သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ တကျော့ပြန်တွေ့ရှိ


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျန်းမာရေးလုပ်အားပေးတဦးက ကိုဗစ်ကူးစက်လူနာရဲ့ သွေးဖိအားကို တိုင်းတာပေးနေစဉ် (ဇူလိုင် ၆၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျန်းမာရေးလုပ်အားပေးတဦးက ကိုဗစ်ကူးစက်လူနာရဲ့ သွေးဖိအားကို တိုင်းတာပေးနေစဉ် (ဇူလိုင် ၆၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် တွေ့ရှိနေတာကြောင့် သတိထားဖို့ ကျန်းမာရေး ပညာရှင်တွေ တိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံ အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတချို့မှာ ကူးစက်မြန် မျိုးဗီဇပြောင်း ရောဂါပိုးမျိုးကွဲသစ်တွေ တွေ့ရှိနေတာကြောင့်လည်း သတိထားဖို့ တိုက်တွန်းနေကြတာပါ။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ချက်ကို အခြေခံပြီး မခင်ဖြူထွေး ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ပြည်တွင်းကူးစက်ဖြစ်ပွားမှု အခု ဧပြီလဆန်းကစပြီး အနည်းငယ်မြင့်တက်ခဲ့ပြီး၊ ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၅၁ ဦး ဓာတ်ခွဲအတည်ပြု တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမှာလည်း အခုနှစ်ဆန်းပိုင်းကတည်းက ကပ်ရောဂါကူးစက်မှု ပြန်ပြီးမြင့်တက်ခဲ့တာပါ။ ကမ္ဘာ့ကျန်းမာရေးဌာန WHO က နောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB.1.16 (Arcturus) ကို မြန်မာနိုင်ငံက ဓာတ်ခွဲအတည်ပြု လူနာသစ်တွေဆီမှာ ဖြစ်ပွားကူးစက်တာ မတွေ့ရသေးပေမယ့် အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ တွေ့ရှိထားပါတယ်။

ပြည်တွင်းမှာ ဓာတ်ခွဲတွေ့ရှိတဲ့ အတည်ပြုလူနာတွေဆီမှာ မျိုးဗီဇပိုးသစ် မတွေ့ရဘူးဆိုပေမယ့် ဒီကိုဗစ်မျိုးစိတ်က ကူးစက်နှုန်းမြန်ဆန်လို့ ပြည်တွင်းမှာလည်း ရှိနေနိုင်လောက်တယ်လို့ အွန်လိုင်းကနေ ကျန်းမာရေး ပညာပေးနေတဲ့ ဒေါက်တာသူရိန်လှိုင်ဝင်းက ပြောပါတယ်။

"ကျနော်တို့ ဒီမှာတော့ မရောက်သေးဘူး။ သူက ထိုင်းဘက်ကိုတော့ ရောက်နေပြီ။ ဒါပေမဲ့ ဒီမှာလည်း ရှိရင်ရှိလောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုတလောမှာ ကိုဗစ်တွေပြန်ဖြစ်နေတာ တွေ့တယ်လေ။ အိုမီခရွန်ရဲ့ မျိုးဆက်သစ်ဖြစ်တယ်။ ကူးစက်တာလည်း မြန်တယ်။ အဲတော့ ထိုင်းမှာရှိတယ်ဆိုရင် အခုဧပြီတုန်းက သင်္ကြန်တွင်း မြန်မာနိုင်ငံကနေ ထိုင်းကိုတော်တော်များများ သွားကြတာဆိုတော့ အခုကိုဗစ်တွေလည်း ပြန်ဖြစ်နေပြီဆိုတော့ ကျနော်ထင်တာတော့ ရောက်တော့ရောက်နေပြီဗျ။ သေချာ မစစ်ဆေးနိုင်သေးလို့ မတွေ့သေးတာလို့ပဲ ထင်တယ်။ အဲတော့ မြန်မာနိုင်ငံမှာတော့ ရောက်နေလောက်ပြီ။ ဘာဖြစ်လို့ အဲလိုပြောတာလဲဆိုတော့ သူက ကူးစက်မှုတော်တော် မြန်တယ်လို့ပြောတယ်။ ရှေ့မှာရှိနေတဲ့ ကိုဗစ်မျိုးစိတ်တွေထက် သူကပိုပြီးတော့ ကူးစက်မှုမြန်တယ်လို့ ပြောတယ်။"

အရင်က ကိုဗစ်လက္ခဏာတွေအတိုင်း ခံစားရတာချင်း တူပေမယ့် အခု မျိုးရိုးဗီဇ ပိုးသစ် Arcturus မှာတော့ မျက်စိနာတဲ့ ရောဂါလက္ခဏာ ဖြစ်တာကို တွေ့ရတယ်လို့ ဒေါက်တာသူရိန်လှိုင်ဝင်းက ရှင်းပြပါတယ်။

"သူ့မှာက ထူးထူးခြားခြားဖြစ်တယ်ဆိုတဲ့ ရောဂါလက္ခဏာတခုတော့ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မျက်စိနာတာ။ မျက်စိနာတာက အရင်ကိုဗစ်တွေမှာက ရှိတော့ရှိတယ်၊ သူ့လောက်မဆိုးဘူး။ အခုက မျက်စိနာတာက အခုမျိုးစိတ်သစ်မှာ တော်တောများများ ဖြစ်ကြတယ်ပြောတယ်။ ကျန်တဲ့ ရောဂါလက္ခဏာတွေကတော့ အတူတူလောက်ပဲ။ ချောင်းဆိုး၊ နှာစေး၊ ခေါင်းကိုက်တာ၊ အဖျားတက်တာ၊ နားကိုက်တာ ဒါတွေကတော့ ပုံမှန်အတိုင်းပေါ့။ အဲတော့ သူ့မှာရှိတဲ့ ထူးထူးခြားခြားလက္ခဏာ ဆိုရင်တော့ မျက်စိနာတာလို့ ပြောရမယ်။ ဒါပေမဲ့ ဒီမျိုးစိတ်သစ်က ကျန်တဲ့ကိုဗစ်တွေထက်တော့ ပိုပြီးပြင်းထန်တာ မရှိဘူး။ နဂိုရောဂါအခံ မရှိဘူးဆိုရင်တော့ အသက်သေဆုံးတဲ့အထိဖြစ်တာ သိပ်မတွေ့ဘူး။ အဲတော့ အရမ်းတော့ စိုးရိမ်စရာ မလိုလှပါဘူး။"

ကပ်ရောဂါကာကွယ်ရေး နည်းလမ်းတွေအတိုင်း အခုဖြစ်ပွားနေတဲ့ ကူးစက်မြန်တဲ့ ကိုဗစ်ပိုးသစ်ကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေကိုလည်း ပြောပြထားပါတယ်။

"ပထမဦးဆုံးကတော့ ကာကွယ်ဆေးထိုးရမယ်ပေါ့နော်။ တချို့ကလည်း ဒီမျိုးစိတ်သစ်က ကာကွယ်ဆေးမတိုးနိုင်ဘူး ဆိုပြီးတော့ ပြောတယ်၊ အဲလိုတော့ မဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးထားတဲ့ သူတွေမှာ ရောဂါလက္ခဏာ လျော့နည်းတယ်ဆိုတဲ့ ကိစ္စက အတူတူပဲ။ အဲတော့ ကာကွယ်ဆေးကတော့ မဖြစ်မနေထိုးရဦးမှာပဲ။ အရင်ထိုးထားတဲ့ ကာကွယ်ဆေးနဲ့ ဝေးသွားပြီဆိုရင်တော့ ထပ်ဆောင်းကာကွယ်ဆေး Booster တကြိမ်လောက်တော့ ထပ်ပြီးထိုးသင့်တယ်။ နှာခေါင်းစည်း ပြန်တပ်ဖို့လိုမယ်။ မကြာခဏ လက်ဆေးဖို့လိုတယ်။ အရင်အတိုင်းပဲ လူထူထပ်တဲ့နေရာ သိပ်မသွားဘဲ ကိုယ်တိုင်လည်း ဖျားနာနေတယ်ဆိုရင် အပြင်မထွက်နဲ့။ ကိုဗစ်ကာကွယ်ဆေး Booster ပြန်ထိုး၊ နှာခေါင်စည်းတပ်၊ လက်ဆေး ဒီလောက်ဆိုရပါတယ်။"

ကပ်ရောဂါဖြစ်ပွား ကူးစက်တာ၊ ရောဂါလက္ခဏာ ပြင်းထန်တာနဲ့ သေဆုံးနှုန်းကို လျှော့ချနိုင်ဖို့အတွက် ကိုဗစ်ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။ အသက် ၅နှစ်အထက် ရှိသူတိုင်း ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံဖို့နဲ့ တတ်နိုင်သမျှ လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်တာ၊ နှာခေါင်းစည်း Mask တပ်ဖို့ အပါအဝင် လက်ကို ဆပ်ပြာနဲ့ စနစ်တကျဆေးကြောတာ ဒီလို ကပ်ရောဂါကာကွယ်ရေး အခြေခံနည်းလမ်းတွေကို ဆက်ပြီးကျင့်သုံးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG