သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကနေဒါဘုရင်ခံချုပ်နဲ့တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည် ကနေဒါဘုရင်ခံချုပ်နဲ့တွေ့ဆုံ (David Johnston tweet)
ဒေါ်အောင်ဆန်းစုကြည် ကနေဒါဘုရင်ခံချုပ်နဲ့တွေ့ဆုံ (David Johnston tweet)

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ရဲ့ ဖိတ်ကြားချက်အရ ကနေဒါနိုင်ငံကို ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးသွားရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သောကြာနေ့မှာ ကနေဒါ ခရီးစဉ်ကို အဆုံးသတ်ပြီး ဆွီဒင်နိုင်ငံကို ဆက်လက် ထွက်ခွါတော့မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့ မနက်ပိုင်းမှာ ကနေဒါဘုရင်ခံချုပ် David Johnston နဲ့ တွေ့ဆုံခဲ့ပါတယ်။ အခု ကနေဒါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အဖွဲ့ဟာ ကနေဒါ -မြန်မာ ပါလီမန် မိတ်ဆွေများအဖွဲ့ CMPFG နဲ့ လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ တုန်းကတော့ ကနေဒါဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား စီးပွါးရေးနဲ့ ဖွံဖြိုးရေး အတွက် ပူးပေါင်းဆောင်ရွက်ပြီး ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အပြင် အုပ်ချုပ်ရေး၊ ဒီမိုကရေစီစံနစ်နဲ့ လူ့အခွင့်ရေး ဆိုင်ရာ ကိစ္စတွေမှာ ကနေဒါအစိုးရဘက်က အကူညီပေးဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံမှု အပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ အတွက် ကနေဒါနိုင်ငံက ဒေါ်လာ ၈ သန်းကျော် ထောက်ပံ့မှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ ကနေဒါနိုင်ငံ အော်တာဝါမြို့မှာ ဖက်ဒရယ် နိုင်ငံများဖိုရမ်ရဲ့ အစီအစဉ်နဲ့ ကျင်းပတဲ့ ကနေဒါနိုင်ငံ ဖက်ဒရယ်စနစ်အောက်က ဘဏ္ဍာရေးဆိုင်ရာ အစီအမံများနဲ့ သဘာ၀ သယံဇာတ အရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့တာပါ။ အော်တဝါမြို့မှာ ရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံချိန် မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ တက်လာခဲ့တဲ့ တနှစ်တာ ကာလအတွင်း နိုင်ငံတွင်း တိုးတက်ပြောင်းလဲ မှုတွေ အများအပြား ရှိခဲ့ပြီး အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ထင်ရှားတဲ့ တိုးတက်မှုတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့ ညနေပိုင်းမှာ Ontario ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး သောကြာနေ့ မနက်ပိုင်းမှာတော့ Toronto မြို့တော်ဝန်နဲ့ တွေ့ဆုံဖို့ ရှိသလို အဲဒီမှာနေထိုင်တဲ့ မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဇွန်လ ၅ ရက် တနင်္လာနေ့ကနေ ဇွန်လ ၉ ရက် သောကြာနေ့ အထိ သွားရောက်တဲ့ ကနေဒါခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒုတိယဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူတို့လည်း လိုက်ပါသွားတာ ဖြစ်ပါတယ်။ ကနေဒါ ခရီးစဉ် အပြီးမှာတော့ ဆွီဒင်က လွှတ်တော်ဥက္ကဌ မစ္စတာ အော်ရိဘန် အာလင်း နဲ့ ဆွီဒင် ဝန်ကြီးချုပ် မစ္စတာ စတီဖန် လိုဗန် တို့ရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်နိုင်ငံကို တရားဝင် ချစ်ကြည်ရေး ခရီး ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG