သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက်တွေ မအောင်မြင် (SAC-M)


မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင်များ။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင်များ။

(Zawgyi / Unicode)

အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်တို့အကြား သဘောတူညီခဲ့တဲ့ အချက် ၅ ချက်ကို သိသိသာသာ အကောင်အထည် ဖော်နိုင်ခြင်း မရှိတာဟာ အခုဆိုရင် တနှစ်အထိ ကြာမြင့်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဧပြီလ ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

အဲဒီလို သဘောတူညီချက် ရပြီးကတည်းကစလို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေအပေါ်မှာ စစ်ရေးအရ တိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာကြောင်း၊ နိုင်ငံရေး အတိုက်အခံတွေကို ဖမ်းဆီးတာတွေ လုပ်လာကြောင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်တဲ့ နေရာတွေကို ကူညီခွင့် ပိတ်ပင်ခဲ့ကြောင်းလည်း အဲဒီကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အာဆီယံ အထူးကိုယ်စားလှယ်ကိုလည်း မြန်မာ့နိုင်ငံရေးမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်တို့ကို ပိတ်ပင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

တချိန်တည်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ ကျေးရွာတွေကို မီးရှို့တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ နှိပ်စက်တာတွေကိုလည်း လုပ်နေတယ်လို့ ပါရှိပါတယ်။ အဲဒီအတွက် လူဦးရေ ၅ သိန်းနီးပါးလောက်ဟာ နေရပ်ဒေသတွေကို စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ရေးသားထားပါတယ်။

အဲဒီလိုအခြေနေတွေကြောင့် အာဆီယံ ဆွေးနွေးပွဲတွေမှာ မြန်မာစစ်ကောင်စီကို ပါဝင်ခွင့်မပေးတာကို အမြဲတမ်း သတ်မှတ်ထားရန် တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အပါအဝင် မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေနဲ့ မြန်မာ့နိုင်ငံရေး စတင်ဖြေရှင်းတဲ့အနေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့လည်း ဆော်သြလိုက်ပါတယ်။

နောက်ဆုံးအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံတကာ အတိုင်းအတာနဲ့ ဖြေရှင်းဖို့ တာဝန်ယူ ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ကြီးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် ဥက္ကဋ္ဌဟောင်း Marzuki Darusman တို့လို နိုင်ငံတကာမှာ ထင်ရှား အရေးပါတဲ့ ပညာရှင်တွေ ပါဝင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)










XS
SM
MD
LG