(Zawgyi/ Unicode)
အာဖဂန်သမ္မတ Asharf Ghani က တာလီဘန်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ သူပုန်တွေ မြို့တော်ကို ချဉ်းကပ်လာတဲ့အခါ အစိုးရတပ်တွေက တွန်းလှန်နိုင်အောင် ပြင်ဆင်ထားကြောင်း ပြောဆိုလိုက်ပါတယ်။
“လက်ရှိ အခြေအနေမှာ အာဖဂန် လုံခြုံရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ စုစည်းညီညွတ်မှုရှိအောင် ဦးစားပေး ဆောင်ရွက်နေပါတယ်။” လို့ အာဖဂန်သမ္မတက ကြိုတင်ရိုက်ကူးထားတဲ့ ၂ မိနစ်ခွဲကြာ ဗွီဒီယိုမိန့်ခွန်းကို အစိုးရရုပ်မြင်သံကြားနဲ့ လူမှုကွန်ရက်တွေမှာပါ စနေနေ့က ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
တာလီဘန်တွေ အပစ်အခတ် ရပ်စဲရေး ကြေညာပေးဖို့ မြို့တော်ကို ဝင်ခွင့်ပေးပြီး သမ္မတရာထူးက နုတ်ထွက်ပေးတော့မှာဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ သမ္မတ Gani ရဲ့ ကြေညာချက် ထွက်လာတာပါ။ သမ္မတ Ghani ကတော့ အာဖဂန် နိုင်ငံတွင်းကရော နိုင်ငံပြင်ပကပါ အရေးကြီးတဲ့သူတွေနဲ့ ဆက်လက် တိုင်ပင်ဆွေးနွေးနေကြောင်းနဲ့ ရလဒ်ကိုလူထုကို ချပြမှာ ဖြစ်ကြောင်းပြောပါတယ်။
တာလီဘန်တွေကတော့ အာဖဂန်ရဲ့ ပြည်နယ် ၃၄ ခုမှာ ၁၉ ခုကို သိမ်းပိုက်ထားပြီး၊ ကဘူးမြို့တော် ဝင်ပေါက်အဖြစ် လူသိများတဲ့ Maidan Shahr မြို့ကိုပါ တိုက်ခိုက်နေတာပါ။ ဒီမြို့ဟာ Maidan Wardak ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး မြို့တော်နဲ့ ၂၅ မိုင် လောက်ပဲ ဝေးတာပါ။ အာဖဂန်တလွှား တာလီဘန်တွေ နေရာအတော်များများကို သိမ်းပိုက်ထားတာကြောင့် နိုင်ငံတကာက စိုးရိမ်လာကြပြီး မြို့တော်မှာရှိတဲ့ သံရုံးတွေအတွက် အရေးပေါ် အစီအစဉ်တွေ ပြင်ဆင်နေကြပါတယ်။
အမေရိကန်နဲ့ ဗြိတိန်ကတော့ အာဖဂန်က သူတို့ နိုင်ငံသားတွေ ရရာလေယာဉ်နဲ့ ပြန်ကြဖို့ တိုက်တွန်းနေပါတယ်။ အမေရိကန်ကတော့ သူ့သံရုံး ဝန်ထမ်းတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ရာမှာ အကူအညီပေးဖို့ တပ်သား ၃၀၀၀ လောက်စေလွှတ်ပေးထားပါတယ်။
(Unicode)