သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သိန္နီမှာ အရပ်သား ၄ ဦးထက်မနည်း သေဆုံး


ကိုးကန့်မီဒီယာက ထုတ်ပြန်ထားသည့် ရှမ်းပြည်နယ် မူပန်(သိန္နီ)ခရိုင်မိုင်းယော်ဒေသအတွင်း စစ်ကောင်စီက ဗုံးကြဲခဲ့သည့်မြင်ကွင်း (ဇန်နဝါရီ ၇၊ ၂၀၂၄)
ကိုးကန့်မီဒီယာက ထုတ်ပြန်ထားသည့် ရှမ်းပြည်နယ် မူပန်(သိန္နီ)ခရိုင်မိုင်းယော်ဒေသအတွင်း စစ်ကောင်စီက ဗုံးကြဲခဲ့သည့်မြင်ကွင်း (ဇန်နဝါရီ ၇၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ဘက်မှာ ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီရဲ့ လေကြောင်း တိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ကိုးကန့်မီဒီယာက ဆိုပါတယ်။ သိန္နီအခြေစိုက် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၁၆ ကို တနေ့ တနင်္ဂနွေနေ့က သိမ်းနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က မနေ့ကပဲ ကြေညာအပြီး တနင်္လာညပိုင်းမှာ ဂျက်လေယာဉ်နဲ့ ၄ ကြိမ် မိုင်းယော်ဒေသကို လာရောက် တိုက်ခိုက်ခဲ့တာလို့ ကိုးကန့်မီဒီယာမှာ ဒီကနေ့ ဖော်ပြပါတယ်။

မနေ့ တနင်္လာနေ့ည ၇ နာရီ ၁၆ မိနစ်ကနေ ၇ နာရီ ၅၀ မိနစ်အတွင်း မိုင်းယော်ဒေသ ဘေးပတ်ပတ်လည်ကို အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် နောက်ထပ် အရပ်သား တစ်ဦးလဲ ဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ် ၁၀ အိမ် ထိမှန်ကာ ၉ အိမ်ပျက်စီးခဲ့တယ်လို့ ကိုးကန့်မီဒီယာရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။ စစ်ကောင်စီအနေနဲ့ သိန္နီကို ပြန်ရနိုင်ဖို့ အောက်ခြေတပ်တွေကို အတင်းအမိန့်ပေး ထိုးစစ်ဆင်ခိုင်းထားကြောင်း သတင်းတွေထွက်နေပေမဲ့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။

ကိုးကန့်မီဒီယာက ထုတ်ပြန်ထားသည့် ရှမ်းပြည်နယ် မူပန်(သိန္နီ)ခရိုင်မိုင်းယော်ဒေသအတွင်း စစ်ကောင်စီက ဗုံးကြဲခဲ့သည့်မြင်ကွင်း (ဇန်နဝါရီ ၇၊ ၂၀၂၄)
ကိုးကန့်မီဒီယာက ထုတ်ပြန်ထားသည့် ရှမ်းပြည်နယ် မူပန်(သိန္နီ)ခရိုင်မိုင်းယော်ဒေသအတွင်း စစ်ကောင်စီက ဗုံးကြဲခဲ့သည့်မြင်ကွင်း (ဇန်နဝါရီ ၇၊ ၂၀၂၄)

တချိန်ထဲမှာပဲ မကြာခင်က လောက်ကိုင်မြို့ကို ကိုးကန့်တပ်က သိမ်းအပြီး ကိုးကန့်စစ်သားတဦးက ဘုရားစေတီကို သံတူနဲ့ပေါက်ခဲ့တဲ့ပုံတွေ ဒီရက်ပိုင်း အင်တာနက်အပေါ် ပျံနှံ့နေတာနဲ့ပတ်သက်လို့ ကိုးကန့်အဖွဲ့က တောင်းပန်ထားပြီး ကျုးလွန်ခဲ့သူကို အရေးယူမယ့်အကြောင်းနဲ့ အဲဒီဖြစ်ရပ်ဟာ အထက်ကအမိန့်ပေးခိုင်းစေလို့မဟုတ်ဘဲ ကျူးလွန်တဲ့ ရဲဘော်က သူ့သဘောနဲ့သူ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဒီနေ့ ရက်စွဲနဲ့ MNDAA က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက်က စလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး ကိုးကန့် MNDAA ၊ တအာင်း ပလောင်တပ်ဖွဲ့ TNLA နဲ့ AA ရက္ခိုင့်တပ်တော်တို့ ပါဝင်တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ စစ်ဆင်ရေးကာလ ၂ လခွဲအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါင်း ၁၅ မြို့နဲ့ ဒေသတစ်ခုကို သိမ်းပိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၄,၀၀၀ နီးပါး လက်နက်ချခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာနမှာ ဒီနေ့ ဖော်ပြထားပါတယ်။ ဒီရှမ်းမြောက်တိုက်ပွဲတွင်း အခုချိန်ထိ အရပ်သား အနည်းဆုံး ၇၀ ကျော် သေခဲ့ပြီး နောက်ထပ် ၇၀ ကျော်လည်း ဒဏ်ရာရခဲ့တယ်လို့လည်း ရွှေဖီမြေသတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG