သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောရိုင်းတိရိစ္ဆာန်ကနေ လူကိုကူးစက်ပြန့်ပွါးတဲ့ကပ်ရောဂါ ကာကွယ်ရေး 


တိရိစ္ဆာန်တွေကတဆင့် လူတွေကို ကူးစက်ပြန့်ပွါးတတ်တဲ့  ZOONOSES ကူးစက်ရောဂါ သုတေသနလုပ်ငန်း
တိရိစ္ဆာန်တွေကတဆင့် လူတွေကို ကူးစက်ပြန့်ပွါးတတ်တဲ့  ZOONOSES ကူးစက်ရောဂါ သုတေသနလုပ်ငန်း

{{Zawgyi/Unicode}}

ကိုဗစ်လိုကပ်ရောဂါမျိုး နောက်ထပ်မကြုံရအောင် ကာကွယ်တဲ့အနေနဲ့ အပူပိုင်းဒေသတွေမှာ လူသားတွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေကြားကူးစက်ပြန့်နှံ့တတ်တဲ့ ဇူအွန်နိုးစစ် - Zoonoses ကူးစက်ရောဂါတွေကိုလေ့လာဖို့ ပြင်သစ် - မက္ကဆီကို ၂ နိုင်ငံ သိပ္ပံပညာရှင်တွေကြိုးပမ်းနေကြတဲ့အကြောင်း AFP သတင်းတပုဒ်ကို အခြေခံပြီး ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကမ္ဘာတလွှားသိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအတွက် ဇစ်မြစ်ဖြစ်နိုင်တဲ့လင်းနို့တွေကို ဆန်းစစ်လေ့လာမှုတွေ အသေအချာလုပ်နေချိန်မှာ ပြင်သစ်နဲ့ မက္ကဆီကိုသုတေသနပညာရှင်တွေက ဇူအွန်နိုးစစ် - Zoonoses လို့ခေါ်တဲ့ ကူးစက်တဲ့ရောဂါတွေကို လေ့လာနေကြတာ ဖြစ်ပါတယ်။

ကိုဗစ် 19 အပြင် မျောက်ကျောက်ရောဂါ၊ မားစ်၊ အီဘိုလာ၊ ငှက်တုပ်ကွေး၊ ဇီကာ၊ HIV လို ရောဂါတွေဟာ တိရိစ္ဆာန်တွေကနေ လူသားတွေကိုကူးစက်တာဖြစ်ပြီး ဒီလို ကူးစက်တဲ့ကပ်ရောဂါမျိုး နောက်ထပ် ဖြစ်လာမှာကို စိတ်ပူနေကြပါတယ်။ WHO ကတော့ လူသားတွေမှာတွေ့ရတဲ့ ကူးစက်ရောဂါတွေရဲ့ ၆၀ % အကောင်တွေဆီကနေကူးတဲ့ ဇူအွန်နိုးစစ်စ်ရောဂါလို့ ပြောပါတယ်။

တိရိစ္ဆာန်နဲ့လူသားကြား ကူးစက်ပြန့်နှံ့တဲ့ရောဂါကို ဇူအွန်နိုးစစ်စ် လို့ ခေါ်ပါတယ်။ ကူးစက်မှုဟာ ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ဒါမှမဟုတ် ကပ်ပါးကောင်တွေကတဆင့် ကူးနိုင်ပါတယ်။ တိုက်ရိုက်ဖြစ်စေ၊ အင်းဆက်ပိုးတို့၊ ပင့်ကူတို့၊ မှက်တို့လို ကြားခံအကောင် တကောင်ကောင်ကနေလည်း တဆင့် ကူးစက်နိုင်တာပါ။ ဇူအွန်နိုးစစ်စ်ရောဂါ အရေးပေါ်အခြေအနေဖြစ်မလာအောင် ကာကွယ်ရေး စီမံကိန်းကို ၂၀၂၂ မှာ စတင်ခဲ့ပြီး ပါဝင်တဲ့ဆောင်ရွက်တဲ့နိုင်ငံပေါင်း ၂၂ နိုင်ငံထဲမှာ မက္ကဆီကိုနိုင်ငံလည်း ပါပါတယ်။

မက္ကဆီကိုအရှေ့တောင်ပိုင်းက Yucatan ဂျူကာတန်ပြည်နယ်ရဲ့ မြို့တော်မရီဒါ (Merida) က ဓါတ်ခွဲခန်းမှာ ၂၀၁၇ ကတည်းကစတင်တဲ့ ဒီသုတေသနကို ပြင်သစ်ဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနဌာန IRD နဲ့ မက္ကဆီကိုတက္ကသိုလ် UNAM တို့ လက်တွဲလုပ်ဆောင်ကြတာပါ။ ဒီသုတေသနဟာ ကိုဗစ်လိုကပ်ရောဂါမျိုးထပ်မကြုံရအောင် ကြိုးစားမှုတခုဖြစ်တယ်လို့ IRD ဌာနက ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Audrey Arnal က ပြောပါတယ်။

"တကယ်လို့ တောကောင်တွေမှာရော လူသားတွေဆီမှာပါနေနိုင်တဲ့ ဗိုင်းရပ်စ်တွေ ရှိနေမယ်ဆိုရင် ဒီလို ဗိုင်းရပ်စ်ကိုစောင့်ကြည့်ဖို့နဲ့ ကာကွယ်ဖို့အတွက် ကျမတို့မှာ မဟာဗျူဟာကျတဲ့ နည်းလမ်းတွေရှိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပိုးကနေ ကူးစက်မှုပိုမြန်တဲ့ မျိုးစိတ်သစ်ကို ပြောင်းသွားနိုင်သလို ဒီလိုပြောင်းတာကနေ ကပ်ရောဂါကြီး ဖြစ်လာနိုင်တာကြောင့်ပါ။”

သူတို့ဟာ နို့တိုက်သတ္တဝါတွေ၊ ငှက်တွေ၊ ကြွက်တွေနဲ့ လူသားတွေကြားမှာ ဗိုင်းရပ်စ်အမျိုးမျိုးက ဘယ်လိုကူးစက်တယ်ဆိုတာကိုသိအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်းပြောပါတယ်။

အပူပိုင်းဒေသမိုးသစ်တောတွေရဲ့ ဂေဟစနစ်မှာနေထိုင်တဲ့ သတ္တဝါမျိုးစုံဆီက စမ်းသပ်ဖို့နမူနာတွေကို ကောက်ယူကြတာဖြစ်ပြီး အဲဒီသစ်တောတွေမှာ ခြင်တွေအတွက်ဆို မျိုးစိတ်ပေါင်း ၆၁ ခုအထိ ခွဲနိုင်ပြီဖြစ်ပါတယ်။

" ဒီဒေသမှာရှိတဲ့ ခြင်တွေအကြောင်း သိထားဖို့ကလည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီခြင်တွေက သွေးလွန်တုပ်ကွေးလို ရောဂါအမျိုးမျိုးကိုဖြစ်စေတာကြောင့် ပါ။ ဒီခြင်တွေဟာ လူနဲ့ တောရိုင်းတိရိစ္ဆာန်တွေကြားမှာ ရောဂါပိုးတွေ ကူးစက်ပြန့်နှံ့အောင်လုပ်နိုင်ပါတယ်။”

ဒီလို စမ်းသပ်မှုတွေလုပ်ဖို့ မက္ကဆီကိုနိုင်ငံက ယူကာတန်ပြည်နယ်ကို ရွေးရတဲ့အကြောင်းရင်းကလည်း အဲဒီမှာ သစ်တောပြုန်းတီးမှုသိပ်မြန်တဲ့အတွက် ဒေသတွင်း ဇူအွန်နိုးစစ်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေဖြစ်လာတာကြောင့်လို့ IRD ရဲ့ ဂေဟဗေဒပညာရှင်. Benjamin Roche က ပြောပါတယ်။

မက္ကဆီကိုသမ္မတ Andres Manuel Lopez Obrador' ရဲ့ ဒီဇင်ဘာမှာစဖွင့်ဖို့ စီစဉ်ထားတဲ့ Mayan Train မာယာရထားလမ်းစီမံကိန်းကနေ ဂျူကာတန်ကျွန်းဆွယ်မှာရှိတဲ့ သစ်ပင်ထောင်ပေါင်းများစွာကို ခုတ်ပစ်ခဲ့တာပါ။ အကျိုးဆက်ကတော့ အဲဒီမှာ ခန့်မှန်းခြေအားဖြင့် လူတွေကို ကူးစက်နိုင်တဲ့ဗိုင်းရပ်စ်ပိုးပေါင်း ၅ သိန်းကနေ ၈ သိန်းကြား ပေါက်ပွါးလာတာဖြစ်ပြီး ဒါဟာ စိုက်ပျိုးရေးအတွက်ရော ခရီးသွားဧည့်သည်တွေအတွက်ပါ အန္တရာယ်ကြီး လာနေတယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။

အခုလုပ်နေတဲ့သုတေသနမှာ ဂျုကာတန်ကျွန်းဆွယ်မှာနေထိုင်တဲ့ ဒေသခံအသိုင်းအဝိုင်း ၁၂ ခုကိုပါ ဆန်းစစ်ခဲ့ပါတယ်။ ဒီသုတေသနကနေ ဗိုင်းရပ်စ်သယ်တဲ့ငှက်မျိုးစိတ်ကို တွေ့ခဲ့ရတယ်လို့ UNMA တက္ကသိုလ် တိရိစ္ဆာန်ဆေးကုသရေးကျောင်းက ရောဂါပိုးမွှားဗေဒပညာရှင် Rosa Elena Sarmiento က ပြောပါတယ်။

"ငှက်တွေမှာတော့ ကူးစက်ရောဂါပိုးနဲ့ပတ်သက်ပြီး ပုံစံအမျိုးမျိုးတွေ့ရပါတယ်။ West Nile ဗိုင်းရပ်စ်သယ်တဲ့ငှက်မျိုးစိတ်ကို တွေ့ခဲ့ရသလို သူတို့ဟာ West Nile ဗိုင်းရပ်စ် ဒါမှမဟုတ် တခြား တုပ်ကွေးရောဂါ ဗိုင်းရပ်စ်တွေ ခိုအောင်းရာနေရာလည်း ဖြစ်နေတာတွေ့ရပါတယ်။”

သုတေသနပညာရှင်တွေဟာ တောထဲမှာ ငှက်ထောင်ချောက်တွေထားတဲ့အခါ လင်းနို့တွေ၊ တခါတလေ ဇီးကွက်တွေကိုလည်း ဖမ်းမိတတ်ပါတယ်။ အကောင်တွေကိုဖမ်းမိတဲ့အခါ သူတို့ဆီက သွေးတို့၊ အရည်ကြည်တို့ ကပ်ပါးကောင်နမူနာတွေကိုယူတာ၊ အကောင်တွေရဲ့ အရွယ်အစားကို တိုင်းထွာတာတွေနဲ့ သူတို့ရဲ့အခြေနေတွေကို မှတ်တမ်းတင်ကြပါတယ်။

ဓါတ်ခွဲခန်းမှာ ဒီနမူနာတွေကို ဓါတ်ခွဲစမ်းသပ်ကြတဲ့အခါ အရေးကြီးတဲ့ DNA မျိုးဗီဇကို အဓိက ဆန်းစစ်ပြီး ပါဝင်တဲ့ပိုးတွေကို လေ့လာကြပါတယ်။ တကယ်လို့ ခြင်တကောင်ရဲ့သွေးကို စမ်းသပ်မယ်ဆိုရင် သူက ဘယ်မျိုးစိတ် ဘယ်သတ္တဝါကိုကိုက်ခဲ့တယ်ဆိုတာ သိနိုင်တာပါ။

အခုလို တောကောင်တွေဆီကတင်မကဘဲ ဒေသတွင်းနေထိုင်သူတွေဆီက သွေးနမူနာတွေကိုလည်းယူပြီး စမ်းသပ်ကြပါတယ်။ အဲဒီအခါမှာ သူတို့ဆီမှာ ဘယ်လို ဗိုင်းရပ်စ်မျိုးရှိနေပြီး ဘယ်သတ္တဝါဆီကကူးတယ်ဆိုတာကို သိနိုင်ပါတယ်။

ရလာတဲ့အချက်လက်တွေပေါ်မူတည်ပြီး ဘယ်နေရာမှာ ဘယ်လိုပိုးတွေ့ရတယ်၊ အခြေအနေက ဘယ်လို အန္တရာယ်အဆင့်ရောက်နေမနေ ဆန်းစစ်ပြီးသတိပေးတာဖြစ်ကြောင်း ရောဂါပိုးမွှားဗေဒပညာရှင် Rosa ကပြောပါတယ်။

"ဒီ စီမံကိန်းရဲ့ရည်ရွယ်ချက်က ကူးစက်ကပ်ရောဂါဖြစ်လာမှာကို ကြိုပြီးခန့်မှန်းတွက်ချက်နိုင် စေဖို့ ဖြစ်ပါတယ်။ ကျမတို့မှာ မကြာသေးခင်ကပဲဖြစ်ခဲ့တဲ့ ကပ်ရောဂါမျိုးပေါ့လေ။ တကယ်လို့ ဘယ်လို ဗိုင်းရပ်စ်မျိုး ကူးစက်ပြန့်နှံ့နေတယ်ဆိုတာသိမယ်ဆိုရင် ဒီပိုးပြန့်နိုင်တဲ့ဒေသအတွက် အန္တရာယ်ရှိကြောင်းပြ မြေပုံထုတ်ပေးနိုင်မှာဖြစ်ပြီး ဘယ်နေရာမှာတော့ ဒီပိုး အန္တရာယ်ကြီးနေပြီဆိုတာကို သတိပေးနိုင်မှာဖြစ်ပါတယ်။

သူတို့စီမံကိန်းထဲမှာ ဒေသခံအသိုင်းအဝိုင်းတွေကိုပါဆက်သွယ်ပြီး သူတို့ရဲ့ သဘာဝဝန်းကျင်နဲ့ လူမှုရေးပြဿနာဆိုင်ရာတွေကို နားလည်အောင်ဆွေးနွေးတာ၊ အကြံပေးတာတွေလည်း ပါဝင်ပါတယ်။

သူတို့ရဲ့ မရီဒါဓါတ်ခွဲခန်းဟာ ဇူအွန်နိုးတစ်ရောဂါအရေးတကြီးကာကွယ်ရေး စီမံကိန်းဝင်နိုင်ငံပေါင်း ၂၂ နိုင်ငံရဲ့အဖွဲ့အစည်းပေါင်း ၂၀၀ နဲ့ လက်တွဲဆောင်ရွက်နေတာပါ။

လူနဲ့တိရိစ္ဆာန်ကြားကူးစက်တဲ့ ဇူအွန်နိုးစစ်စ်ရောဂါဟာ နှစ်ထောင်ပေါင်းများစွာကတည်းက ရှိခဲ့တာဖြစ်ပေမယ့် လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်လောက်ကမှ တိုးလာတာဖြစ်ပါတယ်။ အဓိကကတော့ သစ်တောပြုန်းတီးမှုတွေကနေ လူနဲ့အိမ်မွေးတိရိစ္ဆာန်တွေရဲ့ တောရိုင်းသတ္တဝါတွေနဲ့ ထိတွေ့မှုပိုများလာစေတာကြောင့် တိုးလာတယ်ဆိုတာကိုတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

တိုက်ရိုက် လင့်ခ်

-----------------

{{Unicode}}























XS
SM
MD
LG