သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင်ကို ခြွင်းချက်နဲ့အာဆီယံထိပ်သီးဖိတ်


ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန် (ဓာတ်ပုံ - AP)
ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန် (ဓာတ်ပုံ - AP)

မြန်မာစစ်ခေါင်းဆောင်ကို ခြွင်းချက်နဲ့အာဆီယံထိပ်သီးဖိတ်
မနှစ် က သဘောထူထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ် အပေါ်မှာ တိုးတက်မှု ရှိခဲ့ရင် လို့ အကြောင်းခံပြီး၊ မြန်မာ စစ်ကောင်စီ ခေါင်းဆောင် ကို သူ ဖိတ်ကြားခဲ့တယ်လို့ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန် က ဒီနေ့ အင်္ဂါနေ့ မှာ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အွန်လိုင်း ဗွီဒီယို က တဆင့် စကားပြောမယ်လို့ ဆိုပါတယ်။ မလေးရှား ဝန်ကြီးချုပ် နဲ့ ဒီနေ့မှာပဲ စကားပြောပြီးတဲ့နောက် သူ့ ရဲ့ Facebook လူမှု စာမျက်နှာပေါ်မှာ ခုလို ပြောခဲ့တာပါ။ တကယ်လို့ ငြိမ်းချမ်းရေး အစီအစဉ် တိုးတက်မှု မရှိဘူး ဆိုရင်၊ နိုင်ငံရေး အဆင့် မဟုတ်တဲ့ ကိုယ်စားလှယ်တစ်ယောက် ကို စေလွှတ်ရပါမယ် လို့လည်း ရေးထားပါတယ်။

ဒါပေမဲ့ အခြေအနေ က အလေးအနက် ထားရမယ့် အခြေအနေဖြစ်ပြီး၊ မနှစ် ဧပြီ မှာ သဘောတူခဲ့ကြတဲ့ အာဆီယန် ရဲ့ သဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ရာမှာ အရေးပါတဲ့ ဘာတိုးတက်မှုမှ မရှိသေးဘူး လို့ စင်္ကာပူ ဝန်ကြီးချုပ် Lee Hsien Loong က ဒီနေ့ ပြောလိုက်ပါတယ်။ ဘင်တန် Bintan မှာ ကျင်းပနေတဲ့ စင်္ကာပူ နဲ့ အင်ဒိုနီးရှား ခေါင်းဆောင်များ ညီလာခံ ကို အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို နဲ့ စင်္ကာပူ ဝန်ကြီးချုပ် လီရှင်လွန်း တို့လည်း တက်ရောက်နေရာ မှာ ခုလို ပြောလိုက်တာပါ။

ဒီကနေ့ ဟွန်ဆန် နဲ့ ဆွေးနွေးခဲ့ရာမှာ သဘောတူညီချက် ၅ ရပ် ကို အကောင်အထည် ဖော်ရာမှာ၊ တကယ် တိုးတက်မှု မရှိခဲ့ရင်၊ မလေးရှား ရဲ့ ရပ်တည်ချက် က အရင်အတိုင်းပါပဲ လို့ မလေးရှား ဝန်ကြီးချုပ် ဒါတွတ် ဆရီ အစ္စမေး ဆဘရီ ယာကော့ဗ် Datuk Seri Ismail Sabri Yaakob က ဟွန်ဆန် ကို ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဝီစမာ ပုထြ (Wisma Putra) က ဒီကနေ့ ပြောပါတယ်။ စစ်ကောင်စီ ဟာ အာဆီယန် ဥက္ကဌ ရဲ့ အထူးကိုယ်စားလှယ် ကို မြန်မာ့ နိုင်ငံရေး အကျပ်အတည်း မှာ ပါဝင်ပတ်သက်သူတွေ အားလုံး နဲ့ တွေ့ဆုံခွင့် ပေးရမယ် လို့ ဟွန်ဆန် ကို မလေးရှားဝန်ကြီးချုပ် က အခိုင်အမာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ ပြည်သူတွေ ရဲ့ အကျိုးစီးပွါးအတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တစ်ရပ် ကျင်းပဖို့ မလေးရှား ဝန်ကြီးချုပ် က တိုက်တွန်းလိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှား သမ္မတ Joko Widodo ကလည်း မလေးရှား ဝန်ကြီးချုပ် ပြောခဲ့တဲ့ အချက်တွေကိုပဲ ပြောခဲ့တဲ့အပြင် အာဆီယံ က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ရာမှာ စစ်ကောင်စီ ရဲ့ လမ်းပြမြေပုံ ငါးချက် နဲ့ သွား မချိတ်ဆက်သင့်ဘူး လို့ ဇန်နဝါရီလ ၂၃ ရက်‌နေ့ က ဟွန်ဆန် နဲ့ ဆွေးနွေးရာမှာ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ အပေါ် ချဉ်းကပ်မှု ဟာ သဘောတူညီထားပြီး မူတွေ၊ အထူးသဖြင့် ဘုံသဘောတူညီချက် ၅ ရပ် အပေါ် အခြေခံ ချဉ်းကပ်သင့်တယ်လို့လည်း သူ က ဆိုခဲ့ပါတယ်။

.............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG