ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကပြန်လာတဲ့ နေရပ်စွန့်ခွာသူပေါင်း ၆၀ကျော်ဟာ တရားမဝင် ဝင်ရောက်မှုနဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ ဖမ်းဆီး အရေးယူတာခံခဲ့ရပြီး၊ သမ္မတ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ဒီကနေ့သတင်း ထုတ်ပြန်ပါတယ်။ နေရပ်ပြန်ဝင်လာသူတွေဟာ အရင် အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်မှုရှိမရှိဆိုတာကိုတော့ ဦးစွာ စီစစ် အရေးယူမှာဖြစ်တယ်လို့လည်း ဒီထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ ဒီအချက်ဟာ ဘင်္ဂလားဒေ့ရ်ှ ဒုက္ခသည် စခန်းတွေကနေ နေရပ်ပြန်လာလိုသူအတွက် အဓိက စိုးရိမ်ချက်လိုဖြစ်နေတာမို့၊ ဒ့ီအတွက် သမာသမတ်ကျတဲ့ ကြားအဖွဲ့က ဝင်ဖြေရှင်းသင့်တယ်လို့ အကဲခတ်တွေက တိုက်တွန်းပါတယ်။ မဆုမွန်က စုံစမ်းမေးမြန်းထားတာပါ။
ဒီကနေ့ မေလ ၂၇ရက်နေ့ ရက်စွဲနဲ့ "နေရပ်စွန့်ခွာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိခြင်း" ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာတော့ မိမိတို့သဘောဆန္ဒအလျောက် ပြန်ရောက်လာတဲ့သူတွေထဲက အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့ခြင်း ရှိ-မရှိ စိစစ်ပြီးတဲ့နောက် သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သူ ၅၈ ဦး၊ တရားစွဲဆိုမှု ရုပ်သိမ်းခဲ့သူ ၄ ဦး၊ စုစုပေါင်း ၆၂ ဦးကို မနေ့မေလ ၂၆ ရက်နေ့က ဘူးသီးတောင်ကနေ ငါးခူရ ပြန်လည်လက်ခံရေးစခန်းကိုပို့ဆောင်ပြီး နှစ်နိုင်ငံသဘော တူညီချက်တွေနဲ့အညီ လိုအပ်တဲ့ ပုံစံတွေ ဖြည့်စွက်ပြီးရင် လှဖိုးခေါင်ကြားစခန်းမှာ ခေတ္တနေရာချ ထားမယ်လို့ဆိုပါတယ်။
နှစ်နိုင်ငံသဘောတူညီချက်တွေအရ လိုအပ်တဲ့ပုံစံဖြည့် လက်ခံရေးစခန်းတွေကတဆင့်ဝင်ရောက်ရမယ်ဆိုတာ မသိလို့ အခုကာလ အတောတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာတဲ့သူတွေကို ဒေသခံအဖွဲ့အစည်းတွေဘက်က တရားမဝင်ဝင်ရောက်မှုနဲ့ ဖမ်းဆီးပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာတွေရှိခဲ့တယ်။ ဒီလူတွေကို ပြန်လည်လက်ခံရေးကြားစခန်းမှာထားရှိနိုင်ရေး စနစ်တကျစိစစ်ပြီး ကျခံထားတဲ့ပြစ်ဒဏ်တွေကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့လို့ ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး အကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကိုတော့ တရားဥပဒေစိုးမိုးရေး အရ ထိရောက်စွာ အရေးယူဆောင်ရွက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
အကြမ်းဖက်မှုဖြစ်စဉ်အတွင်း နယ်မြေရှင်းလင်းမှုတွေကြောင့် သိန်းချီထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေမှာ နေရပ်ရင်းကို ပြန်လိုပေမဲ့ မသင်္ကာမှုတွေနဲ့ စွပ်စွဲပြီး ဖမ်းဆီးအရေးယူမှုတွေရှိမယ့်အရေး စိုးရိမ်နေကြတယ်လို့ အခုလို မြန်မာအစိုးရဘက်က ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ဘာလုခါလီဒုက္ခသည်စခန်းနေဦးအီစလံကတော့- ဆိုပါတယ်။
" မြန်မာအစိုးရဘက်က ကလေး၊ မိန်းမ၊ လူကြီးပါ ARSA အဖွဲ့ဆိုပြီးတော့ သူတို့ မမှန်မကန်စွပ်စွဲထားတာရှိတယ်။ ဒါပေမယ့် ဒီမှာရောက်လာတဲ့ ဒုက္ခသည်တွေက ARSA အဖွဲ့နဲ့ ဘာမှ ဆက်နွယ်မှုရှိတဲ့လူတွေမဟုတ်ဘူး။ အရင်တုန်းကလည်း မြန်မာအစိုးရဘက်က ဘက်က စွပ်စွဲထားတာတွေရှိတယ် ARSA အဖွဲ့နဲ့ အမျိုးသမီးတွေ ကလေးငယ်တွေကို အဲလိုစွပ်စွဲထားတာတွေရှိတယ်။ အခုပြည်တွင်းမှာ အဖမ်းခံရတဲ့လူ ၂သောင်းကျော်လောက်ပေါ့။ မောင်တောဘူးသီးတောင်မှာ အဖမ်းခံနေရတဲ့သူတွေကိုလည်း ARSA အဖွဲ့ဆိုပြီးတော့ မမှန်မကန် စွပ်စွဲပြီးတော့ ဖမ်းတာပါ။ အခုလည်း ဒီမှာ ရောက်လာတဲ့ လူ၇ သိန်းကျော်လူတွေလည်း အကုန်လုံးစိုးရိမ်စိတ်နဲ့ ရောက်လာတယ်။ ကျနေ်ာတို့ကို ပြန်ခေါ်တဲ့အချိန်မှာ အဲဒါကို ဆွေးနွေးလို့ရမှသာ ကျနော်တို့ပြန်သွားမှာပါ။ နောက်ဆိုရင် အဲဒီကိစ္စကြောင့် ကျနော်တို့ ပြန်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး။"
အစိုးရဘက်ကလည်း နယ်မြေတရားဥပဒေစိုးမိုးရေးအပေါ် ထိရောက်စွာကိုင်တွယ်မှာဖြစ်သလို ဒုက္ခသည်တွေဘက်ကလည်း မတရားဖမ်းဆီးခံရမှာကို စိုးရိမ်မှုတွေရှိတဲ့အတွက် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘက်လိုက်မှုကင်းတဲ့စုံစမ်းစစ်ဆေးမှုဖြစ်စေဖို့ သမာသမတ်ကျတဲ့ကြားဝင်ဖြေရှင်းမှုတွေ ရှိသင့်တယ်လို့ နိုင်ငံရေးအကဲခတ်ဒေါက်တာခင်ဇော်ဝင်းကဆိုပါတယ်။
"ဒီသမာသမတ်ကျပြီးတော့ Thrid party ပဲ ခေါ်ခေါ် neutral ပဲ ခေါ်ခေါ် ဘယ်ဘက်ကိုမှ မလိုက်မယ့် အဖွဲ့တခုကနေပြီးတော့ ရပ်တည်ပေးရမယ်။ အဲဒီအခါမှာပဲ ဖြစ်မယ် ဟိုဘက်ရော ဒီဘက်ရောက ယုံကြည်မှုရှိမယ်။ ဆိုတော့ အဲလိုမှ ဟိုဘက်ကလည်းပြောမယ်ဆိုရင် ဒီဘက်က အာမခံချက်ပေးမှ ဝင်လာမှာပဲ။ အခုဝင်လာတဲ့ ၅၀-၁၀၀ က သမ္မတက လွတ်ငြိမ်းခွင့်ပေးတယ် ဒါကကောင်းပါတယ်။ ဟိုလူတွေပြန်လာမယ်ဆိုရင် ဒါလေးကလည်း သူတို့ နှစ်သိမ့်မှုလေးတခုတော့၇မှာပဲ။ ငါတို့လည်း ထားခဲ့ရတဲ့ အိုးတွေ အိမ်တွေ ဒါကြောင့် ပြန်လာခဲ့ရတယ်။ ငါတို့ကိုတော့ ဖမ်းတယ် ဒါပေမယ့် ပြန်လွှတ်ပေးတယ် ဆိုတော့ သူတို့လည်း ဒါ နည်းနည်းတော့ဝမ်းသာမှာပဲ။ ဒါလေးကိုတော့ ကြိုဆိုပါတယ်။"
ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်တွေအတွင်းမှာကို ARSA အကြမ်းဖက်အဖွဲ့နဲ့ဆက်နွယ်တယ်ဆိုပြီး ဒေသခံမူဆလင်တော်တော်များများ ဖမ်းဆီးခံခဲ့ရသလို နှစ်ရှည်ထောင်ဒဏ်တွေလည်း ချမှတ်ခဲ့တာတွေရှိလို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေများတယ်လို့လည်း ဒုက္ခသည်ဦးအီစလံကပြောပါတယ်။
"အခုပြည်တွင်းမှာ အဖမ်းခံရတဲ့ အပြစ်မဲ့ ရွာသားတွေက သူတို့ ဘာမှ ပါဝင်ပတ်သက်တာမရှိဘူး အဲဒီလို ဘာမှတောင်နားမလည်တဲ့လူတွေက အဖမ်းခံရပြီးတော့ ARSAဆိုပြီး မြန်မာအစိုးရက မမှန်မကန်စွပ်စွဲပြီးတော့ နှစ်ရှည်ထောင်ဒဏ်ချမှတ်နေတာကို ကျနော်တို့ တွေ့နေရတယ်။ အခုလည်း ဒီမှာရောက်လာတဲ့ ဒုက္ခသည်တွေက နေရပ်ကိုပြန်မယ်ဆိုရင် မြန်မာအစိုးရက ARSA အဖွဲ့နဲ့ဆက်နွယ်မှုရှိတယ်လို့ ထင်ပြီးတော့ ဖမ်းဆီးမှာကို သူတို့က အလွန်စိုးရိမ်နေပါတယ်။"
အစိုးရဘက်ကတော့ ဒုက္ခသည်တွေ လက်ခံဖို့အဆင်သင့်ဖြစ်နေပြီဆိုပေမဲ့ အခုချိန်အထိတော့ လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် ဒုက္ခသည်တွေ ပြန်လည်ဝင်ရောက်လာတာမရှိသေးပါဘူး။
ဒီကနေ့ထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က သဘောတူ လက်မှတ် ရေးထိုး ခဲ့တဲ့ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာ သူများ ပြန်လည်လက်ခံ ရေး သဘောတူညီချက်မှာတော့ ပြန်လည် ဝင်ရောက်လာသူတွေကို ငါးခူရစခန်းမှာ စနစ်တကျ စိစစ် ပြီးမှ ကြားစခန်း လှဖိုးခေါင်တွင် ခေတ္တနေရာချထားမှာဖြစ်ပြီး- နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ဆိုင်ရာ ၁၉၉၃ ခုနှစ် သဘောတူညီချက်အတိုင်း နေရပ်စွန့်ခွာသူများ ပြန်လည်ရောက်ရှိလာလျှင် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိပါက အရေးယူခြင်း ပြုမည် မဟုတ်ကြောင်း နှစ်ဦးနှစ်ဘက် သဘောတူ ညီခဲ့ကြတယ်ဆိုတာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။