သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံရသူတွေရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုများ


"Suu" ဆိုတဲ့ စာလုံးနဲ့ သံမဏိနှင်းဆီရဲ့သင်္ကေတ "နှင်းဆီပန်းပွင့်ပုံ" ကို နှစ်ခုပေါင်း စပ်ကိုင်ဆောင်ပြီး လုံခြုံရေးတင်းကြပ်တဲ့ ရန်ကုန်မြို့မှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ရဲ့ ဆန္ဒပြလှုပ်ရှားမှု (ဇွန် ၁၉၊ ၂၀၂၄)
"Suu" ဆိုတဲ့ စာလုံးနဲ့ သံမဏိနှင်းဆီရဲ့သင်္ကေတ "နှင်းဆီပန်းပွင့်ပုံ" ကို နှစ်ခုပေါင်း စပ်ကိုင်ဆောင်ပြီး လုံခြုံရေးတင်းကြပ်တဲ့ ရန်ကုန်မြို့မှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ရဲ့ ဆန္ဒပြလှုပ်ရှားမှု (ဇွန် ၁၉၊ ၂၀၂၄)

သံမဏိနှင်းဆီလို့တင်စားကြလေ့ရှိတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ရန်ကုန်မြို့အပါအဝင် ပြည်တွင်းမြို့တချို့မှာ ပန်းသပိတ်အပါအဝင် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ အန္တရာယ်ကြားက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေလုပ်ခဲ့ကြတာပါ။ အန္တရာယ်ကြားက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေအကြောင်း တင်ပြထားပါတယ်။

ထောင်ချခံထားရတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ်အပါအဝင် လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာသာမက မြို့တော်တော်များများမှာ ပုံစံမျိုးစုံနဲ့လုပ်ခဲ့ကြပါတယ်။ သံမဏိနှင်းဆီလို့ တင်စားကြလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ထဲက "Suu" ဆိုတဲ့ စာလုံးနဲ့ သံမဏိနှင်းဆီရဲ့သင်္ကေတ "နှင်းဆီပန်းပွင့်ပုံ" ကို နှစ်ခုပေါင်း စပ်ကိုင်ဆောင်ပြီး လုံခြုံရေးတင်းကြပ်တဲ့ကြား ရန်ကုန် အထင်ကရ လမ်းမကြီးပေါ်မှာ တကိုယ်တော်ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

မတရားမှုကိုကြံ့ကြံ့ခံတွန်းလှန်တတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် စိတ်ဓါတ်ကို အတုယူနိုင်ကြဖို့နဲ့ လက်နက်နဲ့ အကြမ်းဖက်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ သတ္တိရှိရှိ ဆက်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ တကိုယ်တော်သပိတ်ကို လုပ်ခဲ့တာဖြစ်တယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ဥက္ကဋ္ဌ ရေဘဝဲက ဗွီအိုအေကို ပြောပါတယ်။

"ထုံးစံအတိုင်းပါဘဲ။ ကျနော်တို့ရေဘဝဲလှုပ်ရှားမှုဆိုရင် အကြမ်းဖက်စစ်ကောင်စီကိုအမြဲတမ်း နာရွက်သတွေးစွတ်နေကြပါ။ နှုတ်နဲ့မပြောဘူး အလုပ်နဲ့သက်သေပြတာပါ။ ဒ့ါကလက်နက်မဲ့နိုင်ငံရေးအံတုမှုပါ။ အကြမ်းမဖက်နည်းလမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉နှစ်ပြည့် မွေးနေ့အ ထိမ်းအမှတ်အနေနဲ့ တကိုယ်တော်လှုပ်ရှားမှုကိုအောင်အောင်မြင်မြင် အကြမ်းဖက်စစ်ကောင်စီပတ်ပတ်လည်ရှိနေတဲ့ကြားမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက်ဆိုပြီး ပန်းပန်တာ၊ ပန်းစည်းကိုင်ပြီး ဆုတောင်းပေးတာတွေကို လှုမှုကွန်ယက်မှာ ပုံတွေတင်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။ မန္တလေးမှာတော့ ဒီလိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမြို့က အမျိုးသမီး ၆ ယောက်ထက်မနည်းဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဓာတ်ပုံတွေနဲ့တကွ တင်ထားပါတယ်။ မန္တလေးက လာတဲ့သတင်းတွေမှာတော့ ဖမ်းဆီးခံရသူ ၂၀ ထက်မနည်းရှိတယ်လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးနဲ့ ဒေသကာကွယ်ရေးတပ်တွေ အများစု စိုးမိုးထားတဲ့ ဒေသအများစုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာအသက်ရှည်ဖို့ဆိုပြီး ဒေသခံလူငယ်တွေနဲ့ သပိတ်အင်အားစုတွေ ဦးဆောင်တဲ့ သပိတ်လှုပ်ရှားမှုတွေ၊ ပန်းသပိတ်တွေနဲ့ ကိတ်မုန့်ခွဲဆုတောင်းတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ကနီဒေသမှာလည်း နွေဦးတော်လှန်ရေးသပိတ်အင်အားစုတွေနဲ့ ပြည်သူတွေပါဝင်ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၇၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပန်းသပိတ်ကိုလုပ်ခဲ့တယ်လို့ သပိတ်အဖွဲ့ဝင်တဦးကပြောပါတယ်။ မွေးနေ့ရှင် ဘေးကင်းကျန်းမာစေဖို့ ဆုတောင်းတာ၊ ဒေါ်အောင်ဆန်းစုကြည်လိုအခက်အခဲတွေကို ကြံကြံခံနိုင်ဖို့အတွက် ရည်ရွယ်တဲ့စာတမ်း ကိုင်ဆောင်တာတွေ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေး ကြော် သံတွေ ကြွေးကြော်တာတွေလုပ်ခဲ့တယ်လို့ သပိတ်မှာပါဝင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

"အဓိကကတော့ကျနော်တို့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေကချစ်တယ်။ ဘယ်တော့မှမမေ့ဘူး။ မမေ့တဲ့အနေနဲ့ ပန်းသပိတ်ကိုဆင်နွဲတာ။ သူ့ကိုဂုဏ်ပြုတယ် ကြိုဆိုတယ်။ အမြဲတမ်းလည်းလေးစားချစ်ခင်နေကြဦးမယ်။ အံလိုသက်သေပြတယ်။ သက်သေ ပြတဲ့အနေနဲ့ ကနီမြို့နယ်နေရာတော်တော်များများမှာ ပန်းသပိတ်ကိုလုပ်တယ်။ နောက်အမှတ်တရ ၇၉နှစ်ပြည့်မွေးနေ့အတွက် သစ်ပင်စိုက်တာ ရှိတယ်။ ညသပိတ်နေ့သပိတ်အဲလိုတွေလုပ်ကြတယ်။"

မုံရွာ၊ ဘုတလင်ဘက်‌မှာလည်း တော်လှန် ရေးအင်အားစုတွေနဲ့ သပိတ်အင်အားစုတွေက '' ငုံ့မခံဘဲ တုံ့ပြန်မဲ့ သံမဏိနှင်းဆီတွေ'' ဆိုတဲ့ ဆိုင်းဘုတ်နဲ့ သပိတ်လှုပ်ရှားမှုတွေ ကို စွန့်စွန့်စားစားလုပ်ခဲ့ကြပါတယ်။ ဘုတလင် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ရှင်းသန့်ကတော့ '' ငုံ့မခံဘဲ တုံ့ပြန်မဲ့ သံမဏိနှင်းဆီတွေ'' ဆိုတဲ့ စကားအတိုင်း အာဏာရှင် ဖိနှိပ်သမျှကို ပြန်လည်တွန်းလှန်တိုက်ပွဲဝင်ဖို့ လိုကြောင်း အခုလိုပြောကြားခဲ့ပါတယ်။

"ကျနော်တို့အနေနဲ့ပြည်သူကိုပေးချင်တာကပေါ့ အဓိကကျနော်တို့ ဒီတော်လှန်ရေးမှာ စစ်အာဏာရှင်ရဲ့ရက်စက်ယုတ်မာမှုတွေကို ဆက် တော်လှန်ကြဖို့ ငုံမခံဘဲတုံပြန်ကြဖို့ ကျနော်တို့က နှင်းဆီပေမယ့် သာမန်နှင်းဆီမဟုတ်ဘူး။ သံမဏိနှင်းဆီတွေဖြစ်တယ်ဆိုတာပြောချင်တယ်။ နောက်ခုလက်ရှိအထွေထွေအကျပ်အတည်းဖြစ်နေတယ်။ သာမန်ပြည်သူတွေအများကြီးအရမ်းကိုခံရတယ်။ ဒီအခက်အခဲကျော်ဖို့ဆို ဒီစစ်အာဏာရှင်တွေပြုတ်မှဖြစ်မယ် ဒီထွက်ပေါက်ဟာတော်လှန်ရေးဘဲဖြစ်တယ်ဆိုတာပြည်သူကိုထပ်သတိပေးစကားပြောချင်ပါတယ်။"

ဒီနေ့မှာ အသက် ၇၉ နှစ်ပြည့်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတကာမှာရောက်နေကြတဲ့ မြန်မာတွေကလည်း သူလွတ်မြောက်လာစေဖို့ ဆုတောင်းကြောင်း လူမှုကွန်ရက်တွေပေါ်မှာ ပန်းပုံတွေနဲ့ ရေးတင်နေကြသလို မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေကြသူတွေကလည်း အထိမ်းအမှတ်ပွဲတွေ လုပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG