သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာရ


အကာအကွယ်အပြည့်ယူလာတဲ့ ရန်ကုန်က ရဲစခန်းများ (ဓာတ်ပုံ- Courtesy)
အကာအကွယ်အပြည့်ယူလာတဲ့ ရန်ကုန်က ရဲစခန်းများ (ဓာတ်ပုံ- Courtesy)

(Zawgyi/Unicode)

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကခန့်အပ်တဲ့ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဖြစ်နေတာမှာ ဒီနေ့လည်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်အပါအဝင် မြို့နယ်တချို့က အုပ်ချုပ်ရေးမှူးတွေ သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်ခံရပါတယ်။ အလားတူ စစ်ကိုင်းတိုင်းမှာ NLD ပါတီဝင်တယောက် ပစ်သတ်ခံရပါတယ်။ ခုလို ဥပဒေမဲ့ပစ်သတ်မှုတွေ ဖြစ်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်ကပြောပြပါမယ်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှုး ဦးမိုးကြီး ဒီကနေ့ မနက်ပိုင်းက သူ့ရဲ့ နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပါတယ်။ အိမ်ရှေ့မှာ လူ နှစ်ယာက်က သေနတ်နဲ့ပစ်သွားလို့ နားရွက်ထိမှန်ခဲ့တယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက VOA ကို ပြောပါတယ်။

“သံတံတားလမ်းက အုပ်ကြီး အပစ်ခံရတဲ့ကိစ္စက အခုလောလောဆယ်တော့ သံတံတားလမ်းနဲ့ တရုတ်ကျောင်းလမ်းကြားက မောင်မိုးဆိုတဲ့ အုပ်ကြီးပေါ့နှော်။ အဲ့တစ်ယောက်ပစ်ခံရတာဗျ။ သူအပစ်ခံရတဲ့ပုံစံက လောလောလတ်လတ် လူ နှစ်ယောက်လောက်က သူ့အိမ်ရှေ့ကိုလာပြီးတော့ ပစ္စတိုနဲ့ ပစ်သွားတာလို့ပြောတယ်။ လောလောလတ်လတ် ပစ်သွားတာက နားရွက်ပဲထိတယ်လို့လည်း အတိအကျသိရတယ်ပေါ့နော်။ အစစ်အဆေးကတော့ တောက်လျှောက်ကို စစ်ကောင်စီတပ်က လမ်းတွေပိတ်ပြီးကို ကားတွေရော၊ လူတွေရော၊ ဖုန်းတွေရော စစ်ဆေးတာတွေ အကုန်လုပ်နေကြတယ်ဗျ။ ဖမ်းသွားတာတော့မရှိဘူးဗျ။”

မနေ့တုန်းကလည်း လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခေါင်းမှာ သေနတ်မှန် သေဆုံးခဲ့ပါတယ်။ သူဟာ ရန်ကုန်တိုင်းထဲမှာ ပစ်မှတ်ထားပြီးသတ်ခံရပုံရှိတဲ့ အုပ်ချုပ်ရေးမှူးတွေထဲက ၈ ယောက်မြောက် သေဆုံးသူဖြစ်ပါတယ်။ သူပစ်သတ်ခံရပြီး သေဆုံးနေတဲ့ပုံကို ဓာတ်ပုံရိုက်ပြီး Facebook လူမှုကွန်ယက်ပေါ် တင်ခဲ့သူတချို့ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ လှိုင်သာယာမြို့နယ်ထဲမှာ နေသူက ပြောပြပါတယ်။

“အဲ့ဒီ အခင်းဖြစ်ပွားတဲ့နေရာမှာ ဓာတ်ပုံရိုက်ပြီးရင် အဲ့အကြောင်းကို Facebook ပေါ်တင်တဲ့၊ ပြီးရင် အဲ့အနီးအနားမှာတွေ့တဲ့ ကျောင်းသား ၂ ယောက် အကုန်ပေါင်းရင် ၆ ယောက်ပေါ့၊ အဲ့ ၆ ယောက်ကို သူတို့က အဲ့နေ့တနေ့ထဲမှာတင် ဖမ်းတယ်။ ပြီးရင် သူတို့ သူငယ်ချင်းတွေ ဖမ်းခံရပါတယ်ဆိုတာကို Speak Out လုပ်တဲ့ တယောက်ကိုကျတော့ ညတွင်းချင်းဝင်ဖမ်းတယ်။ အဲ့နေ့တနေ့တည်းမှာတင် ညဖက် ဝင်ဖမ်းတယ်ပေါ့၊ စုစုပေါင်း ၇ ယောက်ပေါ့။”

ခုလို စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံနေရသလို စစ်ကိုင်းတိုင်း ကနီမြို့က မုဌောရွာမှာလည်း NLD ပါတီဝင် အမျိုးသားတဦး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ ဇွန်လ ၁၆ ရက် ည ၉ နာရီဝန်းကျင်လောက်က အပစ်ခံရတာလို့ ဒေသခံတဦးက ပြောပြပါတယ်။

“တော်လှန်ရေးလှုပ်ရှားသူတော့ မဟုတ်ဘူး၊ NLD ပါတီဝင်တော့ ဟုတ်တယ်ဗျ။ သူက ရွေမြို့က ပြန်လာတာ ရက်ပိုင်းပဲရှိသေးတယ်။ သူ့မိန်းမက နောက် ၄ ၊၅ ရက်လောက်ဆို မီးဖွားမှာမို့ ပြန်လာခဲ့တာ။ မနေ့ညက ၉ နာရီခွဲလောက်အချိန်မှာ ထိန်းခနဲ အသံကြားလိုက်တော့ ဘေးကနေ သူ့မိန်းမက ကျောက်ခဲနဲ့ အိမ်ကို ပစ်တယ်ထင်တာတဲ့ ဖုန်းမီးလေး ဖွင့်ကြည့်လိုက်တော့ သူ့ယောက်ျား ပါးစပ်ထဲကနေ သွေးတွေ ပွက်ထွက်လာတယ်တဲ့။ သွေးအန်တယ်လို့ပဲထင်တာပေါ့၊ သေနတ်သံက ဘေးကလို့ပဲထင်လိုက်တာတဲ့။ အဲ့မှာ တစောင်းအိပ်နေတာကို နားထင်ကို ပစ်လိုက်တာ။ ကျည်ဆန်က ဟိုဘက် ပေါက်မထွက်ဘူး။ သူက လွန်ခဲ့တဲ့ တရက် နှစ်ရက်လောက်တုန်းက သူတို့ရွာမှာ ပျူစောထီးအဖွဲ့က သင်တန်းတွေဘာတွေ လုပ်မယ်ကြားတော့ ငါနဲ့ကိုင်ပြီး ဆဲတာတွေ ပြောတာတွေတော့ ရှိခဲ့တာပေါ့။ ဒါပေမယ့် သူတို့ပါတယ်လို့တော့ မစွပ်စွဲသေးဘူးပေါ့လေနော်။ သူက အဲ့လို လုပ်မိတာပဲရှိတာ သက်သေကတော့ ဘယ်က ပစ်တယ် ဘယ်လိုဆိုတော့မျိုးတော့ မသိသေးဘူး။”

ပျူစောထီးဆိုတာကတော့ စစ်တပ်လိုလားသူတွေ ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက NLD ပါတီဝင် ပစ်သတ်ခံရမှု ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပါဘူး။
မနေ့တုန်းကလည်း ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်က ဒုတိယပညာရေးမှူးတယောက် သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ ပညာရေးမှူး အသတ်ခံရတာနဲ့ပတ်သက်လို့ လက်နက်ကိုင် အကြမ်းဖက်သူတွေက အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်နေတာဖြစ်တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။

တခါ မကွေးတိုင်း တောင်တွင်းကြီးမြို့မှာလည်း မနေ့ညက ရဲတချို့ သေနတ်နဲ့ ပစ်ခံရပါတယ်။ စစ်ကောင်စီတပ်တွေကို သတင်းပေးတဲ့သူအဖြစ် ယူဆထားကြတဲ့ ပခုက္ကူမြို့က PPP ပါတီဝင် အမျိုးသား တဦးဟာလည်း မနေ့က ဓားဒဏ်ရာ ၁၃ ချက်နဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလို လက်သည်မပေါ်တဲ့ ဥပဒေမဲ့ ပစ်သတ်မှုတွေ ဓါးထိုးမှုတွေ ဖြစ်နေသလို ဗုံးအသေးစား ပေါက်ကွဲမှုတွေလည်း မြန်မာနိုင်ငံမှာဖြစ်နေပါတယ်။

ရန်ကုန်မြို့မှာ မနက် ၅ နာရီအချိန်လောက်က ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်က စစ်ကောင်စီရဲ့ လူကယ်ပြန် ဝန်ကြီး ဒေါ်သက်သက်ခိုင်ပိုင်ကုမ္ပဏီ ဆောက်လုပ်နေတဲ့ 68 Resident ကွန်ဒိုမှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေ အသေအချာ မသိရသေးပါဘူး။
ပဲခူးမြို့က ရပ်ကွက်ကြီး ၆ အုပ်ချုပ်ရေးမှုးရုံးနဲ့ မြို့နယ် အခွန်ရုံးတို့မှာလည်း ဒီနေ့ မနက် အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးနဲ့ ရုံးအကူတို့ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။ နေ့လည် ၁၂ နာရီဝန်းကျင်မှာ မြို့နယ် လျှပ်စစ်ရုံးနားမှာ နောက်ထပ် ဗုံးတစ်လုံး ထပ်ပေါက်ကွဲခဲ့ပါတယ်။

မကွေးတိုင်း သရက်မြို့က ကလေးအထူးကု ဆရာဝန်ကြီးနေအိမ်နဲ့ စည်ပင်အမှုဆောင်အရာရှိနေအိမ်တွေမှာလည်း ဒီကနေ့ မနက်ပိုင်းက ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။
ဇွန် ၁၆ ရက်ညကတော့ ရန်ကုန် ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးချုပ်ရှေ့မှာ ဗုံးပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ CCTV လုံခြုံရေးကင်မရာတွေက ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ အိမ်စီးကားတစီးပေါ်ကနေ ဆင်းလာတဲ့လူတစ်ဦးက ရုံးချုပ်ရှေ့မှာ အထုတ်တထုတ်ကို ချခဲ့ပြီး မောင်းပြေးသွားတာကို မြင်တွေ့ရပါတယ်။

...........................................................................

တိုက်ရိုက် လင့်ခ်



(Unicode)












XS
SM
MD
LG