သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် ငြင်းဆိုမှုအပေါ် AI တုံ့ပြန်


Rakhine Refugees Photo Credit: Rakhine Ethnics Congress
Rakhine Refugees Photo Credit: Rakhine Ethnics Congress

ရခိုင်ပြည်နယ် ပဋိပက္ခမှာ မြန်မာစစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတာကို AI အဖွဲ့ကိုယ်တိုင် စုံစမ်းစစ်ဆေးပြီး နိုင်ငံတကာ ဥပဒေကြောင်းနဲ့အညီ သုံးသပ်ပြီးမှ အချက်အလက် အထောက်အထားတွေနဲ့ ဖေါ်ပြခဲ့တာဖြစ်ကြောင်း AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အာရှ ပစိဖိတ်ဆိုင်ရာ တာဝန်ခံက ဗွီအိုအေကိုပြောပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ AI ရဲ့ ရခိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာမှာ မြန်မာစစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်ဆိုတဲ့ အချက်ကို တပ်မတော် ဘက်က ပယ်ချခဲ့ပါတယ်။ ICC ခုံရုံးလွဲှပြောင်းဖို့ AI အဖွဲ့ရဲ့ အဆိုပြုချက်မှာလည်း အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာအနေနဲ့ ဘာမှ ထိခိုက်စရာ မရှိဘူးလို့ တပ်မတော် ပြောခွင့်ရက ဗွီအိုအေကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြမှာပါ။

မတ်လ (၂၉) ရက်နေ့ ထုတ်ပြန်တဲ့ AI အဖွဲ့ရဲ့ရခိုင်ပြည်နယ်က လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှာ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ကို နှိမ်နင်းဖို့ မြန်မာအစိုးရက အမိန့် ထုတ်ပြီးနောက်ပိုင်း မြန်မာစစ်တပ်က နောက်ထပ် ဖိနှိပ် ရက်စက်တဲ့ ပြစ်မှုတွေကို ဆက်ပြီး ကျူးလွန်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာ တပ်ဖွဲ့တွေဟာ အခုတိုက်ပွဲတွေမှာလည်း ဆက်လက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း တွေ့ရှိရသလို၊ နောက်ထပ် တပ်ဖွဲ့တွေ ထပ်ပြီး စေလွှတ်တဲ့အထဲ တာဝန်ရှိသူတွေထဲမှာ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေ ပါဝင်နေတယ်ဆိုတာကို AI ရဲ့ စုံစမ်းတွေ့ရှိချက်တွေက ညွှန်းပြနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမယ့် မြန်မာစစ်တပ် ဘက်ကတော့ AI အစီရင်ခံစာပါ စွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်း စစ်ဆင်ရေးတွေမှာ စစ်ရေးအရသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေမှာ မြန်မာစစ်တပ်ဟာ နိုင်ငံတကာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို နားမလည်ဘဲ အရပ်သားတွေကို ပစ်မှတ်ထား အင်အားသုံး နှိမ်နင်းတာဟာစစ်ရာဇဝတ်မှုကျူးလွန်တဲ့ အထောက်အထားတွေ ဖြစ်ကြောင်းAI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အာရှ ပစိဖိတ်ဆိုင်ရာ တာဝန်ခံ Francisco Bencosme က ဗွီအိုအေကို ပြောပါတယ်။

“ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့အညီ လိုက်နာရမယ့် လူ့အခွင့်အရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်း တွေကို မြန်မာစစ်တပ် နားမလည်ဘူးဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို တုန့်ပြန်ရာမှာ အင်အားအလွန်အကျွံသုံးတဲ့ အပြင် ဆင်ဆင်ခြင်ခြင်မလုပ်ဘဲ အရပ်သားတွေကို သတ်ဖြတ်တာ၊ ရွာတွေပိတ်ဆို့ပြီး ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ဖြတ်တောက်တာ စတာတွေကို မြန်မာစစ်တပ်က ကျူးလွန်ကြောင်း အခု အစီရင်ခံစာမှာ အဓိက ဖေါ်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုင်းအဝိုင်း အားလုံးနီးပါးဟာ လူသားချင်း စာနာမှု အကူအညီတွေပေါ် မှီခို ရပ်တည်နေကြရတာပါ။ ”

ဒါအပြင် အစီရင်ခံစာအတွက် အချက်အလက် စုံစမ်းကောက်ယူ ပြုစုတဲ့နေရာမှာAI အဖွဲ့ကြီးက သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းဟာ မြင့်မားကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ ဥပဒေနဲ့ အညီ စုံစမ်းစစ်ဆေး သုံးသပ်ပြီးမှ အစီရင်ခံတင်ပြတာဖြစ်တယ်လို့ Francisco Bencosmeပြောပါတယ်။

“ ဒီအစီရင်ခံစာအတွက် ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေဖြစ်နေတဲ့ နေရာတွေ သွားပြီး တွေ့ဆုံမေးမြန်းမှု (၅၄) ခုအပါအဝင် စုစုပေါင်း တွေ့ဆုံမေးမြန်းမှု (၈၁) ခု လုပ်ခဲ့ပါတယ်။ နောက်ပြီး ဒီအစီရင်ခံစာမှာ မြန်မာစစ်တပ်ရဲ့ သဘောထား၊ ရပ်တည်ချက်တွေ ထည့်သွင်းဖေါ်ပြဖို့ မကြာသေးခင်ကဘဲ သက်ဆိုင်ရာ စစ်ဘက် တာဝန်ရှိသူတွေကို AI ကဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးမှတ်တမ်း အချက်အလက်တွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ ရပ်တည်ချက်ကို ပြောဆိုလိုစိတ်မရှိတာ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို လူမှုအဖွဲ့အစည်းတွေက အပြုသဘောဆောင် ထောက်ပြတာကို လက်ခံလိုစိတ်မရှိတာတွေ စတဲ့ မြန်မာစစ်တပ်ရဲ့ သဘောထားကို တွေ့ရပါတယ်။ ဒါ့အပြင် ကျနော်တို့ အစီရင်ခံစာက အကြံပြုချက်တွေ၊ အထောက်အထားတွေကို မြန်မာစစ်တပ်က လက်မခံဘဲ တုန့်ပြန်ဝေဖန်လေ့ ရှိပါတယ်။ AI အစီရင်ခံစာရဲ့ အဓိက အားသက်ချက်ကတော့ အဖြစ်အပျက်တွေကို နိုင်ငံတကာ ဥပဒနဲ့ အညီ ဓမ္မဓိဌာန်ကျကျ သုံးသပ် တင်ပြတာဖြစ်ပါတယ်။ ”

မအင်ကြင်းနိုင် ။ ။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်တွေ အတွက် အခုလို AIနဲ့ HRW အဖွဲ့တွေက ထောက်ပြထားတဲ့ အချက်တွေအတွက် စုံစမ်းစစ်ဆေးဖို့မြန်မာစစ်တပ်ကတော့ ကော်မရှင် ထပ်ဖွဲ့ထားတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါလဲရှင့်။

Francisco Bencosme ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ဘာတွေဖြစ်ခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ဆိုပြီး စစ်တပ်ကနေ ကော်မရှင် ဖွဲ့စည်းခဲ့တယ် ဆိုတဲ့ ကိစ္စက ဟာသပြက်လုံး တခုလို့ မြင်ပါတယ်။ ဒီကော်မရှင် အနေနဲ့ လွတ်လွတ်လပ်လပ်၊ မျှမျှတတနဲ့ လုပ်နိုင်မယ်လို့ မမြင်ပါဘူး။ နောက်ပြီး ဒီကော်မရှင်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်မှုလည်း မရှိပါဘူး။ စစ်ကော်မရှင် အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို မှန်မှန်ကန်ကန် လုပ်လိုစိတ် မရှိဘူးဆိုတာလည်း ပြသခဲ့ပါတယ်။ ရိုက်တာ သတင်းထောက် နှစ်ဦး စုံစမ်းဖေါ်ထုတ်ခဲ့တဲ့ ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ ပြစ်ဒဏ်ပေးထားတဲ့ မြန်မာစစ်သား (၇)ဦးကို နိုဝင်ဘာလကတည်းက ပြန် လွှတ်ပေးခဲ့တဲ့ဖြစ်ရပ်က ပြည်တွင်းကော်မရှင်တွေရဲ့ ရပ်တည်ချက်ကို မီးမောင်းထိုး ပြသနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးနိုင်ဖို့ နိုင်ငံတကာအနေနဲ့ ပျက်ကွက်နေတာကြောင့် ဒီပြဿနာကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို အမြန်ဆုံး လွှဲပြောင်းပေးသင့်တယ်လို့ AI အစီရင်ခံစာက အကြံပြုထားပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ရခိုင်တပ်မတော် AA က ရခိုင်ပြည်နယ်မှာရှိတဲ့ ရဲကင်းစခန်းတချို့ကို စီးနင်း တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာအစိုးရရဲ့ ခွင့်ပြုချက်အရ စစ်တပ်က လိုက်လံချေမှုန်းတဲ့ စစ်ဆင်ရေးတွေ အတွင်း ဥပဒေမဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ညှင်းပမ်းနှိပ်စက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့သလို၊ AA လက်နက်ကိုင် တပ်ဖွဲ့ဘက်ကလည်း အရပ်သားတွေကို ဖမ်းဆီးတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတချို့ ရှိခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG