သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှုးတဦးနဲ့ပညာရေးမှုးတဦးသတ်ခံရ


ထားဝယ်မြို့ပေါ် လျှပ်တပျက်သပိတ်တခု ( ဓာတ်ပုံ - Dawei Watch)
ထားဝယ်မြို့ပေါ် လျှပ်တပျက်သပိတ်တခု ( ဓာတ်ပုံ - Dawei Watch)

(Zawgyi/Unicode)

စစ်တပ်က အာဏာသိမ်းတာ ၅ လနီးပါးရှိလာနေချိန်ထိ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေ ဆက်ရှိနေသလို စစ်ကောင်စီလက်ထက်မှာ အုပ်ချုပ်ရေးမှုးဖြစ်လာသူ၊ သတင်းပေးအဖြစ် ကျော်ဇောသူတစ်ချို့ သတ်ဖြတ်ခံရတာမျိုးတွေလည်း ရှိလာနေတာပါ။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန် ပြောပြပေးပါမယ်။

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦး ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ သန်လျင်မြို့နယ် ကျောက်တန်းမှာလည်း စစ်ကောင်စီလက်ထက်မှာ ပညာရေးမှုးဖြစ်လာတဲ့ ကျောက်တန်းမြို့နယ် ပညာရေးမှုးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ ပစ်ခတ်မှုတွေမှာ ဘယ်သူဘယ်ဝါ ကျူးလွန်တယ်ဆိုတာကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေး တာဝန်ရှိသူအချို့နဲ့ သတင်းပေးအဖြစ် ကျော်ဇောသူအချို့ ဆက်တိုက်ဆိုသလို လုပ်ကြံခံခဲ့ရပေမယ့် ပညာရေးဝန်ထမ်းတစ်ဦး လုပ်ကြံပစ်သတ်ခံရတာတော့ ဒါဟာ ပထမဆုံးဖြစ်ပါတယ်။

အသတ်ခံရသူ ကျောက်တန်းမြို့နယ် ပညာရေးမှုး ဦးအေးထွန်းဟာ အရင်တုန်းက ဒုတိယပညာရေးမှုးဖြစ်ပြီးတော့၊ CDM လုပ်လိုက်တဲ့ ပညာရေးမှုးနေရာမှာ စစ်ကောင်စီက အစားထိုးခန့်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုငးမှာပဲ ကျောက်တန်းအထက(၁) ကျောင်းရှေ့မှာ ပစ်သတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ လှိုင်သာယာမြို့နယ်က ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှုးဆိုသူကတော့ အမှတ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးလှဦးဖြစ်ပြီး ဒီကနေ့ မနက် ၉နာရီဝန်းကျင်မှာ လှိုင်သာယာ ပင်လုံဈေးရှေ့မှာ ပစ်ခတ်ခံရတာပါ။ အခုလို အုပ်ချုပ်ရေးမှုးတွေ လုပ်ကြံခံနေရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း ကျေးရွာ ရပ်မိရပ်ဖတဦးက သူ့အမြင် ဗွီအိုအေကို အခုလို ပြောပါတယ်။
“ရပ်ကျေးတွေမှာပေါ့ ၊ ဒီကျေးရွာတွေမှာပေါ့နော် ။ တပ်နဲ့စစ်ကောင်စီနဲ့ခွဲပြီးတော့ အလုပ်လုပ်ကြတဲ့အခါ မှားယွင်းတဲ့ အပြုအမူတွေနဲ့လုပ်ပြီး အုပ်ချုပ်ပြီးဆောင်ရွက်နေတဲ့ အနေအထားတွေ ရှိနေတဲ့အခါကြတော့ ရပ်ကျေးပြည်သူတွေကနေပြီးတော့ သူတို့အုပ်ချုပ်မှုပိုင်းလုပ်လိုက်မှ ဒုက္ခတွေရောက်ကြတယ်။ အခက်အခဲတွေဖြစ်ကြရတယ်။ ရွာကနေ ထွက်ပြေးကြရတယ်။ ဒီလူတွေလုပ်လိုက်မှ ပိုပြီးတော့ အကြောက်တရားတွေရှိလာတဲ့ အခါကြတော့ သူတို့ရှိနေရင်ပိုပြီးတော့ အန္တရာယ်ရှိတယ်ဆိုပြီးတော့ အဲသလိုမျိူးလည်း ပြသနာတွေ အများကြီး ရှိနေကြတယ်။”

ထိုင်း မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ စစ်တပ်သတင်းပေးလို့ စွပ်စွဲခံရသူတစ်ဦး ဒီကနေ့ နေ့လည်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ ဒေါင့်ကြီးရွာက စစ်တပ်သတင်းပေးသူလို့ ဒေသခံတွေ ယူဆထားတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးဟောင်တစ်ဦးလည်း ဒီနေ့ မနက်ပိုင်းမှာ ဓားနဲ့ ခုတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဒီကနေ့မှာ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲတွေ အချို့မြို့တွေမှာ ဖြစ်ခဲ့ပေမယ့်၊ ရန်ကုန်မှာတော့ ဆန္ဒပြမှုတွေ ဒီနေ့မရှိပါဘူး။

“ပြောပြလို့ မရသေးတဲ့ ဒီရက်ပိုင်းလုပ်စရာ အစီအစဉ်လေးတွေ ရှိတယ်ပေါ့နှော်။ အဲ့ဒီအတွက် နားလိုက်တာပေါ့။ ကျွန်တော်တို့ ရက် အရမ်းစိပ်နေလို့ပေါ့။ ဒီဟာတွေက (ဆန္ဒပြပွဲ အစီအစဉ်) ကျွန်တော်တို့ Digital, Online တွေကနေ သွားတာဗျာ။ အွန်လိုင်းတွေကနေ သွားတာဖြစ်တဲ့အတွက် သိသလောက်ပြောရရင် ကျွန်တော်တို့ နေရာတွေ ချိန်းကြတယ်။ ချိန်းတဲ့ နေရာတွေကို၊ အဲ့မှာ တစ်ယောက်နဲ့တစ်ယောက် ချိန်းရင်းချိန်းရင်းနဲ့ အဲ့ကမှ စစ်ကောင်စီရဲ့ အစေအပါးတွေဆီကို ရောက်သွာတာမျိုးဖြစ်မယ်လို့ ထင်တယ်ဗျ။ နောက်ပိုင်း ဒါ ကျွန်တော်တို့ ဆင်ခြင်ရမယ့် အရာပေါ့။”

ထားဝယ်မှာ စစ်ကောင်စီတပ်တွေက မြို့ရဲ့ အဝင်အထွက်တွေကို သေချာ ကြပ်မတ်စိစစ်နေပြီး မြို့ထဲမှာတော့ လုံခြုံရေးတင်းကြပ်တာတွေ နည်းတဲ့အတွက် ဆန္ဒပြ စစ်ကြောင်းတွေ ဖြိုခွဲဖမ်းဆီးခံရတာမရှိခဲ့ဘူးလို့ ဆန္ဒပြ စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ ဒီကနေ့ ထားဝယ်ခရိုင်မှာ "ငါတို့ငြိမ်သက်သွားမှာ မဟုတ်" ဆိုတဲ့ ခေါင်းစီးစာတန်း ကိုင်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

“ကျွန်တော်တို့ ခေါင်းစီးစာတန်းက ငါတို့ ငြိမ်သက်သွားမှာမဟုတ် ဆိုတဲ့ စာသားနဲ့ သွားတာပေါ့။ အဓိက ကျွန်တော်တို့ ထားဝယ်ခရိုင်မှာပဲ လုပ်ဖြစ်တယ်။. အခြားနေရာတွေမှာတော့ လုပ်ဖြစ်မဖြစ်တော့ မသိဘူး။ အဓိက ရည်ရွယ်ချက်ကတော့ စစ်အာဏာသိမ်းတာ ၅ လနီးပါးကြာလာ ပြီဆိုတော့ အဲ့ဒီ ၅ လ အတွင်းမှာ ဖမ်းဆီးခံရတာတွေ အများကြီးရှိတယ်။ သတ်ဖြတ်ခံရတာတွေလည်း အများကြီးရှိတယ်။ ထားဝယ်ခရိုင်မှာဆိုရင် အခုဆိုရင် ၁၆ ယောက်ရှိနေပြီ သေတာ၊ပြီးတော့ ဖမ်းဆီးခံထားရတာတွေကလည်း ၅၀၀ ကျော်နေပြီ။ ဒါတွေကြောင့် ကျွန်တော်တို့သည် အာဏာရှင်စနစ်ကို တော်လှန်တာမှာ ပုံစံအမျိုးမျိုးနဲ့ရှိနေအုံးမယ် ပေါ့နှော်။ ကျွန်တော်တို့ကို ဘယ်လောက်ပဲ ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေ လုပ်လုပ် ကျွန်တော်တို့က ဘယ်တော့မှာ ငြိမ်သက်သွားမှာမဟုတ်ဘဲအာဏာရှင်စနစ် ကျဆုံးသည်အထိ ပုံစံမျိုးစုံ နည်းလမ်းမျိုးစုံနဲ့ အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် ကျွန်တော်တို့ တော်လှန်သွားမှာဖြစ်ကြောင်းကို ပြသချင်တဲ့အနေနဲ့ ကျွန်တော်တို့က ငါတို့ ငြိမ်သက်သွားမှာမဟုတ်ဆိုတဲ့ ခေါင်းစီးနဲ့ ထွက်တာပေါ့နှော်။”

ကလေးမြို့မှာလည်း ဒီကနေ့ မိုးသည်းထဲမှာ မနက်ရော ညနေပိုင်းမှာပါ ဆန္ဒပြစစ်ကြောင်းတွေ ချီတက် ခဲ့ကြပါတယ်။ ကလေးမြို့အတွင်းမှာ ဒီရက်ပိုင်း လုံခြုံရေးတင်းကြပ်ထားတာမျိုးတွေ မရှိတဲ့အတွက် ကလေးမြို့ လမ်းမကြီးတွေပေါ်အထိ ချီတက် ဆန္ဒပြနိုင်လာတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“မနက်က ဆိုင်ကယ်နဲ့ မြို့တစ်ပတ်ပေါ့နှော်၊ မြို့ရဲ့ အဓိက လမ်းမကြီးတွေပေါ် ပတ်တယ်။ ပြီးတော့ ဒီ ပုံမှန် လမ်းလျောက် ဆန္ဒပြတာက ခုတင် ပြီးခဲ့တာ။ ခု ရက်ပိုင်း ခုတစ်ပတ်လောက်တော့ ရှိပြီပေါ့နှော်၊ ဆန္ဒပြပွဲတွေကို သိပ်ပြီးလိုက်ပြီး ဖြိုခွဲတာတွေ သိပ်မရှိဘူး။ တခြားဖက်တွေဘဲ အဓိကလုပ်နေတာ၊ အေးအေးဆေးဆေးဖြစ်နေတာပေါ့၊ ပြေးရလွားရတာမရှိဘူး။ ထိပ်တိုက်တွေတာတွေမရှိဘူး၊ ဆွဲထား တဲ့လမ်းကြောင်းအတိုင်းပဲသွားလို့ရနေတယ်။ ရွာတွေနဲ့ ဆက်စပ်တဲ့ နေရာတွေကိုပဲ အဓိက ကင်းလှည့်တယ်။ ဖမ်းတာဆီးတာပဲ အဓိက လုပ်နေတယ်သူတို့လေ။ ဖမ်းဆီးတာက PDF နဲ့ ဆက်စပ်တဲ့သူတွေကို လိုက်စုံစမ်း ဖမ်းဆီးတာမျိုးပဲသူတို့ လုပ်နေတယ်။ သပိတ်ကို သိပ်အာရုံမထားတဲ့ အနေအထားမျိုးဖြစ်နေတယ်။”

ကလေးမြို့မှ ဒီရက်ပိုင်းအတွင်း အစစ်အဆေးတွေကြောင့် လူငယ်တစ်ချို့ ဖမ်းဆီးခံရတာတွေ ရှိပေမယ့် တစ်ချို့ပြန်လွတ်လာတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မန္တလေး၊ မြိုင်၊ ပေါင်၊ လောင်းလုံ၊ ရေဖြူ စတဲ့ဒေသတွေမှာ ပျောက်ကြားသပိတ်တွေဆင်နွှဲကြသလို မုံရွာ၊ ဆားလင်းကြီးစတဲ့ ဒေသတွေဖက်မှလည်း ကျေးရွာစုပေါင်းသပိတ်တွေ ပြုလုပ်ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။

..................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)













XS
SM
MD
LG