သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းအင်အားစစ်ရေးပြဖို့ စစ်ကောင်စီပြင်ဆင်


၇၈နှစ်မြောက် တပ်မေတော်နေ့စစ်ရေးပြအခမ်းအနားတွင်းတွေ့ရတဲ့ မြန်မာလေတပ်ဂျက်လေယာဉ်များ
၇၈နှစ်မြောက် တပ်မေတော်နေ့စစ်ရေးပြအခမ်းအနားတွင်းတွေ့ရတဲ့ မြန်မာလေတပ်ဂျက်လေယာဉ်များ

မနက်ဖြန်ကျရောက်မယ့် တပ်မတော်နေ့/ တော်လှန်ရေးနေ့ စစ်ရေးပြပွဲမှာ လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ စွမ်းရည်ပြ အလေးပြု ပျံသန်းပြီး ထူးထူးခြားခြား ကျင်းပသွားမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ စစ်ရေးပြအခမ်းအနားကို နေပြည်တော်မှာ ရာသီဥတုအခြေအနေကြောင့် ညနေပိုင်းမှာ ကျင်းပမယ်လို့လည်းဆိုပါတယ်။ နိုင်ငံအနှံ့စစ်ပွဲတွေဖြစ်နေချိန်ကျင်းပမယ့် စစ်ရေးပြအခမ်းအနားအပေါ် အမြင်တွေနဲ့ပတ်သက်လို့ မမြသဇင်အောင်က တင်ပြပါမယ်။

၁၉၅၄ ခုနှစ်မှာ ကျင်းပတဲ့ ၉ နှစ်မြောက်တပ်မတော်နေ့ကနေ ၁၉၆၇ ခုနှစ် ၂၂ နှစ်မြောက် တပ်မတော်နေ့အထိ ၁၄ ကြိမ်တိုင်တိုင် တပ်မတော်နေ့ အခမ်းအနားကို ညနေပိုင်း၊ ညပိုင်းမှာ ကျင်းပခဲ့သလိုမျိုးအပြင် ရာသီဥတု အပူရှိန်ကြောင့် အခုအခါမှာ ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြပွဲကို မတ်လ ၂၇ ရက်နေ့ ညနေပိုင်းကနေ စတင် ကျင်းပမှာဖြစ်တဲ့ အကြောင်း သတင်းမီဒီယာတွေဘက်က မေးမြန်းတာကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို တုံ့ပြန်ဖြေကြားသွားပါတယ်။ ညဘက် စစ်ရေးပြ အခမ်းအနားနဲ့ ပတ်သတ်ပြီးတော့လည်း အခုလို ပြောဆိုပါတယ်။

"ညပိုင်းမှာ စစ်ရေးပြအခမ်းအနားကျင်းပချိန်မှာ လေယာဉ် ရဟတ်ယာဉ်များနဲ့ ညဘက်စွမ်းရည်ပြ ပျံသန်းမှုကို တွေ့ရမှာဖြစ်ပါတယ်။"

ဒါပေမယ့်လည်း ဘယ်လို ပျံသန်းမှုတွေပါဝင်မယ်၊ ဘယ်လိုထူးထူး ခြားခြားပြသမယ် ဆိုတာတော့ တိတိကျကျ ပြောဆိုတာ မရှိပါဘူး။

စစ်ကောင်စီဘက်က ထူးထူးခြားခြားပြင်ထားတယ်ဆိုတဲ့ တပ်မတော်နေ့အပေါ်မှာ ဘယ်သူတွေက ဘယ်လိုမျိုးရှုမြင်ကြပါသလဲ။ လတ်တလော စစ်ကောင်စီ နဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်လွတ်လပ်ရေးတပ်(KIA) က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူကတော့ မနက်ဖြန် စစ်ကောင်စီကျင်းပမယ့် တပ်မတော်နေ့အပေါ်မှာ အခုလိုမှတ်ချက်ပြုပါတယ်။

