သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တွံတွေးမြို့နယ် အိမ်တချို့ ဝင်ရောက်စီးနင်းခံရတဲ့ အခြေအနေ (မျက်မြင်သက်သေပြောပြချက်) 


မတ်လ ၁၂ ရက်နေ့က တွံတွေးမြို့ဆန္ဒပြပွဲအတွင်း ရာဘာကျည်နဲ့ ပစ်ခတ် လူစုခွဲ (Citizen Journalist )
မတ်လ ၁၂ ရက်နေ့က တွံတွေးမြို့ဆန္ဒပြပွဲအတွင်း ရာဘာကျည်နဲ့ ပစ်ခတ် လူစုခွဲ (Citizen Journalist )

(Zawgyi/Unicode)

ရန်ကုန်တိုင်း တွံတေးမြို့နယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေကို လွန်ခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်တပ်ကနေ ပြင်းပြင်းထန်ထန်ဖြိုခွဲနှိမ်နင်းနေရာမှာ သေဆုံးသူ လေးယောက်ရှိခဲ့ပြီး ကျေးရွာနေအိမ်တွေထဲကိုလည်းဝင်ရောက် ဖျက်စီးလုယက်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ကြာသာပတေးနေ့က ဇီးဖြူကုန်းရွာ နေအိမ်တွေထဲကို စစ်တပ်ဝင်ရောက်ပြီး ငွေသားနဲ့ ပစ္စည်းတွေ လုယက်ယူဆောင်သွားတဲ့အခြေအနေနဲ့ ပတ်သက်လို့ မျက်မြင်သက်သေတဦးဖြစ်တဲ့ ရွာသား ကိုချမ်းမြေ့အောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားရာမှာ သူက အခုလို စပြောပါတယ်။

ကိုချမ်းမြေ့အောင်။ ။ ဒီနေ့ ညနေ ၃ နာရီလောက်မှာ စစ်ကား ၃ စီးရယ်၊ ရဲကား ၁ စီးရယ်ပေါ့ ဇီးဖြူကုန်းကျေးရွာကို ရောက်လာတယ်ခင်ဗျ။ ဇီးဖြူကုန်းကျေးရွာအနောက်ပိုင်းကနေစဝင်ပြီးတော့ အဲဒီမှာ ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်စိုးေ၀ အိမ်ကို ဝင်တယ်ခင်ဗျ။ ဝင်တဲ့အခါကျတော့ အိမ်ရှေ့တံခါးတွေ ပိတ်ထားတော့ အိမ်နောက်ဖေးကနေ ခြံစည်းရိုးတွေ ဖျက်ပြီးတော့ ဝင်တယ်။ ပြီးတော့ အိမ်ကိုလည်း တံခါးတွေ ဖျက်ပြီးတော့ ဝင်တယ်ပေါ့နော်။ ပြီးတော့ အထဲရောက်တော့ ဒန်အိုးဒန်ခွက်တွေအကုန်လုံး အင်္ကျီထည့်တဲ့ ဘီဒိုတွေကအစ ရိုက်ခွဲတယ်။ ရိုက်ခွဲပြီးတော့ အထဲမှာ ရှိတဲ့ ပိုက်ဆံ ၁၅ သိန်းရော ၊ စာချုပ်စာတမ်းတွေ၊ အခြား စာရွက်စာတမ်းတွေကိုလည်း ယူသွားတယ်။ နောက်ပြီးတော့ ရေခဲသေတ္တာမှာရှိတဲ့ တန်ဖိုးရှိတဲ့ အစားအသောက်တွေကိုလည်း ယူသွားတယ်။ ယူသွားပြီးတော့ ရွာလမ်းမတလျှောက်ကို ကျည်အစစ်နဲ့ သေနတ် ၁၃ ချက် ပစ်ခတ်သွားတယ်။ ပစ်ခတ်သွားတဲ့အခါကျတော့ ရွာလယ်ပိုင်းတို့ရွာ အရှေ့ပိုင်းမှာရှိတဲ့ အိမ် ၄ လုံးလောက်ကိုလည်း ဆက်ဝင်သွားတယ်ခင်ဗျ။ အဲဒီအိမ်တွေမှာရှိတဲ့ Bluetooth box တို့ ထမီတို့ကအစ တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုလည်း ယူသွားတယ်ခင်ဗျ။ နောက်ပြီးတော့ ယုတ်ကြမ်းတမ်းစွာ အော်ဟစ်ဆဲဆိုတယ်ခင်ဗျ လမ်းမတလျှောက်လေ။ ပြီးတော့ ၄ နာရီခွဲလောက်မှာ ပြန်ထွက်သွားတယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ သူတို့ ပစ်မှတ်ထားပြီးတော့ ဝင်ရောက်စီးနင်းတဲ့ အိမ်တွေက တကယ်တမ်း သပိတ်တို့ ဆန္ဒပြပွဲတွေကို အားပေး ထောက်ပံ့နေတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ အိမ်တွေကို အဓိကထားပြီးတော့ ဝင်ရောက်စီးနင်းတာလားရှင့်။

ကိုချမ်းမြေ့အောင်။ ။ ဟုတ်ကဲ့ သူတို့က အဓိက ခေါင်းဆောင်တယ်ဆိုတာထက် ပြည်သူများနဲ့အတူ ပါဝင်ပြီးတော့ ဆန္ဒပြနေတဲ့ လူတွေခင်ဗျ။ အဲဒီထဲကမှ သူတို့က ဒီလိုလူတွေ သိနိုင်အောင်လို့ သတင်းပေးနေတဲ့ ကျနော်တို့ ကျေးရွာထဲမှာ ဒလံတွေရှိတယ် ။ သူတို့က ဘယ်သူတွေလဲဆိုတော့ ကြံ့ခိုင်ရေးကို ထောက်ခံတဲ့ လူနည်းစု အုပ်စု တချို့ရှိတယ်ခင်ဗျ။ အဲဒီလူတွေက သတင်းပေးတယ် ၊ ဘယ်သူတွေက သွားနေတယ်။ ဒီကျေးရွာမှာ စုစုပေါင်း လူဦးရေ ဘယ်လောက်က ဆန္ဒသွားပြနေတယ်။ ဘယ်သူတွေက ဦးဆောင်နေတယ် အဲလို သတင်းတွေပေးပြီးတော့ပေါ့နော် ဒီအကြမ်းဖက် လုပ်ရပ်တွေကို ဖြစ်မြောက်လာအောင် တွန်းအားပေးတာမျိုး ရှိတယ်ခင်ဗျ။ အဓိက ကျနော်တို့ ကျေးရွာ ဒလံ ကတော့ လူနည်းစု ကြံ့ခိုင်ရေးပါတီနဲ့၊ ဒီအကြမ်းဖက် စစ်အုပ်စုကို ထောက်ခံနေတဲ့ လူနည်းစု ဖြစ်တယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ အဲလိုမျိုး သတင်းပေးပေါ့နော် ဘယ်အိမ်တွေက ဘယ်မှာ ရှိတယ်ဆိုတာမျိုး အဲလိုမျိုး သတင်းပေးလို့ စောစောက ပြောသွားတဲ့ ကိစ္စက အတိအကျ ဘာကြောင့်ပြောနိုင်တာလဲ။

ကိုချမ်းမြေ့အောင်။ ။ ကျနော်တို့ ဘာကြောင့် အတိအကျ ပြောနိုင်သလဲဆိုတော့ ကျနော်တို့က ဒီမိုကရေစီကို လိုလားတယ်၊ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် ဒီမိုကရေစီ ရွေးကောက်ပွဲ တော်တော်များများအခြေအနေကို ပြန်သုံးသပ်ကြည့်လို့ရတယ်။ ဒီမိုကရေစီကို လိုလားလို့ မဲတွေ ပေးကြတယ်။ အဲလိုအခြေအနေမျိုးမှာမှ အာဏာသိမ်းလိုက်တယ်ဆိုတဲ့ အခြေအနေကို စပြီးတော့ ပျော်ရွှင်နေတဲ့ အုပ်စုတွေရှိတယ်။ နောက်တခုက ပြည်သူအများ ဆန္ဒထွက်ပြနေတဲ့အခါမှာ မလိုတမာနဲ့ အမြဲတမ်း ဆဲဆိုနေတာတွေရှိတယ်။ နောက်တခုက ကျနော်တို့ တွံတေးမြို့ကို အကြမ်းဖက် စစ်အုပ်စုကနေစပြီး အင်အားအလုံးအရင်းနဲ့ အကြမ်းဖက်ပြီးတော့ လူူ ၄ ဦးသေဆုံးပြီးနောက်ပိုင်းမှာ သူတို့ လှုပ်ရှားမှုတွေက ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူအုပ်စုတွေရဲ့ လှုပ်ရှားမှုတွေ အခြေအနေတွေ၊ အချက်အလက်တွေကို လိုက်ကောက်တာမျိုး ချောင်းမြောင်း ကြည့်ရှု့တာမျိုး သွားပြီးမြို့ပေါ်တက်ပြီးတော့ ဒီ စစ်အုပ်စုကို သွားပြီးတော့ သတင်းပေးနေတယ်ဆိုတဲ့ဟာတွေ မသင်္ကာစရာအခြေအနေတွေ တော်တော်များများကို ကျနော်တို့ တွေ့နေရတယ်။ လက်ရှိ ဒီနေ့မှာလည်း ဒီ စစ်အုပ်စုကလာတဲ့ ကားပေါ်မှာလိုက်ပြီးတော့ အိမ်တွေ လက်ညှိုးထိုးပြတယ်ဆိုတာမျိုးအထိ ကျနော်တို့ သိထားတယ်။ အဲဒါတွေကြောင့် ကျနော်ပြောနိုင်တာပါ။

တိုက်ရိုက် လင့်ခ်


...........


(Unicode)







XS
SM
MD
LG