သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမှာ စစ်ကောင်စီတပ်နဲ့ PDF အပြန်အလှန်ပစ်ခတ်


PDF တပ်ဖွဲ့နဲ့မြန်မာ စစ်တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် ( ဓာတ်ပုံ - Courtesy)
PDF တပ်ဖွဲ့နဲ့မြန်မာ စစ်တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် ( ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

မန္တလေးမြို့မှာ စစ်တပ်နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF-Mdy တို့ ဒီနေ့ ဇွန်လ ၂၂ ရက်နေ့ မနက်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း လက်နက်ကိုင်တွေဖက်က ၄ ယောက်သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။ မန္တလေးလိုမြို့ကြီးတမြို့မှာ ပစ်ခတ်မှုတွေ ရှိလာတဲ့အပေါ် မြို့ခံတွေ ထိတ်လန့် စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ဒီကနေ့ ဇွန် ၂၂ ရက် မနက်အစောပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၅၄ လမ်း ၁၁၁ လမ်းထောင့်က အဆောက်အဦးတခုကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေရာကနေ ၂ ဖက်အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တာပါ။ မန္တလေးမြို့မှာ ဖောက်ခွဲ ဖျက်ဆီးရေးလုပ်မယ့်သူတွေ ခဲယမ်းတွေနဲ့အတူ ခိုအောင်းနေတယ်ဆိုတဲ့ သတင်းရလို့ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ရှာဖွေစဉ်၊ လက်ပစ်ဗုံးတွေ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်တာ ခံခဲ့ရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း အကြမ်းဖက် အဖွဲ့ဖက်က ၄ ယောက် သေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မနက်က ဖြစ်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ မန္တလေး PDF က ဗိုလ်ဇီးကွက်က အခုလိုပြောပြပါတယ်။

“အဖွဲ့ပေါ့နော် ၊ အဖွဲ့ငယ်လေးတဖွဲ့ပေါ့ ။ ထားထားတဲ့နေရာကို ဝင်စီးသွားတာခင်ဗျ။ ဝင်စီးသွားတော့ အတွင်းထဲမှာ ကျွန်တေ်ာတို့က လက်နက်က ၂ ခုပဲရှိတယ်ခင်ဗျ။ အဲ့မှာ ထားထားတာ။ ၂ ခုပဲရှိတော့ ၂ ခုနဲ့ခံပစ်တယ်။ ခံပစ်တော့ အဓိက က သူတို့ဘက်က အင်အားများတယ်။ နောက်ပြီးတော့ RPG သုံး သွားတယ်ခင်ဗျ။ ကျွန်တော်တို့ လက်ကျန်အဖွဲ့တွေက ကျတော့ အပြင်ဘက်ကနေ ကယ်လို့ရသလောက် ကယ်ထုတ်ပေမယ့် အင်အားမမျှလို့ ပစ်ဆုတ် ဆုတ်ရတယ်ပေါ့။ နောက်ဆုံးတော့ အထဲကလူ ၈ ယောက်ပေါ့နော် အထဲမှာရှိတဲ့ လူ ၈ ယောက်ကတော့ အကုန်ပါသွားတယ်။ ကျွန်တော်တို့ဘက်က အတည်ပြုလို့ရတာက ကျွန်တော်တို့က PDF Mdy နဲ့ ရပ်တည်နေတယ်။ အဲ့လိုပဲ ကျွန်တော်တို့နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေရှိတယ်။ မနက်က ကျွန်တော်တို့ထဲက အဖွဲ့ငယ် တဖွဲ့ဖြစ်တဲ့အချိန်မှာ PDF Mdy တွေကလည်း အဖွဲ့တဖွဲ့ပေါ့။ အဖွဲ့တဖွဲ့ဝင်စီးခံရချိန်မှာ ကျန်တဲ့ Mdy PDF တွေကလည်း ပြန်ဝိုင်းတယ်။ ကျန်တဲ့ မိတ်ဖက် အဖွဲ့အစည်းတွေကလည်း လာဝိုင်းပေးတယ်ခင်ဗျ။ အဲ့မိတ်ဖက် အဖွဲ့အစည်းဘက်ကတော့ ၃ ယောက်ကျသွားတယ်။ ကျွန်တော်တို့ Mdy PDF အနေနဲ့ကတော့ အဲ့တိုက်ထဲက လူအကုန်ပါသွားတယ်။ အကျအဆုံးစာရင်းကိုတော့ အတည်မပြုနိုင်ဘူး။ သူတို့ဘက်ကတော့ လေးမျက်နှာ ၂ ယောက်ကျတယ်ပေါ့။ ၄ မျက်နှာဘက်က ခေါင်းဆောင်တယောက်ထိတယ်။ အတည်ပြုတာကတော့ လေးမျက်နှာဘက်မှာ ၂ ယောက်ကျတယ်ဆိုတာကတော့ အတည်ပြုနိုင်တာပေါ့။

ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့နေရာနားက မနော်ဟရီလမ်းပေါ်မှာရှိတဲ့ လေးမျက်နှာဘုရားမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေကို သူကပြောနေတာပါ။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပေမဲ့ ကျဆုံးတယ်လို့ ပြောမထားပါဘူး။ အတည်ပြုဖို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ၅၄ လမ်းမှာ စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်မှုအတွင်း ၄ ယောက်သေဆုံးခဲ့သလို၊ ပစ်ခတ်နေချိန် ၅၃ လမ်းမှာ စစ်ဆေးနေတဲ့ ကားတစီးပေါ်ကလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ထွက်ပြေးသွားခဲ့လို့ လိုက်လံ ပိတ်ဆို့ ဖမ်းတာမှာ ၅၆ လမ်းနဲ့ ၁၁၀ လမ်းဒေါင့်မှာရှိတဲ့ ထရန်စဖော်မာကို ဝင်တိုက်မိပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အခုလို မန္တလေးမြို့ထဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်တာကြောင့် ရပ်ကွက်အတွင်း နေထိုင်သူတွေ အတော် ထိတ်လန့် ကြောက်ရွံ့ခဲ့ကြတယ်လို့

ရပ်ကွက်ထဲ နေထိုင်သူတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အခြေအနေကို မျက်မြင်တယောက်က ဗီအိုအေကို ခုလိုပြောပြပါတယ်။

“ကြည့်မိလိုက်တော့ သူတို့က အရပ်ဝတ်တွေ သေနတ်တွေနဲ့ဆင်းလာပြီးတော့ အိမ်ထဲက အရင်စပစ်လိုက်တယ်။ စပစ်လိုက်ပြီးတော့ သူတို့က အကာအကွယ်ယူ ဘာညာဖြစ်ရင်းနဲ့ နောက် သူပစ်ကိုယ်ပစ် ပစ်နေရင်းနဲ့ နောက်ဆုံး စစ်ကားတွေ တန်းစီပြီးတော့ ကားသေး ၄ စီးရောက်လာတယ်။ ကားသေး ၄ စီးရောက်လာပြီးတော့ ကားကြီး ၅ စီး နောက်ထပ် ထပ်ရောက်တယ်။ ကားကြီး ၅ စီးရောက်လာပြီး ကားအသေးတွေကော အကြီးတွေကော ဆက်တိုက်ရောက်လာတာ အစီး ၂၀ နီးနီးလောက် ရှိမယ်။ စစ်တပ်က ၅၄ လမ်းမှာ သူတို့က ၅၄ လမ်းက ကိုယ်ပိုင် အထက်တန်းကျောင်းကို မဲနေတဲ့အချိန် အရှေ့ ၅၃ ကနေပစ်လိုက်တော့ အရှေ့ပစ် အနောက်ပစ်နဲ့ အကုန်ဝိုင်းပြီးပစ်ကြတော့ ကျွန်တော်တို့လည်း နီးစပ်ရာ အိမ်တွေထဲ ဝင်ပြေးပြီး ပုန်းရတာ။ အဲ့လောက်ပဲ ကျွန်တော်လည်းသိတယ်။ ရှင်းရှင်းပြောရရင် အကုန်လုံးက ကြောက်နေကြတာ အိမ်ထဲက အိမ်ပြင် မထွက်ရဲဘူး။ ကျွန်တော်တို့ မြရည်နန္ဒာ ထွန်တုံးတကြော အကုန်လုံးက လူကိုမရှိတော့ဘူး။ အခုတော့ စိုးရိမ်နေကြတယ်။ စိုးရိမ်နေကြတယ်ဆိုတာ့ ဘယ်လိုပြောမလဲ တချို့က ရှောင်တဲ့သူတွေက ရှောင်တယ်။ တချို့ဆို အိမ်တံခါးပိတ်ပြီးတော့ အိမ်ထဲမှာတင် နေကြတဲ့သူတွေများတယ်။ အပြင်ဘက်ကို မထွက်ကြဘူး။ အခုက လူငယ်တွေက အစ မိဘတွေအဆုံး အိမ်ထဲက အိမ်ပြင်ကို မထွက်ခိုင်း ကြဘူး။”

မန္တလေးမြို့မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ၊ ကနေဒါ ၊ ပြင်သစ်သံရုံးတို့ကလည်း စိုးရိမ်ကြောင်း ထုတ်ပြန်ထားကြပါတယ်။ မန္တလေးမြို့ ပစ်ခတ်တာနဲ့ ပတ်သက်လို့ အရပ်သား သေဆုံး ဒဏ်ရာ ရတယ်ဆိုတဲ့ သတင်းတွေအပါအဝင် ပစ်ခတ်မှုသတင်းတွေကို စောင့်ကြည့်နေပြီး စစ်မက်ရေးရာ တင်းမာလာနေတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့လည်း တိုက်တွန်းထားပါတယ်။

မန္တလေးမှာ စစ်တပ်တပ်စွဲထားတဲ့ နေရာတွေမှာ မကြာခဏဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ခုလို စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်တာ ဒီနေ့ ပထမဆုံးဖြစ်ပါတယ်။ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် မြို့ပေါ် နေရာတော်တော်များများမှာ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးနေသလို လုံခြုံရေး တင်းကြပ်ထားပါတယ်။

....................................................................

တိုက်ရိုက် လင့်ခ်



(Unicode)



မနကျက ဖွဈခဲ့တဲ့အခွအေနနေဲ့ ပတျသကျလို့ မန်တလေး PDF က ဗိုလျဇီးကှကျက အခုလိုပွောပွပါတယျ။










XS
SM
MD
LG