နိုင်ငံရေး လှုပ်ရှားသူတွေ ကွပ်မျက်ခံရမှုကြောင့် မြန်မာ့အရေး ကြိုးပမ်းမှုတွေထိခိုက် (အာဆီယံအထူးသံတမန်)
{{Zawgyi/Unicode}}
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို မကြာသေးခင်က သေဒဏ်ပေး ကွပ်မျက်လိုက်တဲ့အတွက် မြန်မာ့အရေး အာဆီယံအဖွဲ့ကြီးရဲ့ ကြိုးပမ်းမှုတွေကို အဟန့်အတား ဖြစ်သွားစေတယ်လို့ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီး ကပြောလိုက်ပါတယ်။
“ဒီကွပ်မျက်မှုတွေဟာ နောက်ပြန်ဆုတ်တဲ့ လုပ်ရပ်ဖြစ်ခဲ့ရပြီး၊ ရှေ့လာမယ့် သီတင်းပတ်တွေ၊ လတွေအတွင်း တိုးတက်ဖြစ်ထွန်းမှုတွေ ရှိမရှိ ဆိုတာကို စောင့်ကြည့်သွားဖို့လည်း အာဆီယံရဲ့ ကျန်အဖွဲ့ဝင် ၉ နိုင်ငံက သဘောတူခဲ့ကြပါတယ်။။” လို့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Prak Sokhonn က စနေနေ့မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။
နောက်ထပ် သေဒဏ်ပေး ကွပ်မျက်မှုတွေ ရှိလာရင်တော့ မိမိတို့ အာဆီယံအဖွဲ့ကြီး အနေနဲ့ မြန်မာနိုင်ငံကို ဘယ်လို သဘောထား ဆက်ဆံရမယ်ဆိုတာကို ပြန်စဉ်းစားဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားလိမ့်မယ်လို့လည်း သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် အာဆီယံ အစည်းအဝေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာလည်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ကွပ်မျက်လိုက်တဲ့အပေါ် သတိပေးခဲ့တာပါ။
မြန်မာစစ်ကောင်စီကတော့ အကြမ်းဖက် လုပ်ရပ်တွေ ကျုးလွန်သူတွေအဖြစ် သေဒဏ်ပေးကွပ်မျက်ခဲ့တာဖြစ်ကြောင်းနဲ့ အာဆီယံရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအဖြစ် သုံးနှုန်းပြောဆိုတာကို ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့လထဲ သေဒဏ်စီရင်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် အာဆီယံနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်ရှုတ်ချမှုတွေ၊ စိုးရိမ်တဲ့ သဘောထားတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
...........................................
{{Zawgyi/Unicode}}