သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထန်တလန်မြို့အနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံး


(ယခင်ပုံဟောင်း) ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်တွေ မီးစွဲလောင်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးကြောင့် အဆောက်အဦပေါင်း ၁၆၀ ကျော်ပျက်စီးခဲ့ပါတယ် (၂၀၂၁ အောက်တိုဘာ ၂၉)
(ယခင်ပုံဟောင်း) ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်တွေ မီးစွဲလောင်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးကြောင့် အဆောက်အဦပေါင်း ၁၆၀ ကျော်ပျက်စီးခဲ့ပါတယ် (၂၀၂၁ အောက်တိုဘာ ၂၉)

ချင်းပြည်နယ်၊ ထန်တလန်မြို့အနီးက ခွါဖိုးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသွားသူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦးလည်း ပါဝင်ခဲ့သလို ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နဲ့ ၅ မိုင်ကွာဝေးတဲ့ ခွါဖိုးရွာကို မတ်လ ၃၀ ရက် ဒီကနေ့မနက် ၁၀ နာရီကျော်မှာ စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ဝန်းကျင် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲ့ဒီ ခွါဖိုးရွာအနီးမှာ တိုက်ပွဲဖြစ်တာလည်း မရှိသလို ချင်းကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားတာမရှိဘဲ ဗုံးကြဲခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံကျေးရွာသားတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရတဲ့ အခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ အခု သိရသလောက်တော့ မြန်မာစံတော်ချိန် ၁ နာရီ ၁၅ မိနစ်အထိ သေဆုံးတဲ့သူတွေက ၁၀ ယောက်၊ ဒဏ်ရာရတဲ့သူတွေက အယောက် ၂၀ လို့ ကြားသိရတယ်။ ၁၈ နှစ်မပြည့်တဲ့ကလေး ၂ ယောက် ၁၅ နှစ်ရယ် ပြီးတော့ ၇ နှစ်လောက်ပေါ့ ကလေးတွေရှိတယ်။ ထန်တလန်မြို့မှာ တိုက်ပွဲ မဖြစ်ဘူးလို့ ကြားသိရတယ်။ သူတို့ရွာက CDF တွေ၊ လူထုတော်လှန်ရေးအဖွဲ့တွေ နေထိုင်တာ မရှိပါဘူး။ သူတို့က ရွာသက်သက်ပဲ။”

သေဆုံးသူ ၈ ဦးရဲ့ ရုပ်အလောင်းနဲ့ နာမည်တွေကို အတည်ပြုနိုင်ခဲ့ပြီး ကျန် ၂ ဦးရဲ့ နာမည်တွေကို အတည်ပြုဖို့ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီး ၂ ဦးမှာ ၁ နှစ်သားအရွယ် ကလေးငယ်တွေ ကျန်ရစ်ခဲ့ပြီး လေယာဉ်တွေ ထပ်တက်လာတဲ့အတွက် ဒေသခံဟာ စိုးရိမ်ထိတ်လန့် နေရတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ဟာ ပြည်သူလူထုကို ဦးတည် တိုက်ခိုက်တာဖြစ်ပြီး အရပ်သားတွေ မနေရဲအောင် တိုက်ခိုက်တာဖြစ်တယ်လို့လည်း ချင်းလူ့အခွင့်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့ ထန်တလန် တမြို့တည်းတင်မကဘူး၊ သူတို့က ချင်းပြည်နယ်မှာ ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်မှုတွေဟာ တစပြီး တစ ပြုလာတာပေါ့နော်။ ပြည်သူလူထုတွေဟာ ကိုယ့်အိမ်မှာ၊ ကိုယ့်နေရာတွေမှာ မနေရဲဘဲနဲ့ တခြား ခိုလှုံတဲ့နေရာတွေမှာ ပြေးကြတာပေါ့နော်။ သူတို့နယ်မြေ ဒေသတွေမှာ နေရလို့မရအောင်ပေါ့နော် တမင်သက်သက်ဖြစ်အောင် ကျူးလွန် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ မြင်ပါတယ်။”

စစ်တပ်ဟာ ခွါဖိုးရွာအပြင် ထန်တလန်မြို့နယ်ထဲက အခြား ၂ နေရာကိုလည်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။ ပွင့်လင်းရာသီ ရောက်လာတော့မှာဖြစ်တဲ့အတွက် လက်နက်ကိုင် ခုခံစစ်အားကောင်းတဲ့ ချင်းပြည်နယ်ကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်ဖို့ ပြင်ဆင်ပြီး စစ်အင်အားတွေ တိုးမြှင့်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ချင်းပြည်နယ်ထဲမှာ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပြီး ဇန်နဝါရီ ၁၀ ရက်က ချင်းအမျိုးသား တပ်ဦး CNA ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တာကြောင့် သေဆုံးတာတွေရှိခဲ့သလို မင်းတပ်မြို့ စစ်ဘေးရှောင်တွေ ရှိတဲ့နေရာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ထိခိုက် ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

{Unicode}











XS
SM
MD
LG