ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အပေါ် စစ်ကောင်စီတိုက်ခိုက်မှုစာရင်း PRH ထုတ်ပြန်
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး တနှစ်အတွင်းကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံ၊ ဆေးခန်းအဆောက်အဦတွေကို စစ်တပ်ကနေ ပစ်မှတ်ထား တိုက်ခိုက် ခြိမ်းခြောက်မှုပေါင်း၄၁၅ ခုထိ ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာသမားတော်များ (PHR) က မနေ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လာမယ့် ဖေဖေါ်ဝါရီလ (၁)ရက် စစ်အာဏာသိမ်းတဲ့ နှစ်ပတ်လည် မတိုင်မီ ထုတ်ပြန်လိုက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဖြစ်တဲ့ PHR အစီရင်ခံစာသစ်မှာ- ဆရာဝန်၊ သူနာပြုတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ အဆောက်အဦတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ အကြမ်းဖက်မှုတွေကို မီးမောင်းထိုးပြထားပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အရပ်သားတွေကို စစ်တပ်က နှိမ်နင်းရာမှာ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်တာ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို နှောင့်ယှက်တာတွေဟာ နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ အကြောက်တရားနဲ့ အလုပ်လုပ်နေကြရတယ်လို့ ခေါင်းစဉ်ပေးထားတဲ့ PHR အစီရင်ခံစာသစ်ကို သတင်းမီဒီယာနဲ့ဆိုရှယ်မီဒီယာတွေပေါ်က အချက်အလက်၊ ထုတ်ပြန်ချက်တွေ၊ စာရွက်စာတမ်းတွေမှာ ဖေါ်ပြထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကုသပြုစုတဲ့အဆောက်အဦတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေအပေါ် လေ့လာသုံးသပ် ပြုစုထားတာဖြစ်ပါတယ်။
အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှု စုစုပေါင်း ၄၁၅ ခု၊ ဖမ်းဆီးထိမ်းသိန်းခံထားရတဲ့ ဆရာဝန်၊ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းပေါင်း ၂၈၆ ဦး၊ သေဆုံးသူပေါင်း ၃၀ ဦး၊ တိုက်ခိုက်ခံရတဲ့ ဆေးရုံနဲ့ ကျန်းမာရေး အဆောက်အဦပေါင်း ၁၂၈ ခုထိရှိကြောင်း ဖေါ်ပြထားပါတယ်။
ဒါအပြင် ကိုဗစ်-၁၉ရောဂါကုသပေးနေတဲ့ ဆေးခန်းတွေကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သလို၊ အရေးကြီးတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ဆို့ထားတဲ့အတွက် အခုလို ကမ္ဘာ့ကပ်ရောဂါဘေးရင်ဆိုင်နေရချိန် မြန်မာ့ကျန်းမာရေးစနစ်ကိုပြိုပျက်စေကြောင်း PHR အစီရင်ခံစာပူးတွဲရေးသားသူ ပရိုဂမ်အရာရှိ Lindsey Green က ပြောပါတယ်။
..................................................
{{Zawgyi/Unicode}}