သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ နိုင်ငံတကာအရေး လွှမ်းမိုးနေမယ့် အာဆီယံအစည်းအဝေး 


The Association of Southeast Asian Nations, ASEAN, members attend a meeting during the Foreign Ministers Interface Meeting with ASEAN Intergovernmental Commission on Human Rights (AICHR) representatives in Phnom Penh, Cambodia, Tuesday, Aug. 2, 2022. (AP
The Association of Southeast Asian Nations, ASEAN, members attend a meeting during the Foreign Ministers Interface Meeting with ASEAN Intergovernmental Commission on Human Rights (AICHR) representatives in Phnom Penh, Cambodia, Tuesday, Aug. 2, 2022. (AP

အာဆီယံနဲ့ အမေရိကန် အပါအဝင် မိတ်ဖက် ၁၁ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာ့အရေးဟာလည်း နိုင်ငံတကာ ပြဿနာတွေနဲ့အတူ လွှမ်းမိုးနေလိမ့်မယ်လို့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။ ဗွီအိုအေ ခမာသတင်းဌာနက Hul Reaksmey ဖနွမ်းပင်မြို့တော်က သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် ကပြောပြပါမယ်။  

မြန်မာနဲ့ နိုင်ငံတကာအရေး လွှမ်းမိုးနေမယ့် အာဆီယံအစည်းအဝေး

{{Zawgyi/Unicode}}
အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံနဲ့ အမေရိကန် အပါအဝင် မိတ်ဖက် ၁၁ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာ့အရေးဟာလည်း နိုင်ငံတကာ ပြဿနာတွေနဲ့အတူ လွှမ်းမိုးနေလိမ့်မယ်လို့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။ မကြာသေးခင်က မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်တဲ့အတွက် ပြည်တွင်းပြည်ပ အာရုံစိုက်ခံနေရချိန်မှာ မြန်မာ့အရေးဟာ အဓိက ဆွေးနွေးစရာ ဖြစ်လာနေတာပါ။ ဒီအကြောင်း ဗွီအိုအေ ခမာသတင်းဌာနက Hul Reaksmey ဖနွမ်းပင်မြို့တော်က သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် ကပြောပြပါမယ်။

အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးမှာ မြန်မာ့အရေးဟာလည်း ယူကရိန်းစစ်ပွဲ၊ ကမ္ဘာ့ကပ်ရောဂါနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေနဲ့ အတူ ထိပ်ဆုံးကနေ ဆွေးနွေးကြလိမ့်မယ်လို့ ခန့်မှန်းနေတာ ဖြစ်ပါတယ်။ အစည်းအဝေး တက်ရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာလည်း မြန်မာ့အရေးနဲ့ နိုင်ငံတကာ ကိစ္စတွေကို အလေးထား အာရုံစိုက်မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။

ကမ္ဘောဒီးယား က လေ့လာသူတဦးလည်းဖြစ်၊ နိုင်ငံရေးသိပ္ပံပါမောက္ခလည်းဖြစ်တဲ့ Em Sovannar ကတော့ မြန်မာ့အရေးဟာ အစည်းအဝေးမှာ အခြေအတင် ဆွေးနွေးရမယ့်ကိစ္စ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ လွှတ်တော်အမတ်ဟောင်း တဦးအပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေး ကွပ်မျက်လိုက်တဲ့အတွက် ကမ္ဘာ့ခေါင်းကြီးသတင်းဖြစ်ခဲ့ရတာကြောင့် အာရုံစိုက်မှုတွေ ပိုများလာနေကြောင်းလည်း ပြောပါတယ်။

“မြန်မာ့အရေးဟာ ဒေသတွင်း လုံခြုံရေးကိစ္စအတွက် မဖြစ်မနေ ဆွေးနွေးစရာ ကိစ္စတခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အမေရိကန်မှာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ အထူးအစည်းအဝေး တုန်းက သဘောတူခဲ့တဲ့အတိုင်း အမေရိကန်နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့နဲ့ ထိန်းထားဖို့ အာဆီယံရဲ့ ရပ်တည်ချက်အရ ဆွေးနွေးရမယ့် ကိစ္စတခု ဖြစ်လာနိုင်ပါတယ်။”

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ပေမယ့် လက်တွေ့မှာ အကောင်အထည် မပေါ်တဲ့အတွက်လည်း ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည် မဖော်နိုင်တာ အပါအဝင် မြန်မာ့အရေး ဖြေရှင်းမှုတွေမှာ တိုးတက်မှု မရှိဘူးဆိုပြီး မြန်မာစစ်အာဏာပိုင်တွေကိုတော့ အာဆီယံရဲ့ အစည်းအဝေး တော်တော်များများမှာ တက်ခွင့်မပြုခဲ့ပါဘူး။

စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ ကိုဗစ်ကပ်ရောဂါနဲ့ မြန်မာနိုင်ငံက မတည်မငြိမ် အခြေအနေတွေကြောင့် အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး အခက်အခဲတွေ ရှိနေတာကြောင်း တနင်္လာနေ့က မိန့်ခွန်းမှာ ကာကွယ်ပြောဆိုထားပါတယ်။

လေ့လာသူတဦးဖြစ်တဲ့ ကမ္ဘောဒီးယား ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှုး Pou Ksothirak ကတော့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်း တခုကို ပြတ်ပြတ်သားသား ချမှတ်ရမယ့် အချိန်ကျရောက်နေပါပြီ။ ဒါမှမဟုတ် ဒီကိစ္စကို ဒေသဆိုင်ရာ အဆင့်နဲ့ မဖြေရှင်းနိုင်တော့ဘူးဆိုရင်လည်း ကုလသမဂ္ဂကို လွဲှပြောင်းပေးပြီး နိုင်ငံတကာကိစ္စအဖြစ် ဖြေရှင်းသင့်တယ်လို့ သုံးသပ်ပါတယ်။

“မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ ထိပ်သီးအစည်းအဝေးတခု ကျင်းပပြီး နိုင်ငံတကာ အကျပ်အတည်းအဖြစ် ကိုင်တွယ်သင့်ပါတယ်။ အခုအချိန်မှာ မြန်မာ့အရေးဟာ ဒေသတွင်းပြဿနာ အဆင့်မှာတောင်ရှိ မနေပါဘူး။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း အလေးမထားတဲ့ ပုံပေါ်သလို၊ တခြားနိုင်ငံတွေကို အပြင်းအထန် အာခံနေပြီး လှောင်ပြောင်ရာ ရောက်နေပါတယ်။”

ဖနွမ်းပင်မြို့တော်မှာ ဗုဒ္ဓဟူးနေ့ စတင်မယ့် အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေကိုတော့ အမေရိကန်၊ ဥရောပသမဂ္ဂ (EU) တရုတ်၊ ရုရှား၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားစတဲ့ မိတ်ဖက်နိုင်ငံတွေလည်း တက်ရောက်မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့လည်း တက်ရောက်ကြမယ့် အစည်းအဝေးမှာတော့ လတ်တလော အခြေအတင်ဖြစ်စရာတွေ ကြုံနေရတဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့ ထိုင်ဝမ်ခရီးစဉ်၊ တောင်တရုတ်ပင်လယ်အရေး၊ ယူကရိန်းအပေါ် ရုရှားကျုးကျော်စစ် စတဲ့ ကိစ္စတွေဟာလည်း လွှမ်းမိုးနေလိမ့်မယ်လို့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

.......................................................................


{{Zawgyi/Unicode}}









XS
SM
MD
LG