သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာမွေ စီးပွားရေးဘဏ်လုံခြုံရေးရဲ ပစ်သတ်ခံရ


တာမွေ ပစ်ခတ်မှုအပြီး ရောက်ရှိလာသော လုံခြုံရေးတပ်ဖွဲ့များ (ဓာတ်ပုံ - Courtesy)
တာမွေ ပစ်ခတ်မှုအပြီး ရောက်ရှိလာသော လုံခြုံရေးတပ်ဖွဲ့များ (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူနေတဲ့ ရဲတစ်ဦး ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ အဲ့နီးနားမှာ နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ အခင်းဖြစ်ပြီး မကြာခင်ရဲတွေရောက်လာပြီး လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးပြီး ပစ်ခတ်တာတွေလည်းရှိတယ်လို့ ဒေသခံတဦး ပြောပါတယ်။

“လက်ဝဲမင်းဒင်လမ်းနဲ့ လယ်ယာရွှေမြေလမ်းနဲ့ ထောင့်မှာ စီးပွားရေးဘဏ်ကရှိတယ်ဆိုတော့ အဲ့လယ်ယာရွှေမြေလမ်းပေါ် ၊ ပြီးတော့
လက်ဝဲမင်းဒင်လမ်းနဲ့ ကပ်ရပ် သမာဓိလမ်းတွေ ၊တခြားလမ်းတွေအကုန်လုံးလည်း (စစ်ကောင်စီတပ်)သူတို့က စစ်သားတွေရော ရဲတွေရော ခြောက်လှန့်ပြီးတော့ ပစ်တယ်ပေါ့နော်၊ ပြီးတော့ ဖြတ်သွားတဲ့ ကားတွေဘာတွေဆိုလို့ရှိရင်လည်းတားပြီးတော့ အပြင်ကိုဆွဲထုတ်တယ်။ ဒူးထောက်ခိုင်းတယ်၊ ပါးတွေပါတွေရိုက်တယ်၊ တချို့ဆိုရင် (ပြည်သူတွေ)သူတို့တွေဘာတွေ အပြင်ထွက်နေတာ အကိုကြီးတွေမိတ္တူဆွဲဖို့ ထွက်လာတာ အဲ့လိုလူတွေဆိုလို့ရှိရင်လည်း(စစ်ကောင်စီတပ်တွေ)သူတို့အဲ့လိုမျိုး ဒူးထောက်ခိုင်းပြီးတော့ အော်ဟစ်ဆဲဆို၊ ဆိုဆဲတာလည်း ပြောမနေနဲ့ ညီမတို့တိုက်ကကျတော့ အဲ့ဒီလမ်းမပေါ်မှာဆိုတော့လေး (စစ်ကောင်စီတပ်)သူက အဲ့ဒီတိုက်ရှေ့မှာတင် နှိပ်စက်နေတာ။ အဲ့လိုဆိုတော့ တိုက်ဘက်ကိုလည်း သေနတ်တွေနဲ့ ထောင်ပြီးတော့လေး ဒီတိုက်ကလူတွေ အွန်လိုင်းပေါ်တင်ရင် တွေ့မယ်ဘာညာပေါ့ အဲ့လိုတွေဆဲဆိုတယ်ပေါ့။”

အခင်းဖြစ်တဲ့အနီးမှာရှိတဲ့ ဇေယျာသုခလမ်းထဲက ဟိုတယ်အလုပ်သမားသုံးဦးကို ဖမ်းဆီးသွားတယ်လို့လည်းဆိုပါတယ်။ ရပ်ကွက်အတွင်း လမ်းသွားလမ်းလာတဲ့ ကားတွေ လူတွေကို ရပ်တန့်စစ်ဆေးမြန်သလို မရပ်ပေးရင် သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါအပြင် ဒီနေ့မနက်ပိုင်းမှာ သင်္ဃန်းကျွန်းမြို့ နယ် ဂဖူးကွေးဈေးမှာစစ်ကောင်စီသတင်းပေးအဖြစ် စွပ်စွဲခံရသူတစ်ဦး ပစ်သတ်ခံရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမေလကစလို့ ခုလို ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ၊ ဗုံးကွဲတာတွေ ဆက်တိုက်ဆိုသလိုပေါ်ပေါက်နေပြီး ဘယ်သူ့လက်ချက်လဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီးနောက်ပိုင်းကတည်းက ၊ နယ်မြို့တချို့မှာ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံမှုတွေ ပေါ်လာသလို မြို့ကြီးအတော်များများမှာတော့ ဗုံးဖောက်ခွဲမှုတွေ ပစ်ခတ်လုပ်ကြံမှုတွေ ဖြစ်လာနေပါတယ်။

................................................................................

တိုက်ရိုက် လင့်ခ်


တာမှေ စီးပှားရေးဘဏျလုံခွုံရေးရဲ ပဈသတျခံရ

(Unicode)





XS
SM
MD
LG