သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN စည်းဝေးပွဲ မြန်မာကို ဘာကြောင့်ငြင်းဆန်သလဲ


ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော် သံတမန်ခန်းမမှာ တွေ့ဆုံကြစဉ်။ (ဇန်နဝါရီ ၇၊ ၂၀၂၂/ ဓာတ်ပုံ စစ်ကောင်စီပြန်ကြားရေးအဖွဲ့)
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော် သံတမန်ခန်းမမှာ တွေ့ဆုံကြစဉ်။ (ဇန်နဝါရီ ၇၊ ၂၀၂၂/ ဓာတ်ပုံ စစ်ကောင်စီပြန်ကြားရေးအဖွဲ့)

ASEAN စည်းဝေးပွဲ မြန်မာကို ဘာကြောင့်ငြင်းဆန်သလဲ

{{Zawgyi/Unicode}}
မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ကမ္ဘောဒီယားမှာ ဒီလထဲ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ တက်ရောက်ခွင့် ၊ ပိတ်ပင်လိုက်တဲ့ အာဆီယံ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားရဲ့ဆုံးဖြတ်ချက်ကို နိုင်ငံတချို့က ကြိုဆိုလိုက်ပါတယ်။ အကယ်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမယ်ဆိုရင် ဒီအစည်းဝေးပွဲ ပျက်သွားနိုင်တယ်လို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်တွင်းက အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဖို့ အာဆီယံအဖွဲ့ကြီးကလည်း ထပ်မံ တောင်းဆိုလိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က ဒီအကြောင်းတွေကို စုစည်း တင်ပြထားပါတယ်။

အာဆီယံက ချမှတ်ထားတဲ့ မူဘောင် (၅)ချက်ကို မြန်မာ စစ်ကောင်စီက အကောင်အထည်ဖော်ဆောင်ရာမှာ တိုးတက်မှု အနည်းငယ်သာ တွေ့ရတဲ့အတွက် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖေဖေါ်ဝါရီ (၁၆-၁၇) ဖနွမ်းပင်မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲကို တက်ရောက်ခွင့် မပြုတော့ဖို့ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံက ဆုံးဖြတ်လိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရ Chum Sounry က ဗွီအိုအေ ခမာဌာနကို ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

စစ်ကောင်စီကို ဖိတ်ကြားဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ဘုံသဘောတူညီချက် မရနိုင်တာကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဦးဝဏ္ဏမောင်လွင် တက်ရောက်ခွင့်ရတော့မှာ မဟုတ်ပေမဲ့ ၊ စည်းဝေးပွဲမှာ ဒီအတိုင်း ခုံအလွတ်ကြီး ထားတာမျိုးထက် နိုင်ငံရေးရာထူး ရယူထားသူ မဟုတ်တဲ့ မြန်မာကိုယ်စားလှယ် တယောက်တော့ ကိုယ်စားပြု တက်စေလိုကြောင်း ကမ္ဘောဒီးယားက တိုက်တွန်းထားတာပါ။ ဒီအပေါ်မှာ မြန်မာစစ်ကောင်စီရဲ့ တုံပြန်ချက် ထွက်ပေါ် မလာသေးပါဘူး။

အာဆီယံ အစည်းအဝေး ပျက်သွားတဲ့အထိ ဖြစ်လာနိုင်တာကြောင့် မြန်မာကို မဖိတ်တော့တာ ဖြစ်နိုင်ကြောင်း Cambodian Institute for Cooperation and Peace အဖွဲ့က သုတေသီ - Vann Bunna က သုံးသပ်ပါတယ်။

" မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုသာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးပွဲတက်ဖို့ ဖိတ်ကြားလိုက်မယ်ဆိုရင် - ဒီ စည်းဝေးပွဲကြီး ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ဖို့ ကမ္ဘောဒီးယားက ဆုံးဖြတ်တယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ၊ အပြန်အလှန် ယုံကြည်မှု ပိုရအောင်လုပ်ဖို့ထက် အခြားအာဆီယံနိုင်ငံတွေနဲ့ ကမ္ဘောဒီးယားကြားရှိနေတဲ့ အကျိုးစီးပွားကို ထည့်တွက်ရတဲ့အတွက် အစည်းအဝေး မဖိတ်ဖို့ ဆုံးဖြတ်ချက်ကို ချခဲ့ဟန်တူပါတယ် "

၂၀၂၁ ဧပြီလ အင်ဒိုနီးရှားမှာလုပ်တဲ့ အာဆီယံထိပ်သီး ညီလာခံမှာ အာဆီယံရဲ့ မူဘောင်(၅)ချက်ကို လိုက်နာပါမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိပေးခဲ့ပေမဲ့ လက်တွေ့မှာ အကောင်ထည်ဖေါ်မှု အလွန်အားနည်းတာက အာဆီယံနိုင်ငံ ခေါင်းဆောင်တွေကို စိတ်ပျက်စေခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒါကြောင့်လည်း ကမ္ဘောဒီးယားမှာလုပ်မယ့် နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ မြန်မာ မပါသင့်ဘူးလို့ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံတွေက ကျယ်ကျယ်လောင်လောင် ထုတ်ပြောခဲ့ကြပါတယ်။

အာဆီယံအဖွဲ့ကြီးက မြန်မာကို မဖိတ်ကြားဖို့ ဆုံးဖြတ်ချက်အပေါ် ကမ္ဘောဒီယားဆိုင်ရာ အမေရိကန်သံရုံးက ကြိုဆိုလိုက်ပြီး ၊ မြန်မာကို ဆက်လက် ဖိအားပေးဖို့လိုတယ်လို့ အမေရိကန်သံရုံး နိုင်ငံရေးဌာန အကြီးအကဲ Jonathan Turley က ခုလို တိုက်တွန်းပါတယ်။

" အဆီယံရဲ့ ဘုံသဘောတူချက် ၅ ရပ်ကို အမေရိကန်အနေနဲ့ ထောက်ခံ သဘောတူတယ်။ အဲဒီ ၅ ချက်ကို စစ်ကောင်စီက အကောင်ထည်ဖေါ်လာအောင် အလှည့်ကျဥက္ကဌ ကမ္ဘေားဒီးယားအနေနဲ့ မြန်မာကို ဆက်လက်ဖိအားပေးဖို့ လိုပါတယ်။ အာဆီယံရဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ သွားတဲ့အခါမှာလည်း သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ခွင့်ရအောင် ကြိုးစားဖို့လည်း လိုပါတယ် "

တကယ်တော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲကို ဇန်နဝါရီ (၁၆-၁၇)မှာ ကျင်းပဖို့ ကနဦးက စီစဉ်ထားခဲ့ပေမယ့် ဖေဖေါ်ဝါရီလထဲ ရွှေ့ဆိုင်းခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ ဒီပဋိပက္ခထဲ သက်ဆိုင်သူတွေ အားလုံးအနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ကိုလည်း အာဆီယံအဖွဲ့ကြီးက ဖေဖေါ်ဝါရီ ၂ ရက် ဗုဒ္ဓဟူးနေ့က ထပ်မံ တိုက်တွန်းခဲ့ကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

...............................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}










XS
SM
MD
LG