သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါ ကမ္ဘာတဝှမ်း သတင်းသမားသေဆုံးမှု UNESCO အစီရင်ခံစာထုတ်ပြန်


ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO အစီရင်ခံစာသစ် 
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO အစီရင်ခံစာသစ် 

၂၀၂၄ ခုနှစ်အတွင်း အခုအချိန်အထိ ကမ္ဘာတဝှမ်းမှာ သတင်းထောက် ၆၈ ယောက် တာဝန်ထမ်းဆောင်ရင်း အသတ်ခံရတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ၃ ယောက် သေဆုံးတဲ့အကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO က အစီရင်ခံစာသစ် မနေ့က ထုတ်ပြန်ပါတယ်။ အသတ်ခံရတဲ့ သတင်းသမားတွေထဲက ၆၀ ရာခိုင်နှုန်းဟာ ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေမှာ သေဆုံးခဲ့တာလို့လည်း အစီရင်စာက ဖေါ်ပြပြီး ၁၀ နှစ်ကျော်အတွင်း ရာခိုင်နှုန်းအများဆုံးလို့လည်း UNESCO အဖွဲ့ကြီးက ပြောပါတယ်။ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO အစီရင်ခံစာသစ် နဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က မနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။

"သေဆုံးခဲ့တဲ့ သတင်းသမားတွေထဲက ၄၂ ယောက်ဟာ ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေမှာ သေဆုံးခဲ့တာပါ။ ၁၈ ယောက်က ပါလက်စတိုင်း နယ်မြေမှာ သေဆုံးခဲ့တာဖြစ်ပြီး ယူကရိန်းမှာ လေးယောက်၊ ကိုလမ်ဘီယာနိုင်ငံမှာ လေးယောက်၊ အီရတ်၊ လက်ဘနွန်၊ မြန်မာနိုင်ငံတွေမှာ သုံးယောက်ဆီ သေဆုံးခဲ့ပါတယ်။"

ဆီရီးယား ချက်၊ ဆိုမာလီယားနဲ့ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံတွေမှာလည်း သေဆုံးသူ တယောက်စီ ရှိခဲ့တယ်လို့ UNESCO အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာ ယုံကြည်စိတ်ချရတဲ့ သတင်းတွေ ရဖို့ သိပ်ကို အရေးကြီးတဲ့အကြောင်း UNESCO အဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးချုပ် Audrey Azouley ပြောဆိုတာကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။

ဒီလို သတင်းမှန်တွေရရေး တာဝန်ယူ လုပ်ကိုင်နေတဲ့ သတင်းသမားတွေ အသတ်ခံရတာဟာ လက်မခံနိုင်တဲ့လုပ်ရပ်ပါလို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ အသတ်ခံရတဲ့ သတင်းသမားတွေနဲ့ ပတ်သက်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (ICPM) အတွင်းရေးမှူး ဉီးတိုးဇော်လတ်က ဗွီအိုအေကို အခုလို ပြောပါတယ်။

"ကျနော်တို့ မှတ်တမ်းတင်ထားတာတော့ အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်းမှာ အသတ်ခံရတာ သတင်းထောက် ၉ယောက်ရှိပါတယ်။ အသတ်ခံရတာတော့ မျိုးစုံပေါ့ဗျာ။ တချို့က ထောင်ထဲမှာ သေတယ်။ ဒီနှစ်ထဲမှာ ၃ ယောက် ဆိုတာကတော့ကျိုက်ထိုမှာ အသတ်ခံရတာ ၂ယောက်ပေါ့။ ကိုထက်မြတ်သူနဲ့ ကိုဝင်းထွဋ္ဌ်ဦးပါ။ ကျနော့်ရဲ့ကျောင်းသားဟောင်းတွေပါ သူတို့တည်းတဲ့အိမ်မှာ သေနတ်နဲ့ တခါတည်း ပစ်သတ်သွားတာပေါ့လေ။ နောက်တခါ ကိုနေလင်းထိုက် သူက DVB ရဲ့ CJ ပဲ နှစ် ၂၀ကျော် ထောင်ချခံရတယ်။ သူက ထောင်ထဲမှာ ဆေးအကုသမခံရပဲနဲ့ ဆုံးသွားတာပေါ့။ အဲ့တော့ ကျနော်တို့ မှတ်တမ်းတွေအရတော့ ၉ ယောက်ရှိပါတယ်။ လွတ်ပြီးမှ သေတာဆိုရင် ကဗျာဆရာ ဆရာစိမ်းပေါ့ဗျာ သူကတော့ သေခါနီးမှ လွှတ်ပေးလိုက်တယ်။ ၃ ရက်လောက်နေတော့ သေတယ်ပေါ့ဗျာ။ အဲ့တော့ ကျနော်တို့ရှိတဲ့စာရင်းတွေထဲမှာဆိုရင် နည်းမျိုးစုံနဲ့ ထောင်ထဲမှာ သေတဲ့သူရှိတယ် စစ်ကြောရေးမှာ သေတဲ့သူရှိတယ်။ ဒီအတိုင်းပဲ သေနတ်ပစ်သတ်လို့ သေသွားတဲ့သူလည်းရှိတယ်ပေါ့ဗျာ။ အဲ့တာတွေကို ကျနော်တို့ စာရင်းပြုစုထားတယ် ဖြစ်တဲ့အဖြစ်အပျက်တိုင်းကို အသေးစိတ်ကို မှတ်တမ်းတင်ထားတယ် တချိန်ကျရင် ကျနော်တို့သတင်းထောက်တွေကို တရားလက်လွတ်သတ်တယ်ဆိုတာ ကိုပြရမယ်။ သတင်းထောက်ဆိုတာ Journalism is Not a Crime ဘာရာဇဝတ်မှုကိုမှ ကျူးလွန်တာမဟုတ်ဘူး။ သူတို့အလုပ်သူတို့လုပ်တာကို ဒါမျိုး ရက်ရက်စက်စက် အသတ်သေတဲ့အထိ အသတ်ခံရတာ တချိန်ကျရင်တော့ သတင်းသမားတွေအတွက် တရားမျှတမှုကို ပြန်ဖော်ဆောင်နိုင်အောင်လို့ သတင်းမီဒီယာကောင်စီအနေနဲ့စနစ်တကျလည်း မှတ်တမ်းတင်ထားတယ် သက်ဆိုင်ရာအစုအဖွဲ့တွေ ဥပမာ UNESCO လိုဟာမျိုး နိုဝင်ဘာလ ၂ရက်နေ့မှာ သတင်းသမားတွေကို တရားလက်လွတ်သတ်ဖြတ်မှုကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာကို အရေးယူမယ်ဆိုတဲ့နေ့တွေရှိတယ် အဲ့လိုဟာတွေမှာလည်း ကျနော်တို့ စာရင်းတွေ ပေးပို့ထားတယ်။ အဲ့ဒီ့တော့ အသတ်ခံနေရတဲ့သတင်းသမားတွေ အဖမ်းအဆီးခံသတင်းသမားတွေကို မမေ့ပါဘူး အထူးသဖြင့်တော့ တရားမျှတမှုကို ဖော်ဆောင်နိုင်အောင် သတင်းမီဒီယာကောင်စီအနေနဲ့ အတတ်နိုင်ဆုံးဆောင်ရွက်နေပါတယ်ခင်ဗျ။

မဆုမွန် ။ ။ ဟုတ်ကဲ့ ဦးတိုးဇော်လတ်ရှင့် အခုလက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ကာလကနေပြီးတော့ အခု ၂၀၂၄ခုနှစ်အထိ မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သတင်းသမားတွေ မီဒီယာသမားတွေ အရေအတွက် ဘယ်လောက်အထိရှိနေပါပြီလဲရှင့်။

(ICPM) အတွင်းရေးမှူး ဦးတိုးဇော်လတ်။ ။ ကျနော်တို့စာရင်းအရတော့ ၅၂ ယောက် ကျန်ပါသေးတယ်။ အဖမ်းခံရတာ ၁၀၇ ယောက်ပါ။ တချို့ပြန်လွှတ်တာနဲ့ တချို့ကျတော့ အမှုမစွဲပဲနဲ့လွတ်ငြိမ်းချမ်းသာနဲ့ပြန်လွတ်လာတာ လက်ရှိအထိ ၅၂ ယောက် ရှိပါတယ်။ အဲ့ ၅၂ ယောက်ကို ဘာလုပ်နေလဲဆိုတော့ ဘယ်သူတွေ ဘာအမှုနဲ့ အဖမ်းခံထားရတယ်။တချို့ဆိုရင် သတင်းမီဒီယာအမှုနဲ့ အဖမ်းခံထားရတာမဟုတ်ဘူး အကြမ်းဖက်တိုက်ဖျက်ရေးအမှုတွေနဲ့ အဖမ်းခံထားရတာ ဥပမာ ရှင်ဒေဝီဆိုရင် သူက Documentary Maker အရင်က DVB ရဲ့ သတင်းထောက်ဟောင်းပါ။ သူ့ကိုကျတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချထားတယ်ခင်ဗျ။ အဲ့တာတွေကလည်း သတင်းသမားတွေကို သတင်းမီဒီယာဥပဒေနဲ့မဟုတ်ပဲနဲ့တခြားမဆိုင်တဲ့ပြစ်မှုတွေနဲ့ အဓိကကတော့ ကြီးလေးတဲ့ပြစ်မှုတွေ ပေးချင်တာပါ။ အဲ့ဒီ့တော့ ကျနော်တို့ စောင့်လည်း စောင့်ကြည့်နေတယ်။ သူတို့တွေ ဘယ်နေရာမှာလဲ သူတို့တွေ ဘယ်လိုအခက်အခဲတွေ ဘာတွေရင်ဆိုင်နေရလဲဆိုတာကိုတော့ စာရင်းလည်းပြုစုထားတယ် စောင့်လည်း စောင့်ကြည့်နေပါတယ်။ အဲ့တော့ အချုပ်ပြောရရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ၅၂ယောက် ရှိပါတယ်ခင်ဗျ။

မဆုမွန်။ ။ နောက်တခုက ပြန်လွတ်မြောက်လာတဲ့အချိန်တွေမှာ ကျန်းမာရေးဆိုးဝါးလာတာတွေရှိတယ် လုံခြုံရေးအရစိတ်ပူ စိုးရိမ်နေရဆဲ အနေအထားတွေလည်းရှိတယ် အဲ့ဒီ့တော့ အဲ့ဒီ့လိုသတင်းသမားတွေကို ဘယ်လိုကူညီစောင့်ရှောက် ဆောင်ရွက်ပေးသင့်တယ်လို့ ဦးတိုးဇော်လတ် အကြံပေးချင်တာရှိပါသလဲရှင့်။

(ICPM) အတွင်းရေးမှူး ဦးတိုးဇော်လတ်။ ။ အတတ်နိုင်ဆုံးကတော့ဗျာ ဟိုတလောကဆိုရင် လွတ်ငြိမ်းချမ်းသာနဲ့ ၂နှစ် ဓာတ်ပုံသတင်းထောက်လေး ပြန်လွတ်လာပါတယ်။ တချို့ကတော့ သတင်းလုပ်ငန်းကို ဆက်လုပ်တယ် တချို့ကတော့ မလုပ်တော့ဘူး။ တချို့ကလည်း နေရ ထိုင်ရ မလုံခြုံဘူးပေါ့ အဲ့တာတွေကိုတော့ ကျနော်တို့ အမြဲတမ်းစောင့်ကြည့်ပြီးတော့ ဘာအကူအညီပေးရမလဲပေါ့ များသောအားဖြင့်တော့ Press Council အနေနဲ့ တိုက်ရိုက်မဟုတ်ရင်တော့ အဲ့လိုဟာမျိုး Human Rights Defender အနေနဲ့ အကူအညီပေးနေတဲ့ NGO တွေလည်းရှိပါတယ်။ သူတို့ကို ကျနော်တို့ Referralလုပ်ပေးပါတယ်။ ဘယ်သတင်းသမားကတော့ ဆက်လုပ်နေတယ် လုံခြုံတဲ့နေရာ Safe House လိုတယ် တချို့ကျတော့ ထွက်ဖို့လိုတယ် ထွက်ဖို့အတွက် ကူညီပေးပါ။ အဲ့လိုမျိုးတွေ ကူညီဆောင်ရွက်ပေးနေတာတွေရှိပါတယ်ခင်ဗျ။ သတင်းမီဒီယာကောင်စီအနေနဲ့ကတော့ များသောအားဖြင့် မီဒီယာသမားတော်တော်များများနဲ့ မြေပြင်မှာ ထိတွေ့နေတော့ ကိုယ်တိုင် ကူညီပေးနေတာတွေလည်းရှိသလို တခြားအကူအညီပေးတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပေးတာတွေလည်း လုပ်နေပါတယ်ခင်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ ၂၀၂၅ လာမယ့်နှစ်သစ်ကူးကာလတွေမှာ အကျဉ်းချခံရသူတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပြန်လွတ်မြောက်လာနိုင်ခြေတွေရှိတယ် အဲ့ဒီ့အထဲမှာ သတင်းသမားတွေ ပြန်လွတ်မြောက်နိုင်ဖို့ ပြန်လွှတ်ပေးဖို့ ဦးတိုးဇော်လတ်တို့အနေနဲ့ ဘာများတောင်းဆိုချင်တာရှိပါသလဲရှင့်။

(ICPM) အတွင်းရေးမှူး ဦးတိုးဇော်လတ်။ ။ အဓိကကတော့ ခုနက ပြောခဲ့သလိုပါပဲ"Journalism is Not a Crime" ပါ သတင်းသမားတွေဟာ ဘာရာဇဝတ်မှုမှ ကျူးလွန်ထားတာမရှိဘူး။ ဘယ်လိုအခြေအနေမှာမှ အဖမ်းဆီးမခံသင့်ပါဘူး။ သတင်းသမားတွေကို ဖမ်းတယ်။ သတင်းစာတိုက်တွေကို ပိတ်သိမ်းတယ်။ အဲ့ဒီ့အတွက်လည်း လွတ်လပ်တဲ့သတင်းသမားတွေက ကြောက်ပြီး သတင်းမလုပ်မှာလည်း မဟုတ်ပါဘူး။ သတင်းသမားတွေကိုဖမ်းတယ်ဆိုတာ တိုင်းပြည်လည်း သိက္ခာကျပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် သတင်းသမားအများဆုံးအဖမ်းခံရတဲ့ တိုင်းပြည် ဖြစ်နေတယ်ဆိုတာလေ တကယ်က လူဦးရေအချိုးနဲ့တွက်က တရုတ်ထက်တောင် များပါသေးတယ်။ ပြောချင်တာကတော့ သတင်းသမားတွေကို ဘယ်လိုအခြေအနေမှာမှ သတင်းသမားတွေကို ရာဇဝတ်သားတွေလို ဖမ်းဆီးထောင်ချထားတာ လက်လည်းမခံပါဘူး။ ရှုံ့လည်းချပါတယ်။ အမြန်ဆုံးလည်း ပြန်လွတ်ပေးသင့်တယ်။ အဲ့လိုပဲ မတရားအလုပ်ခံရတဲ့ အသတ်ခံရတဲ့သတင်းသမားတွေ မတရားအထိန်းသိမ်းခံရတဲ့သူတွေ ဒါတွေဟာ ပြီးသွားမှာမဟုတ်ပါဘူး။ တချိန်ကျရင် သူတို့ တရားမျှတမှု ရတဲ့အခြေအနေမှာ ရအောင်ပြန်လည်ဖော်ဆောင်သွားမယ်ဆိုတာကိုပြောပါရစေခင်ဗျ"

မြန်မာနိုင်ငံက သတင်းသမားတွေရဲ့ လွတ်လပ်ခွင့် အခြေအနေ မြန်မာသတင်းမီဒီယာကောင်စီ (ICPM) အတွင်းရေးမှူး ဦးတိုးဇော်လတ် ပြောပြသွားတာပါ။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG