သုံးရလွယ်ကူစေသည့် Link များ

ALP စစ်ဦးစီးချုပ်လုပ်ကြံခံရမှု AA လက်ချက်လို့စွပ်စွဲ 


ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ALP) ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း။ (မှတ်တမ်းရုပ်ပုံ)
ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ALP) ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း။ (မှတ်တမ်းရုပ်ပုံ)

[[Zawgyi/Unicode]]

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က စစ်ဦးစီးချုပ်နဲ့အရာရှိနှစ်ဦး လုပ်ကြံပစ်သတ်ခံရမှုဟာ AA ရခိုင်တပ်ဖွဲ့လက်ချက်ဖြစ်တယ်လို့ ALP က စွပ်စွဲပါတယ်။ AA ဘက်ကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်လို့ တုံ့ပြန်ငြင်းဆိုပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့က သေနတ်နဲ့ပစ်ခံရပြီးသေဆုံးသွားတဲ့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြတ်နဲ့အရာရှိနှစ်ဦးကို ရခိုင်လက်နက်ကိုင်AA အဖွဲ့က လုပ်ကြံသတ်ဖြတ်တာဖြစ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီက ထုတ်ပြန်ပါတယ်။ ALP ပါတီ ဒု ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကတော့ အခုလို သူတို့လုပ်ကြံသတ်ဖြတ်ခံရတာဟာ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးမရှိတော့တဲ့သဘောပဲလို့ VOA ကို ပြောပါတယ်။

“ ကျမစကားသုံးခွန်းပဲပြောပါတယ်။ သတင်းဌာနတိုင်းကို ၃ ခွန်းထက် အပိုမပြောလိုပါဘူး။ အဲဒါက နံပါတ် (၁) သတ်ချင်လို့သတ်တယ်။ သတ်လို့သေသွားပြီ။ ရခိုင်ပြည်က လုံခြုံရေး မရှိတော့ဘူး။ ဒီ ၃ ခွန်းပဲ ကျမပြောပါတယ်။ နောက် ဘာမှ မပြောချင်ပါဘူး။”

ဗိုလ်ချုပ်ခိုင်စောမြတ်နဲ့ တပ်ရင်းမှူးနှစ်ဦးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ရခိုင်အမျိုးသား အချင်းချင်းကြား လူသားမဆန် အကြမ်းဖက်လုပ်ကြံတာဟာ ရခိုင်တမျိုးသားလုံးစည်းလုံးညီညွတ်ရေးကိုထိခိုက်စေရုံမက ရခိုင်ပြည်သူတရပ်လုံးကို တုန်လှုပ်ခြောက်ခြားစေတာကြောင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ALP ပါတီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

AA ရခိုင်တပ်ဖွဲ့ပြောခွင့်ရသူ ခိုင်သုခ ကတော့ ALP ပါတီရဲ့ထုတ်ပြန်ချက်ဟာ အခြေအမြစ်မရှိ တဲ့ စွပ်စွဲချက်တခုသာဖြစ်တယ်လို့ VOA ကို တုံ့ပြန်ပါတယ်။

“ဒီကိစ္စကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကျနော်တို့ ULA/AA ကိုနာမည်တပ်ပြီးတော့ အခြေအမြစ်မရှိ စွပ်စွဲတယ်ဆိုတာက နာမည်သေနေတဲ့ သူတို့ ALP ကို နာမည်ကြီးအောင် လုပ်ချင်လို့လုပ်တာလည်း ဖြစ်နိုင်တာပေါ့။ နောက်တခုက သူတို့ ALP အချင်းချင်းကြားမှာလည်း နှစ်ဖွဲ့ကွဲပြီးတော့ စွပ်စွဲတိုက်ခိုက်-အဲဒါမျိုးတွေ ဖြစ်နေတာရှိတယ်။ နောက်ဖြစ်နိုင်တာတခုကတော့ တခြားအင်အားစုတခုခုက ပြဿနာတွေပိုပြီးတော့ ရှုပ်ထွေးသွားအောင် ဖန်တီးလိုတဲ့ရည်ရွယ်ချက်နဲ့ အခုလိုမျိုး လုပ်ကြံသတ်ဖြတ်တာလည်း ဖြစ်နိုင်တယ်။”

ALP ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ပါတီဝင်တွေ တပ်ဖွဲ့ဝင်တွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ၊ အရပ်သားပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဖော်ပြပါတယ်။ ဒီအတွက် တရားမျှတမှုရအောင် လုပ်ဆောင်မယ်လို့လည်း ALP ပါတီက ပြောပါတယ်။

စစ်တွေအခြေစိုက်ထားတဲ့ ALP အဖွဲ့ဝင်တချို့ကို AA ရခိုင်တပ်ဖွဲ့က ဖမ်းဆီးတာမျိုးတွေ ယခင်ကရှိခဲ့သလို ALP တပ်ဖွဲ့ဟာ မြန်မာစစ်ကောင်စီနဲ့ပေါင်းပြီး AA အဖွဲ့ဝင်တချို့ကို ဖမ်းဆီးတာမျိုးလည်း ရှိခဲ့ဖူးပါတယ်။ ဒီအတွက် AA ရခိုင်တပ်ဖွဲ့နဲ့ ALP ကြား တင်းတင်းမာမာ အခြေအနေတွေ ကြုံခဲ့ဖူးပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ကတည်းက အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေး ထိုးထားပြီး လက်ရှိ စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းမွန်နေတဲ့ အဖွဲ့တခုလည်းဖြစ်ပါတယ်။ AA ရခိုင်တပ်ဖွဲ့နဲ့ မြန်မာစစ်ကောင်စီကြားမှာတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲရေးယူထားပေမဲ့ တရားဝင် အပြန်အလှန် သဘောတူလက်မှတ်ထိုးတာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

======================

[[Unicode]]

ALP စဈဦးစီးခြုပျလုပျကွံခံရမှု AA လကျခကြျလို့စှပျစှဲ










XS
SM
MD
LG