သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ARSA အကြမ်းဖက်အဖွဲ့ နဲ့စေ့စပ်ညှိနှိုင်းခြင်းမပြုနိုင်လို့ ကာကွယ်ရေးဝန်ကြီး ပြောကြား


ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း (Ministery of Defence of the Russian Federation) ၂၆ ဧပြီ ၂၀၁၆
ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း (Ministery of Defence of the Russian Federation) ၂၆ ဧပြီ ၂၀၁၆

ARSA ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့ ဖြစ်တဲ့အတွက် မြန်မာအစိုးရဘက်က စေ့စပ်ညှိနှိုင်းဖို့ မရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်းက မနေ့ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာအထောက်အကူပေးရေးအဖွဲ့တွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာမှု ဆိုင်ရာအကူအညီတွေပေးနိုင်ဖို့ အောက်တိုဘာလ (၉)ရက်နေ့ ညသန်းခေါင်ထိ တလကြာ ARSA ဘက်က အပစ်ခတ်ရပ်စဲထားတဲ့ အချိန်ကာလ ကုန်ဆုံးပြီးနောက် မြန်မာအစိုးရဘက်က အခုလို တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဘက်က အပစ်ခတ်ရပ်စဲရေး၊ စေ့စပ်ညှိုနှိုင်းရေး စတဲ့ သဘောထားကြေညာချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ဘာတခုမှ အသိအမှတ်ပြုထားတာမရှိဘူးလို့ နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်းက သတင်းထောက်တွေကို အခမ်းအနားအပြီး အခုလို ပြောပါတယ်။

“ ကျနော်တို့ဘက်က သူတို့ အပစ်ခတ်ရပ်စဲတာတို့ မရပ်စဲတာတို့ ကျနေ်ာတို့ ဘက်က ဘာမှ မသိအမှတ်ပြုထားတာ မရှိပါဘူး။ သူက အကြမ်းအဖက်အဖွဲ့ဖြစ်တဲ့အတွက် ဘယ်အစိုးရအဖွဲ့ကမှလည်း အကြမ်းဖက်အဖွဲ့နဲ့ စေ့စပ် ညှိနှိုင်းထားတာ မရှိပါဘူး။ ကျနော်တို့ကလည်း သူတို့ကို အသိအမှတ်မပြုပါဘူး။”

အောက်တိုဘာလ (၇)ရက်နေ့က ထုတ်ပြန်တဲ့ ARSA အဖွဲ့ရဲ့ ကြေညာချက်ထဲမှာတော့ - တချိန်ချိန်မှာ မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပြောဆိုချင်တယ်ဆိုရင် သူတို့အနေနဲ့ အပြန်အလှန် ဆွေးနွေးသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲတဲ့ကာလ ကုန်ဆုံးပြီးနောက် ဘာလုပ်မယ်ဆိုတာကိုတော့ အဲဒီကြေညာချက်ထဲမှာ ဖေါ်ပြထားခြင်းမရှိပါဘူး။

ဒါကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နိုင်ချေ ရှိနေပြီး ထိခိုက်မှု မဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒုဗိုလ်ချုပ်ကြီး စိန်းဝင်းကပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ပြည်ထဲရေးဌာနနဲ့ ပူးပေါင်းပြီးတော့ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး ကြိုးစားပြီးတော့ဆောင်ရွက်နေပါတယ်။ သို့သော် အဖျက်အမှောက်လုပ်ငန်းဆိုတာတော့ လုပ်ချင်လဲလုပ်နိုင်တဲ့ အနေအထားတော့ရှိမယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဧရိယာအကျယ်ကြီး ဖြစ်နေတဲ့အခါကျတော့ မမျှော်လင့်တဲ့အခါမှာ အကြမ်းဖက်ဆိုတာကတော့ လုပ်တာပါပဲ။ ကမ္ဘာမှာနေ့တိုင်း အကြမ်းမဖက်တဲ့ နေ့မရှိသလောက်ပါပဲ။ ဆော်ဒီမှာတောင် ဘုရင့်နန်းတော် လာပစ်သေးတာပဲ သဘောပြောတာလေ။ ကျနော်တို့မှာ ဒီလောက်မြေ အကျယ်ကြီးမှာ ဒီလိုအကြမ်းဖက် လုပ်ရပ် မလုပ်ဘူးလို့တော့ မပြောနိုင်ဘူး။ သို့သော် ထိခိုက်မှု မဖြစ်အောင်တော့ ကျနော်တို့ ဘက်က တတ်စွမ်းသမျှ ဆောင်ရွက်နေပါတယ်။ မဖြစ်အောင်လဲ ကြိုးစားနေပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ အောက်တိုဘာလ ၁-၃ ရက်နေ့ထိ ၃ ရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာလည်း သြဂုတ်လ ၂၅ ရက်နေ့က မြန်မာလုံခြုံရေးစခန်း ၃၀ ကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အဖွဲ့ကို နှစ်နိုင်ငံလုံးရဲ့ ဘုံရန်သူအဖြစ် ခံယူကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရက သြဂုတ်လ ၂၅ ရက်နေ့ က ARSA( ခေါ်) ရခိုင်ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ်မတော်ကို အကြမ်းဖက်အုပ်စုနဲ့ အစွန်းရောက် အကြမ်းဖက်သမားများအဖြစ် ကြေညာထားပါတယ်။ ဒီအတောအတွင်းARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင် ၅၂ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း ၁၉၂ ဦး ပျောက်ဆုံးလျက်ရှိတယ်လို့လဲ မြန်မာအစိုးရ သတင်းထုတ်ပြန်ထားပါတယ်။

ARSA အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင်ဟာ Ata Ullah ဖြစ်ပြီး သူ့ကို ပါကစ္စတန်နိုင်ငံ ကရာချိမြို့ ဆင်ခြေဖုံး ဆင်းရဲနွမ်းပါးတဲ့ ရိုဟင်ဂျာမျိုးဆက် မိဘနှစ်ဦးကမွေးဖွားခဲ့တာလို့ဆိုပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်အပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းက ARSA အကြမ်းဖက်အဖွဲ့တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချထားပြီး နောက်ဆက်တွဲ ဂယက်အဖြစ် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၅ သိန်းကျော် ၂ လအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ ထွက်ပြေးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကိုလည်း အပြင်းအထန်ကန့်ကွက်ထားပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခမှာ အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းမပေးနိုင်ဘူးဆိုရင် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ နယ်မြေဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို သတိပေးပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG