သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် နိုင်ငံစုံမှာကျင်းပ


Timor-Leste (အရှေ့တီမော) နိုင်ငံမှာ ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့အခမ်းအနားမှာတွေ့ရတဲ့ အရှေ့တီမောသမ္မတ Jose Ramos-Horta (ဂျိုဆေး ရာမို့စ် ဟော်တာ) နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (ဇွန် ၁၉၊ ၂၀၂၄)
Timor-Leste (အရှေ့တီမော) နိုင်ငံမှာ ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့အခမ်းအနားမှာတွေ့ရတဲ့ အရှေ့တီမောသမ္မတ Jose Ramos-Horta (ဂျိုဆေး ရာမို့စ် ဟော်တာ) နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (ဇွန် ၁၉၊ ၂၀၂၄)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ကို Timor-Leste (အရှေ့တီမော) နိုင်ငံမှာ ဒီနေ့ကျင်းပတာမှာ သမ္မတ Jose Ramos-Horta (ဂျိုဆေး ရာမို့စ် ဟော်တာ) ကိုယ်တိုင် တက်ရောက်ပါတယ်။ ဒီပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ပါတယ်။ မွေးနေ့မှာ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ သူအပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေး နိုင်ငံတကာမှာ လှုပ်ရှားမှုတွေလုပ်ကြတဲ့အကြောင်း မစုမြတ်မွန်က တင်ပြပါမယ်။

ထောင်ဒဏ် ၂၇ နှစ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ကျရောက်တဲ့ မွေးနေ့အထိမ်းအမှတ်ကို Timor-Leste (အရှေ့တီမော) နိုင်ငံမှာ ဒီနေ့ကျင်းပပါတယ်။ ဒီအခမ်းအနားကို သမ္မတ Dr. Jose Ramos-Horta ကိုယ်တိုင် တက်ရောက်ပါတယ်။ ကြားကာလအမျိုးသားညီညွတ်ရေး NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ကိုယ်စားလှယ်အဖွဲ့လည်း ဒေါ်ဇင်မာအောင်လည်း ဒီအခမ်းအနားကို တက်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းခဲ့သလို သီးခြားလွတ်လပ်တဲ့ အရှေ့တီမောနိုင်ငံရယ်လို့ ဖြစ်လာအောင် ကြိုးစားခဲ့သူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Dr. Jose Ramos-Horta ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုဆုတောင်းတာဟာ ထူးခြားတယ်လို့ Dili မြို့တော်မှာရောက်နေတဲ့ NUG အစိုးရကိုယ်စားလှယ်အဖွဲ့၀င် ဦးလင်းသန့်က မွေးနေ့ပွဲ မစခင်မှာ VOA မြန်မာပိုင်းကို ခုလို ပြောပါတယ်။

"ဒါကတော့ Symbolic ဖြစ်မယ်လို့ထင်ပါတယ်။ Historic လဲဖြစ်မယ် Symbolic လဲဖြစ်မယ်ပေါ့နော်။ အဲ့လိုမျိုး ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ နောက်တခုကတော့ ဒီသမ္မတကြီးကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲမှာ တက်ရောက်ပြီးတော့ မွေးနေ့ကိတ်ခွဲကြမယ့် ကိစ္စဆိုတော့ နိုင်ငံတကာ ခေါင်းဆောင်တွေရော ဒေသတွင်းခေါင်းဆောင်တွေရောကို ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ မေ့မထားဖို့တွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေး အကျဉ်းသား ၂ သောင်းကျော် လွတ်မြောက်ဖို့အရေးကို လုပ်ကြမယ်ပေါ့။"

အရှေ့တီမောသမ္မတ Dr. Ramos-Horta နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ဟာ ဇွန်လ ၁၈ ရက်နေ့ အင်္ဂါနေ့ကလည်း သမ္မတအိမ်တော်မှာ သီးခြားတွေ့ဆုံခဲ့ကြပါတယ်။ ၂ ဘက်ဆက်ဆံရေးတိုးတက်ခိုင်မာအောင်နဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အရှေ့တီမောနိုင်ငံက ဆက်လက်ထောက်ခံနေတယ်ဆိုတာကို မီးမောင်းထိုးပြတာဖြစ်တယ်လို့ သမ္မတ Ramos-Horta ရုံးက ထုတ်ပြန်ထားပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲကျင်းပနေစဉ် (ဇွန် ၁၉၊ ၂၀၂၄)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲကျင်းပနေစဉ် (ဇွန် ၁၉၊ ၂၀၂၄)