"ကျနော်တို့ကေအိုင်အိုက သဘောထားထုတ်ပြန်တာမရှိဘူး။ သုံးသပ်တာလည်းမရှိဘူး။ ဒါပေမဲ့ အားလုံးကြားသိရတဲ့ အတိုင်းမင်းအောင်လှိုင်ကတော့ ထူးခြားတာ ကတော့ စစ်ရေးပြအခန်းအနားကို ညနေပိုင်းဘဲ လုပ်မယ်ဆိုတဲ့သတင်းက အားလုံးကြားတဲ့အတိုင်းဖြစ်ပါတယ်။ ညနေ ၅နာရီလောက်ကနေ စစ်ရေးပြတာတွေလုပ်မယ်လို့ကြားတာပါဘဲ။ မလုပ်မဖြစ်မို့ လုပ်တဲ့သဘောလို့ဘဲထင်ပါတယ်။ ကြီးကြီးကျယ်ကျယ် မလုပ်ဖို့တွေ့တယ်။ နည်းနည်းသူတို့သတိအနေအထားနဲ့ ညနေပိုင်းလုပ်တဲ့သဘောမျိုးရှိပါတယ်။ မလုပ်လဲသူတို့သိက္ခာလည်းကျသွားမှာပေါ့။ အဲလိုကြောင့်ကြိုးစားပြီးမှ လုပ်တဲ့သဘောမျိုးရှိပါတယ်။ ကျနော်အမြင်ပေါ့။ စစ်ရေးပြကိုညနေပိုင်းဘဲလုပ်မယ်ဆိုတာကပေါ့ တော်တော်တော့ အပြောင်းအလဲဖြစ်တယ်။ ထူးထူးခြားခြားရှိတာပေါ့"

စစ်ရေးလေ့လာသုံးသပ်သူ တဦးကတော့ ဟိုးအရင် တတိုင်းတပြည်လုံးဖက်ဆစ်ကိုတော်လှန်ခဲ့တဲ့ သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ တော်လှန်ရေးနေ့ ဟာ သမိုင်းမှာဖျောက်ခံလိုက်ရတဲ့ အခြေအနေ ဖြစ်နေ တယ်လို့သုံးသပ်လိုက်ပါတယ်။

"မတ်လ ၂၇ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ဆိုပြီးတောက်လျှောက်ကျင်းပလာတာမှာ တော်လှန်ရေးကောင်စီလက်ထက် မဆလလက်ထက်မှာ တော်လှန်ရေးနေ့ တပ်မတော်နေ့ဆိုပြီးပြောင်းလိုက်တယ်။ ဖက်ဆစ်ပြုတ်သွားတယ်။ နောက်ပိုင်းကျတော့ တော်လှန်ရေးနေ့ပြုတ်ပြီး တပ်မတော်နေ့ဖြစ်သွားတာပေါ့နော်။ ဒီတိုင်းပြည်က ဖက်ဆစ်ကိုတော်လှန်ခဲ့တဲ့ တပ်မတော်အပါအဝင် တပ်မတော်ဆိုတာက တကယ့်တပ်မ တော်ပီသတဲ့တပ်မတော်။ ပြည်သူကိုကာကွယ်တဲ့တပ်မတော်တရပ်အနေနဲ့ တော်လှန်ရေးကိုတူတူဆင်နွဲခဲ့တဲ့ တော်လှန်ရေးကနေပေါက်ဖွား လာတဲ့တပ်မတော်အနေနဲ့ အနှစ်သာရရှိရှိ ကျင်းပလာတာ။ အဲဒီတုန်းကအခြေအနေနဲ့ ခုယှဉ်ရင်တော့ တခွန်းထဲပြောရရင် ရွှေဘုံထီးနဲ့ အပုံကြီး ကွာပါတယ်"

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဘက်ကတော့ စစ်ကောင်စီကျင်းပတဲ့ တပ်မတော်နေ့ကို အသိမှတ်ပြုစရာမရှိဘူးလို့ စစ်ရေးတာဝန်ခံ ဦး မောင်မောင်ဆွေက ပြောဆိုလိုက်ပါတယ်။

"ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေက တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဆိုပြီးသူတို့ရာထူးစည်းစိမ် တည်မြဲဖို့အတွက်ကို သူတို့အသုံးချတာရှိပါတယ်။ ဒီနေ့ဒီအချိန်မှာလည်း စကစအနေနဲ့အသုံးချနေတာရှိပါတယ်။ ဒါတွေကိုပြည်သူလူထု အနေနဲ့လုံးဝထောက်ခံခြင်းမရှိတော့တဲ့အတွက် ပြည်သူတွေကလည်း သူတို့ကျင်းပနေတာကိုအသိအမှတ်မပြုပါဘူး။ ကျနော်တို့ကလည်း သူတို့ကျင်းပနေတဲ့တပ်မတော်နေ့ကိုလုံးဝအသိအမှတ်မပြုပါဘူးဗျ"

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတဲ့ တပ်မတော်အပြင် လူထုတရပ်လုံးက ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တာကြောင့် တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို စတင် အသက်သွင်းပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်း တိုင်းပြည်ကို စတင်အာဏာသိမ်းပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်း ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ လက်ထက်မှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် ပြောင်းလဲ ခေါ်ဆို ကျင်းပခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးအရှိန် အတင်းမာဆုံးအချိန်မှာပဲ တပ်မတော်နေ့ကို အခုလို တမူထူးခြားပြီး ကျင်းပတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG