သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်အနှံ့သတ်ဖြတ်မှုတွေနဲ့ ဖမ်းဆီးမှုတွေ အပြန်အလှန်ဖြစ်နေ


လှိုင်မြို့နယ်ထဲက အသတ်ခံရသူတဦး (ဓာတ်ပုံ - CJ)
လှိုင်မြို့နယ်ထဲက အသတ်ခံရသူတဦး (ဓာတ်ပုံ - CJ)

(Zawgyi/Unicode)

ရန်ကုန်မှာ စစ်ကောင်စီ သတင်းပေးအဖြစ်စွပ်စွဲခံရသူတဦးနဲ့ ကရင်ပြည်နယ် မြဝတီမြို့က စစ်ကောင်စီက ခန့်ထားတဲ့ ရာအိမ်မှုးတို့ ဒီကနေ့မှာ ပစ်သတ်ခံရပါတယ်။ တဖက်မှာလည်း PDF ကာကွယ်ရေးအဖွဲ့တွေကို အကူအညီပေးတဲ့သူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးတာတွေလည်း လုပ်နေပါတယ်။ ဒီသတင်းတွေ ရန်ကုန်က ပေးပို့ထားတာကို မဆုမွန် ပြောပြပါမယ်။

ရန်ကုန်တိုင်း လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင် ၁၀ လမ်းမှာ နေထိုင်တဲ့ စစ်ကောင်စီ သတင်းပေးလို့ သံသယရှိခံထားရသူ အာရုံဦး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်အေး ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီလုံခြုံရေးတပ်တွေက ရပ်ကွက်အတွင်း ဖမ်းတာဆီးတာမျိုးတွေ လုပ်ခဲ့တယ်လို့ လှိုင်မြို့ခံတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ပြောရမယ်ဆိုရင်တော့ စစ်ကောင်စီ သတင်းပေးပေါ့ဗျာ။ ကျွန်တော်တို့ စိတ်ထင် ဒီဟာတွေက ပြည်သူတွေက လုပ်တာလဲဖြစ်ချင်မှ ဖြစ်မယ်။ ပျူစောထီးတို့ဘာတို့ပေါ့နှော်၊ ပုံမှားရိုက်တာပေါ့၊ နိင်ငံတော် မဆူဆူအောင် လုပ်နေသလိုမျိုးပေါ့။ စစ်တပ်ဖက်က ပြောသလို ပြည်သူက လုပ်တယ်ဆိုတဲ့ ပုံမျိုး အသွင်ယူနေတာလားတော့ ကျွန်တော်တို့လဲ မပြောတတ်ဘူးပေါ့နှော်။ သူတို့ဟာ သူတို့ လုပ်ပြီးတော့ပဲ ရပ်ကွက်ထဲ ဝင်ပြီးတော့ လူတွေကို ဆွဲခေါ်သွားတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒီလို သေဆုံးမှုဖြစ်တော့ ရပ်ကွက်တွေ လမ်းတွေထဲ ဝင်ပြီးတော့ ရှာတာတွေ ရှိတယ်။ အဲ့မှာ ကျွန်တော်တို့ သေချာမေးလိုက်တာတော့ ၅ ယောက်လို့တော့ သေချာတယ်။ သက်ကြီးပိုင်းလဲပါတယ်။”

သီရိမြိုင် ၁၀ လမ်းမှာ အိမ်တံခါးတွေ ရိုက်ဖွင့်ပြီး စစ်ကောင်စီတပ်တွေက ရှာဖွေဖမ်းဆီးမှုတွေ လုပ်နေတဲ့အတွက် လူ ၅ ဦးနီးပါးလောက် ဖမ်းခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှုးတွေနဲ့ သတင်းပေးအဖြစ် သံသယရှိခံရသူတွေ ပစ်ခတ်ခံရမှုတွေ နေရာအတော်များများမှာ နေ့စဉ်ပေါ်ပေါက်လာနေပါတယ်။ ရန်ကုန်တိုင်း တစ်ခုတည်းမှာပဲ စစ်အာဏာသိမ်းမှု ၅ လ နီးပါးအတွင်း အုပ်ချုပ်ရေးမှုး အနည်းဆုံး ၉ ဦးဟာ ပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၂ ရပ်ကွက်က စစ်ကောင်စီခန့်အပ်ထားတဲ့ ရာအိမ်မှူး ဦးသန်းဌေးဟာလည်း ဇွန်လ ၂၃ ရက်ဒီကနေ့မနက်အစောပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ မြဝတီမြို့ခံ တစ်ဦးက ပြောပါတယ်။

“အမှတ် ၂ ရပ်ကွက်ရုံးက ရာအိမ်မှူးပေါ့၊ ဘယ်ဘက်ရင်အုံ နှစ်ချက်ပစ်ခံရတယ်ပြောတယ်၊ အိမ်မှာပဲ သူဆွမ်းလောင်နေတဲ့အချိန်ပေါ့။ မနက်အာရုံဆွမ်း ၆ နာရီ ၁၅ မိနစ် ၁၀ မိနစ်လောက်ဖြစ်မှာပေါ့။ (သူက)စစ်ကောင်စီကို အမြဲတမ်းလိုလို သတင်းပေးပြီးတော့ သိတယ်မလား၊ အဲ့လိုမျိုးပေါ့။ ဟိုကျောင်းသားတွေအဖမ်းခံရတဲ့ ကိစ္စမှာလည်း ပါဝင်ကူညီတာမျိုးဖြစ်နေတာပေါ့နော်။ အဲ့ကျတော့ ကျနော်ထင်တာက ဒီလိုမျိုးပဲ ဒလန်ပဲပေါ့ဗျ။ာ သူတို့ကျောင်းသားဆိုဒ်က ပြန်ကြည့်လို့ရှိရင် ဒလန်ပေါ့၊ အဲ့ဒါကိုပဲ သူတို့ဖြစ်ကြတယ်လို့ ထင်တယ်။”

အမည်မသိလက်နက်ကိုင်တဦးက မနက်အာရုံဦး ဆွမ်းလောင်နေချိန် ဦးသန်းဌေးနေအိမ်မှာ ကားအမဲရောင်နဲ့ လာပြီး ပစ်သတ်သွားတယ်လို့ ပြောပါတယ်။ ဝမ်းဗိုက်နဲ့ ရင်ဘတ်တွေမှာ သေနတ်ဒဏ်ရာရရှိထားပြီး မြဝတီဆေးရုံကနေ မော်လမြိုင်ဆေးရုံကို ပို့ဆောင်နေချိန် လမ်းမှာ သေဆုံးသွားခဲ့တာပါ။ ဆန္ဒပြပွဲတွေမှာ ကျောင်းသားလူငယ်တွေ အဖမ်းခံရတာ၊ ဖြိုခွင်းခံရတာတွေမှာ ဦးသန်းဌေးဟာ ပါဝင်ကူညီပြီး စစ်ကောင်စီကို သတင်းပေးနေသူ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တဖက်မှာတော့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူတွေ ကူညီသူတွေကို စစ်ကောင်စီဖက်က ဖမ်းဆီးအရေးယူတာမျိုးတွေလည်း ဆက်တိုက်ကြားနေရပါတယ်။

မုံရွာမြို့ အေးသာယာရပ်ကွက်က အငြိမ်းစားကျောင်းဆရာ မိသားစုကိုလည်း စစ်ဘေးရှောင်တွေနဲ့ PDF တွေကို ကူညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၆ နှစ်အရွယ် ကလေးအပါအဝင် တစ်မိသားစုလုံးကို ဇွန်လ ၂၁ ရက်နေ့က ဖမ်းဆီးသွားတာပါ။ သူတို့အပြင် အခြား လူငယ် ၃ ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။ ဒီကနေ့မနက်မှာ အဲဒီ ၆ နှစ်အရွယ်ကလေးကို ပြန်လွတ်ပေးလိုက်ပေမယ့် ကျန်လူတွေကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုထားတယ်လို့ မုံရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ဖို့အတွက် သူတို့တွေ ဒီပစ္စည်း ရိက္ခာတွေ စုထားတာရှိတယ် ပေါ့နှော်။ စုထားတာရှိတော့ သူတို့ ဒလန် သတင်းပေးကြောင့်မို့လို့ သူတို့အိမ်ကို ဝင်စစ်တဲ့ အခါမှာ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့တဲ့အတွက်ပေ့ါ ၅၀၅(က)နဲ့ စွဲသွားတယ်လို့ ကျွန်တော်တို့ ဒီလိုပဲ သိထားတယ်ဗျ။”

ဒါ့အပြင် မုံရွာမြို့ အရှေ့ဖက်ခြမ်းက ကျေးရွာတစ်ရွာကို ဒီကနေ့ စစ်ကောင်စီတပ်တွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက် ရှာဖွေဖမ်းဆီးမှုတွေ လုပ်နေတဲ့အတွက် သားအမိ ၃ ဦးနဲ့ လူငယ်တစ်ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီရွာရဲ့ သတင်းပေးဆိုသူတစ်ဦးလည်း ပစ်ခတ်ခံရပြီး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသားတွေမှာ လက်နက်တွေ ရှိတယ်ဆိုတဲ့ သံသယနဲ့ လိုက်လံရှာဖွေ ဖမ်းဆီးနေတာကြောင့် ရွာသာားတစ်ချို့ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

“အင်အားကတော့ တော်တော်များပုံရတယ်ဗျ။ ၃ ဖက် ၃ တန်က ပတ်ဝင်တာကိုးဗျ။ ၃ ဖက် ၃ တန်က ခြေလျင်တွေ ဝင်ကြတာဗျ။ တောထဲထွက်ပြေးနေတဲ့သူတွေကို သူတို့က လိုက်ဖမ်းနေတာပေါ့။ တကယ်တမ်းတော့ ကျွန်တော်တို့ဆီမှာ စစ်လက်နက်တွေ တူမီးတွေ ဘာညာရှိတယ်ဆိုတဲ့ သူတို့ဖက် သံသယလားတော့ မသိဘူးပေါ့ဗျာ။ အဲ့တာကြောင့် ထွက်ပြေးနေတဲ့ ပြည်သူတွေကို လိုက်ဖမ်းတာ သူတို့ကတော့။ သားအမိ ၃ ယောက်နဲ့ ကောင်ကလေးတစ်ယောက်ဆိုတော့ သူတို့ဖမ်းတာ ကြားထားတော့ ၄ ယောက်ပေါ့။ လုတာယက်တာတော့ မကြားရဘူးဗျ။ သေနတ်သံတွေတော့ ခဏခဏကြားနေရတယ်။ အခု ခုဏလေးကကို ကြားရတယ်ဗျ။ ဒီညနေပိုင်းကကို ကြားရသေးတယ်။”

ပဲခူးမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ဖူးတဲ့ မိသားစုကို စစ်ကောင်စီတပ်တွေက ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းကပဲ ဒေါက်တာတေဇာဆန်းရဲ့ ဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့က ရွှေအိုးရ ကျေးရွာမှာ စစ်ကောင်စီ အင်အားအများအပြားနဲ့ ဝင်ရောက် ဖမ်းဆီးမှုတွေ လုပ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး ၅ ယောက် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို အဖမ်းအဆီးတွေရှိနေချိန်ပေမယ့်လည်း နေရာတချို့မှာ ဆန္ဒပြမှုတွေကလည်းရှိနေဆဲပါ။ ရန်ကုန် အပါအဝင် မြို့တစ်ချို့မှာ "အားတင်းထားပါ မန္တလေး၊ မင်းတို့နောက်မှာ ငါတို့ရှိတယ်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့မှာ လူငယ်တွေဦးဆောင်တဲ့ ပျောက်ကြားသပိတ်ဆင်နွဲကြပါတယ်။ မနေ့ကပစ်ခတ်မှုတွေရှိခဲ့တဲ့ မန္တလေး နေရာတချို့မှာ ဒီကနေ့ဆန္ဒပြသပိတ်မှောက်ကြသလို မုံရွာ၊ ကလေး၊ ပေါင်၊ မြင်းခြံ၊ မိုးညှင်း၊ ယင်းမာပင်၊ ဆားလင်းကြီး၊ တန့်ဆည်မြို့တွေ မှာလည်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။

............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)

















XS
SM
MD
LG