ဒီနေ့ ၇၉ နှစ်ပြည့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲတွေကို ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲက နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပုံစံမျိုးစုံကျင်းပခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလည်း အဝေးရောက် ဧရာဝတီအသင်း OIA အဖွဲ့က ဦးဆောင်ပြီး မဲဆောက်ဆေးရုံကြီးမှာ သွေးလှုဒါန်းခဲ့ကြပါတယ်။ သူတို့အဖွဲ့အနေနဲ့ သွေးလှူဒါန်းပွဲကို ဒေါ်အောင်ဆန်းစုကြည် ၅၉ နှစ်ပြည့် မွေးနေ့ကစပြီး နှစ်စဉ် ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ OIA အဖွဲ့အတွင်းရေးမှူးဖြစ်တဲ့ ကိုဖိုးသင်္ကြန်က ပြောပါတယ်။

“အခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ပေါ့နော်။ ဆိုတော့ OIA ကတော့ အမေစုရဲ့ ၅၉ နှစ်ပြည့် မွေးနေ့ကနေစပြီးတော့ ထိုင်းမြန်မာနယ်စပ်မှာ လုပ်လာတာပေါ့နော်။ ဆိုတော့ အခု ၂၀၂၁ နောက်ပိုင်းကတော့ ဒီမှာ အသစ်ရောက်လာတဲ့ လူတွေနဲ့ ပေါင်းပြီးတော့ ပိုပြီးတော့ လုပ်ဖြစ်တယ်။ လာပြီး ပူးပေါင်းပါဝင်တဲ့ သူလည်း ပိုများတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ သက်ဆိုင်ရာ မဲဆောက်ဆေးရုံမှာပဲ ခွင့်ပြုချက်တွေ တောင်းပြီးတော့ ဒီမှာ သွေးလှူတယ်။ ပြီးတော့ အမေစုရဲ့ trademark လို့ပဲ ပြောရမလား အရှုံးမပေးနဲ့ မိငယ်သီချင်းပေါ့နော်အဲ့ဒါကို ဂစ်တာလေးတွေနဲ့ တီးဖြစ်တယ်။ Happy Birthday သီးချင်းဆိုကြတယ်။ ပြီးတော့ လာတဲ့လူတွေက သွေးလှူကြတယ်ပေါ့ဗျာ။ နောက် အင်္ကျီလေးတွေ ဝေတာတို့ ဘာတို့ လုပ်ဖြစ်ပါတယ်။ လူ ၂၅၀၊ ၃၀၀ လောက် လာကြတယ်။ သွေးအလုံးရေက ဘယ်လောက်ရလဲဆိုတာကတော့ ခုထိ စာရင် ပိတ်သေးတော့ မသိရဘူးပေါ့နော်။ လက်ရှိကတော့ (သွေးအလုံးရေ) ၁၅၀ ကျော်သွားပြီ။”

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ပွဲလုပ်ပြီး မြန်မာနိုင်ငံ ပြန်လည်ငြိမ်းချမ်းတာကို ပြန်လည်မြင်နိုင်ဖို့ အသက်ရှည် ကျမ်းမာစေဖို့ ဆုတောင်းခဲ့တယ်လို့ NLD (LA) မလေးရှားဌာနခွဲ ရုံးအဖွဲ့မှူး ဦးစိုးထက်သိန်းက VOA ကိုပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ မွေးနေ့အတွက် ပြီးခဲ့တဲ့ စနေ တင်္ဂနွေနေ့ နေ့တွေထဲက နိုင်ငံတချို့မှာ အထိမ်းအမှတ် ဆုတောင်းပွဲတွေ လုပ်ခဲ့ကြပါတယ်။ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဇွန်လ ၁၆ ရက်နေ့က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ဆုတောင်းခဲ့တာကို NUG ရဲ့ ဩစတြေးလျနိုင်ငံ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ သြစတေးလျကိုရောက်နေတဲ့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆစ်ဒနီမြို့မှာရှိတဲ့ မြန်မာမိသားစုတွေရဲ့ တွေ့ဆုံပွဲလုပ်ခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ အစီအစဉ်တစ်ခုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ ဆုတောင်းပွဲလေးကိုလည်း နိုင်ငံရေး အနှစ်သာရလေး ရှိရှိ လုပ်ခဲ့တယ်ပေါ့နော်။ သူ့ရဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေး ဖယ်ဒရယ်အရေး လူ့အခွင့်အရေးတို့ကို သူမဆုတ်မနစ်တိုက်ပွဲဝင်ခဲ့တဲ့ဟာကို ပြန်ပြောင်းသတိရစေဖို့အတွက် သင့်လျော်တဲ့ တေးသီချင်းတွေ သီဆိုတယ်။ နောက်ပြီးတော့မှ သူ့ဂုဏ်ပုဒ်တွေကို ချီးကျူးပြီးတော့မှ ကဗျာတွေရွတ်တယ်။ နောက်ပြီးတော့မှ မွေးနေ့အတွက်ကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်သားတွေ အားလုံး လွတ်မြောက်ဖို့အတွက် ဆုတောင်းမေတ္တာပို့တာလေးတွေ လုပ်ပါတယ်။”

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာကျင်းပခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာမိသားစုတွေရဲ့ တွေ့ဆုံပွဲ (ဇွန် ၁၉၊ ၂၀၂၄)
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာကျင်းပခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာမိသားစုတွေရဲ့ တွေ့ဆုံပွဲ (ဇွန် ၁၉၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့နဲ့ လူ့အခွင့်အရေး ချို့းဖောက်မှုတွေ ရပ်တန့်ဖို့ စစ်ကောင်စီကို ဩစတြေးလျနိုင်ငံက ဖိအားပေးနေပါတယ်လို့လည်း ဒေါက်တာထွန်းအောင်ရွှေက ပြောပါတယ်။

“သြစတေးလျအစိုးရအနေဲ့ကတော့ စစ်တပ်က အာဏာသိမ်းဖို့ စကြိုးစားတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ သူတို့အစိုးရကနေ ကြေညာချက်ထုတ်တယ်ပေါ့နော်။ အဲ့ဒီမှာတော့ ရွေးကောက်တင်မြောက်ခံ အရပ်သားအစိုးရလက်ထဲကို ဒါပြန်ပြီးတော့မှ အာဏာပြန်လွှဲပြောင်းပေးဖို့ ဆိုတာကို သြစတေးလျအစိုးရက အကြိမ်ကြိမ်တောင်းဆိုတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ရပ်တန့်ဖို့ နောက် ဒီချိုးဖောက်မှုတွေ ကျူးလွန်နေတာတွေကိုလည်း ရှုံ့ချဖို့တွေကိုလည်းတောက် လျောက်လုပ်တယ်ပေါ့နော်။"

အဲ့ဒီမှာ စစချင်း ကာလတွေမှာတော့ သြစတေးလျလူမျိုး မစ္စတာ ရှောင်တာနယ်ကလဲ အကျဉ်းကျခံနေရတော့ နိုင်ငံ‌ရေး အကျဉ်းသားလွတ်မြောက်ရေး ကိစ္စတွေမှာ ရှောင်နဲ့ အတူတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး issue တွေကလည်း သြစတေးလျရဲ့ အစီအစဉ်မှာ ထိပ်တန်းကနေ ပါပါတယ်။ အခု ရှောင်က လွတ်မြောက်ခဲ့ပြီ ဆိုပေမယ့်လည်း အစိုးရရဲ့ Statement တွေ ထုတ်တိုင်းထုတ်တိုင်းမှာ ဒီနိုင်ငံရေး အကျဉ်းသားတွေရဲ့ လွတ်မြောက်မှုတွေကိုအမြဲတမ်း ထည့်ပြောတာကို တွေ့ရပါတယ်။”

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ ဧရိယာ၊ နယူးယောက်၊ လော့စ်အိန်ဂျယ်လိစ် အပါအဝင် မြို့တချို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ပွဲတွေလုပ်ခဲ့ကြပါတယ်။ ဥရောပမှာဆိုရင်လည်း လန်ဒန်မြို့တော်က လွှတ်တော်ရင်ပြင်နေရာမှာ အပါအဝင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ဒီနေ့ ပွဲတွေလုပ်ခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အီတလီနိုင်ငံ Abbiategrasso မြို့က ဇွန်လ ၁၇ ရက်နေ့မှာ ချီးမြှင့်ခဲ့တဲ့ အခမ်းအနား
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အီတလီနိုင်ငံ Abbiategrasso မြို့က ဇွန်လ ၁၇ ရက်နေ့မှာ ချီးမြှင့်ခဲ့တဲ့ အခမ်းအနား

အီတလီနိုင်ငံ မီလန်မြို့တော်မှာလည်း အီတလီ မြန်မာ ချစ်ကြည်ရေးအဖွဲ့ ဦးဆောင်သူ ဆီးနိတ် လွှတ်တော်အမတ် Albertina Soliani ဦးဆောင်ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ Lombard မြို့နယ်ကောင်စီ က ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ထူးဆောင် မြို့တော်သူ ချီးမြှင့်တာမှာ သားဖြစ်သူ Kim Aris က မိခင်ကိုယ်စား လက်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးခံထားရပြီးကတည်းက မိသားစုနဲ့ တွေ့ဆုံခွင့်မရတဲ့အပြင် သူ့ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ထောင်ဒဏ်ချမှတ်ပြီးနောက်ပိုင်း သူ့ရှေနေတွေနဲ့ပါ တွေ့ဆုံခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားတာဖြစ်ပါတယ်။

လက်ရှိ သူ့ကို ဘယ်မှာ ထိန်းသိမ်းထားသလဲဆိုတာ မသိရပေမဲ့ နေပြည်တော်အကျဉ်းထောင်မှာ ရှိနေတယ်လို့ ယုံကြည်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က ပြောကြားထားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲက ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့် နဲ့ လျှော့ပေါ့ ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG