သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးထားသူတွေကို ရိုက်နှက်စစ်ဆေးသူ တပ်ဖွဲ့ဝင်တွေ မြန်မာစစ်တပ်အရေးယူမည်


ရခိုင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ်တပ်ဖွဲ့ဝင်တချို့
ရခိုင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ်တပ်ဖွဲ့ဝင်တချို့

(Zawgyi/Unicode)

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကနေ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အမျိုးသား ၅ ဦးကို စစ်ရေယာဉ်နဲ့ စစ်တွေကို သွားပို့တဲ့အချိန်အတွင်း ဥပဒေနဲ့ မလျော်ညီတဲ့နည်းနဲ့ စစ်ဆေးမေးမြန်းခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းအရအရေးယူဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်မှာ ဖော်ပြထားတာအရ "AA အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ ပတ်သက်ဆက်နွယ်တယ်လို့ ယူဆရသူ အမျိုးသား ငါးဦးကို ထိန်းသိမ်းပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။" ဆိုတာ ဧပြီ ၂၁ ရက်က သတင်းထုတ်ပြန်ထားပါသေးတယ်။

အဲဒီအမျိုးသား ၅ ဦးကို ထပ်ပြီး စစ်ဆေးဖို့နဲ့ တရားဥပဒေအရ တရားစွဲဆိုနိုင်ဖို့ဆိုပြီး စစ်တွေကိုပို့တဲ့အချိန် စစ်ရေယာဉ်ပေါ်မှာ အစောင့်အဖြစ် လိုက်သွားတဲ့ စစ်သားတချို့က ရိုက်နှက်မေးမြန်းနေတာကို ရိုက်ယူထားတဲ့ ဗွီဒီယိုတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းက အွန်လိုင်းပေါ်မှာ ပျံ့ခဲ့ပြီးတဲ့နောက် အဲဒီလို ရိုက်နှက်မေးမြန်းသူတွေကို အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့ အခုထုတ်ပြန်ချက် ထွက်လာတာပါ။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့ထွက်လာတဲ့ ဗွီဒီယိုပါ ဖြစ်ရပ်တစ်ခုကို ဆန်းစစ်ပြီးတဲ့နောက် တနည်းအားဖြင့် ဒီဖြစ်ရပ် မှန်ကန်တယ်ဆိုတာကို လက်ခံပြီး ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့ တပ်မတော်ရဲ့ အခုလိုထုတ်ပြန်ချက်မျိုးဟာ ရှားရှားပါးပါးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပတ်ဝန်းကျင်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ခိုက်မှုတွေအတွင်း တပ်မတော်ကရော၊ AA ကပါ အရပ်သားတွေကို ဖမ်းဆီးတာတွေ မကြာခဏ ရှိခဲ့ပါတယ်။ တပ်မတော်က ဖမ်းတဲ့အခါ AA နဲ့ ဆက်နွယ်တဲ့သံသယနဲ့ ဖမ်းတာလို့ ပြောသလို AA က ဖမ်းတဲ့အခါမှာလည်း တပ်ကိုသတင်းပေးလို့၊ တပ်နဲ့ ပူးပေါင်းဆောင်ရွက်လို့ စသည်ဖြင့် ပြောဆိုလေ့ရှိပါတယ်။

အဲဒီလိုဖမ်းဆီးခံရချိန်အတွင်း သေဆုံးသွားတဲ့ အရပ်သားတွေရှိသလို ဖမ်းဆီးခံရချိန်အတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ကြောင့် ပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက်မှာမှ သေဆုံးသွားသူတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG