပါ။ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အင်းစိန်ထောင်ကနေ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ ရသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒိုက်ဦးအကျဉ်းထောင်ကို ရောက်သွားချိန်မှာ ဆီးကျောက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားရတာကြောင့် ပဲခူးပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသရင်း သေဆုံးခဲ့တာဖြစ်တယ်လို့နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ကိုသိုက်ထွန်းဦးက VOA ကို ပြောပါတယ်။
"ဆုံးတာကတော့ ဆီးကျောက်ရောဂါကြောင့်သေဆုံးတာလို့သိရပါတယ်။ ဆေးကုသခွင့်ရရှိခဲ့တယ် သို့သော်လည်း အရေးပေါ်ဖြစ်တော့မှပြင်ပဆေးရုံကိုထုတ်ခဲ့ တာဖြစ်တယ်။ ဒီလိုအရေးပေါ်ဖြစ်တော့မှပြင်ပဆေးရုံကိုပို့တာဟာ ကျန်းမာရေးအရသက်သာပျောက်ကင်းဖို့ဆိုတာထပ် တာဝန်တရပ်အရထမ်းဆောင်တာ ပေါ့သူတို့ ပြင်ပဆေးရုံကိုပို့ခဲ့ပါတယ်ဆိုတဲ့အမြင်တခုကိုပေးတယ်ဆိုတာဘဲရှိခဲ့ပါတယ် တကယ်ပြည့်ပြည့်ဝဝကျန်းမာရေးစောင့်ရှောက်ခွင့်တွေမရခဲ့ဘူး။ တကယ်ပြည့်ပြည့်ဝဝကျန်းမာရေးဆိုးဝါးချိန်မှာအချိန်နဲ့တပြေးညီ ပြင်ပဆေးရုံတွေကိုမထုတ်ခဲ့ဘူး ဒီအခြေအနေကိုတော့ ကျနော်တို့ထောက်ပြရမှာဖြစ်ပါတယ်။"
သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦးရဲ့ မိသားစုဟာ ဧရာဝတီတိုင်းမှာဘဲ နေထိုင်သူတွေဖြစ်သလို ငွေကြေးချို့တဲ့သူတွေလို့ သိရပါတယ်။ သူ သေဆုံးချိန်မှာ မိသားစုက သဂြိုလ်ခွင့်ရပေမယ့် သွားရောက်နိုင်ဖို့အခက်အခဲရှိတဲ့အတွက် အကျဉ်းဦးစီးကဘဲ သဂြိုလ်ပေးခဲ့တယ်လို့ ကိုသိုက်ထွန်းဦးကပြော ပါတယ်။
"သူ့ကိုအကျဉ်းဦးစီးဌာနက ဦးဆောင်သဂြိုလ်ခဲ့တာဖြစ်ပါတယ်။ မိသားစုတွေကဧရာဝတီတိုင်းကဖြစ်ပါတယ်။ ဖမ်းခံရတာကအင်းစိန် ရန်ကုန်တိုင်းဘက်မှာ အဖမ်းခံရတာဖြစ်တယ်။ အင်းစိန်ထောင်ကနေ ဒိုက်ဦးထောင်ကိုပို့တာဖြစ်တဲ့အတွက် မိသားစုတွေ နယ်ဝေးကနေမှ ဒီလိုသွားရလာရဖို့အခက်အခဲရှိတယ် ဒါ ကြောင့်မို့လို့ အကျဉ်းဦးစီးဘက်က သဂြိုလ်ဖို့လုပ်ပေးခဲ့တာမျိုးတွေ့ရပါတယ်။"
ဒါဟာ ၂၀၂၅ ခုနှစ် နှစ်စမှာ နိုင်ငံရေးအကျဉ်းသားတဦး အကျဉ်းထောင်ထဲမှာ သေဆုံးတဲ့ သတင်း ပထမဆုံး ထွက်ပေါ်လာတာပါ။။ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသား အယောက် ၃၀ ကျော်ဟာ ဆေးကုသခွင့်လုံလောက်စွာ မရလို့ သေဆုံးခဲ့တဲ့အကြောင်း ကိုသိုက်ထွန်းဦးကပြောပါတယ်။ ဒီထဲမှာအများစုဟာ လူလတ်ပိုင်းအရွယ်လူငယ်တွေပါဝင်တာကြောင့် အကျဉ်းဦးစီးဌာနရဲ့ အကျဉ်းသားတွေကို ဆေးဝါးကုသမှု အပေါ်မေးခွန်းထုတ်စရာတွေရှိနေတယ်လို့ သူကခုလိုပြောပြပါတယ်။
"၂၀၂၄ ခုနှစ်အတွင်းမှာ အနည်းဆုံး ၃၄ ဦးဟာ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရလို့ ကျဆုံးခဲ့ရတာရှိပါတယ်။ ဒါကြောင့်မို့ အကျဉ်းထောင်အတွင်းသေဆုံးမှုတွေ ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရလို့ကျဆုံးမှုတွေက တနှစ်ထပ်တနှစ် တိုးလာတာကိုတော့ဒီနေရာကနေ အလေးအနက်ပြောချင်တယ်"
အကျဉ်းထောင်တွေအတွင်းအကျဉ်းသားတွေကို ဆေးဝါးကုသပေးနေတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောခွင့်ရနဲ့ စစ်ကောင်စီ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ပြန်ဖြေဆိုတာမရှိခဲ့ပါဘူး။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကတော့ မိသားစုဝင်တွေ ပေးပို့တဲ့ ဆေးဝါးတွေကို လက်ခံဖို့၊ အကျဉ်းထောင်ထဲ ဆေးဝါးလုံလောက်စွာ ထားရှိဖို့၊ လုံလောက်တဲ့ ဆေးကုသမှုပေးဖို့နဲ့ အရေးကြီး လူနာတွေကို ထောင်ပြင်ပ ဆေးရုံတွေမှာ အချိန်နဲ့တစ်ပြေးညီ ကုသခွင့်ပေးဖို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကို အမြဲတစေ တောင်းဆိုနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာသူတွေရဲ့ပြောဆိုချက်အရ ထောင်တွင်းမှာ အကျဉ်းသားတွေအတွက် ဆေးကုသခွင့်ရဖို့ဟာ အခက်အခဲဆုံးအခြေအနေတခုဖြစ်နေသလို အကျဉ်းထောင်တွင်း ဆေးဝါးရဖို့ဆိုတာလည်း တော်တော်လေးခက်ခဲနေကြရတယ်လို့ ပြန်လွတ်လာသူတွေကပြောဆိုထား ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီး ချိန်ကနေ ၂၀၂၅ ဇန်နဝါရီလ အထိအာဏာသိမ်းတာကိုဆန့်ကျင်လို့ဆိုပြီးအရပ်သား ပြည်သူ ၂၈၀၀၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး အခုအချိန်အထိ ၂၁၀၀၀ ကျော် ရှိတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒါဟာချဲ့ကားထားတဲ့စာရင်းတွေသာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ သေဆုံးခဲ့သူ တရာကျော်ရှိမယ်လို့လည်း AAPP က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက သတင်းထုတ်ပြန်ထားပါတယ်။
Forum