သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပတပ်ရုပ်ပြီး အာဖဂန် လုံခြုံမှုယိုယွင်းမယ့်အရေး ကန်တပ်မှူးကြီး စိုးရိမ်


(Zawgyi/Unicode)

စက်တင်ဘာလ ၁၁ ရက် နောက်ဆုံးထားပြီး အမေရိကန်နဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်တပ်တွေ ရုပ်သိမ်းဖို့ စီစဉ်ထားချိန်မှာပဲ အာဖဂနစ္စတန်နိုင်ငံမှာ လုံခြုံရေး အခြေအနေတွေ ဆိုးရွားလာနေတဲ့အပေါ် စိုးရိမ်ကြောင်း အာဖဂနစ္စတန်နိုင်ငံက တပ်ဖွဲ့တွေ ရုပ်သိမ်းရေး အစီအစဉ်ကို ကြီးကြပ်နေတဲ့ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး Austin Scott Miller ကပြောလိုက်ပါတယ်။

အမေရိကန်က ကူညီပံ့ပိုးထားတဲ့ အာဖဂန်အစိုးရတပ်တွေနဲ့ တာလီဘန် သူပုန်တွေကြား နိုင်ငံအဝန်း တိုက်ပွဲတွေ ဖြစ်ပွားနေရာက လုံခြုံရေး အခြေအနေတွေ ယိုယွင်းလာတဲ့အကြောင်း အင်္ဂါနေ့ကပဲ ကာဘူးလ် မြို့တော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

“စစ်ရေးအရ သိမ်းပိုက်တာဟာ ဘယ်သူမှ အကျိုးမရှိနိုင်ပါဘူး။ အာဖဂန်ပြည်သူတွေ အတွက်လည်း သေချာပေါက် အကျိုးမရှိပါဘူး။” လို့ မကြာသေးခင်ကစလို့ တာလီဘန်တွေက စစ်ရေးအရ အသာစီး ရလာတဲ့အပေး ဗိုလ်ချုပ်ကြီး Miller က သတိပေးပြောဆိုလိုက်တာပါ။ ဆယ်စုနှစ် ၂ ခု နီးပါးကြာ အာဖဂန်စစ်ပွဲ အဆုံးသတ်ပြီး မဟာမိတ် တပ်ဖွဲ့တွေ ရုပ်သိမ်းတဲ့အစီအစဉ် စတင်တဲ့ မေလ ၁ ရက်နေ့ကစ အာဖဂနစ္စတန်နိုင်ငံက ခရိုင်ပေါင်း ၄၁၉ ခုအနက် ၁၀၀ ကျော်ကို တာလီဘန်တွေ ထိန်းချုပ်ထားပါတယ်။

အာဖဂန်အစိုးရ တာဝန်ရှိသူ တချို့ကတော့ သူပုန်တွေ ထိန်းချုပ်ခဲ့တဲ့ နယ်မြေတချို့ကို မကြာသေးခင်ကပဲ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နယ်မြေတွေကပါ တိုက်ထုတ်မယ့်အကြောင်း ပြောဆိုထားကြတာပါ။ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး Miller ကတော့ နယ်မြေ ဆုံးရှုံးမှုတွေကြောင့် လုံခြုံရေးကို ထိခိုက်နိုင်ကြောင်း လက်ခံပြောဆိုခဲ့ပါတယ်။

တာလီဘန်တွေရဲ့ ထိုးစစ်ကို ခုခံကာကွယ်ရာမှာ အစိုးရကို ထောက်ခံတဲ့ ပြည်သူ့စစ်တွေနဲ့ အာဖဂန်တပ်တွေကို စစ်အင်အား ဖြည့်ထားတာဟာလည်း နိုင်ငံမှာ ပြည်တွင်းစစ်ကို ဦးတည်သွားနိုင်ကြောင်း သတိပေးခဲ့တာပါ။ အာဖဂနစ္စတန်နိုင်ငံမှာ လုံခြုံရေးအခြေအနေ စိုးရိမ်စရာ ဖြစ်လာနေပေမဲ့ ဧပြီလလယ်မှာ အမေရိကန်သမ္မတ Joe Biden ညွန်ကြားထားတဲ့အတိုင်း တပ်တွေ ရုပ်သိမ်းမယ့် အစီအစဉ် အပြောင်းအလဲ ရှိမှာမဟုတ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး Miller ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG