သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားမှု စွဲဆိုချက်  ပုဂ္ဂိုလ်ရေး သိက္ခာချတဲ့ လုပ်ရပ်သာ (ဦးမိုးဇော်ဦး၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း)


မှတ်တမ်းဓါတ်ပုံ- ၂၀၁၄ အောက်တိုဘာတုန်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သက်မွေးဝမ်းသင်တန်းကျောင်းဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော
မှတ်တမ်းဓါတ်ပုံ- ၂၀၁၄ အောက်တိုဘာတုန်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သက်မွေးဝမ်းသင်တန်းကျောင်းဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

(Zawgyi/Unicode)

နိုင်ငံတာ်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက တရားစွဲဆိုတာဟာ ပုဂ္ဂိုလ်ရေးအညိုးနဲ့ သိက္ခာချတဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး က ချေပလိုက်ပါတယ်။

ဒီလို တရားစွဲဆိုလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်သူလူထုရဲ့ယုံကြည်မှု ကိုထိခိုက်စေမှာ မဟုတ်ဘူးလို့လဲ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌရုံး ရုံးအဖွဲ့မှူးဟောင်းလည်း ဖြစ်သူ ဦးမိုးဇော်ဦးကဆိုပါတယ်။ အသေးစိတ်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားစွဲခံရတဲ့အပေါ် ဦးမိုးဇော်ဦးက

“ပုဂ္ဂိုလ်ရေး အာဃာတနဲ့ လုပ်တာပါ ။ ပုဂ္ဂိုလ်ရေးအညှိးအတေးနဲ့ လုပ်နေတာပါ။ ဒါက အကြောင်းပြနေတာပါ ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဘယ်လိုဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘယ်လိုလက်စားတယ်။ ဒါတွေအားလုံး အကြောင်းပြချက်တွေချည်းပါပဲ အဲဒီတော့ အမှန်ကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဆိုတာ Non-profit Organization ပေါ့နော်။ အကျိုးအမြတ်ကို ရည်ရွယ်ပြီးတော့ လုပ်တဲ့အဖွဲ့အစည်းမဟုတ်ဘူး။ ပြည်သူလူထုကနေ လှူဒန်းတဲ့ငွေတွေပေါ့နော်၊ အထူးသဖြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့စိတ်နဲ့ လှူဒန်းတဲ့ငွေတွေ စုစည်းပြီးတော့မှ ကျနော်တို့က တိုင်းပြည်မှာရှိတဲ့ ပညာရေး ကျန်းမာရေး အစရှိသဖြင့်ပေါ့လေ ပြည်သူလူထုရဲ့ ဘဝအဆင့်အတန်းကို မြှင့်တင်ပေးဖို့အတွက်ကို ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အခုအချိန်အထိဆိုရင် ကျနော်တို့ လှူဒန်းခဲ့တဲ့တန်ဖိုးပေါင်းက မနည်းတော့ဘူးပေါ့ သိန်းပေါင်းက သိန်းနဲ့ ချီပြီလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ရုံးချုပ်နေရာ အတွက်ပေါ့နော် တာဝန်အလွဲသုံးစားလုပ်ပြီးတော့ မတန်မရာ ဈေးလျော့ပေးခဲ့ တိုင်းပြည်ကို နစ်နာစေခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲခဲ့တဲ့အပေါ်မှာရော

ဦးမိုးဇော်ဦး။ ။ ပထမဦးဆုံး ကျနော်တို့ ရုံးဖွင့်ထားတာတော့ အင်းယားလိတ်မှာပေါ့နော် ဒါပေမယ့် လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်တဲ့အခါမှာတော့ အဲဒီအခန်းတွေနဲ့ ဘယ်လိုမှ အဆင်မပြေဘူး၊ ရန်ကုန်တိုင်းအစိုးရကို နေရာတခုလောက်လျှောက်ထားတာပေါ့နော်။ ကျနော်တို့က Non- Profit အကျိုးအမြတ်ကို ရည်ရွယ်ပြီးတော့ စီးပွားရှာတာမဟုတ်တဲ့အတွက်ကြောင့် သင့်တင့်လျောက်ပတ်တဲ့ နှုန်းထားလေးနဲ့ပေါ့နော် နေရာတခုကို စဉ်းစားပေးပါဆိုပြီး ၊ ကျနော်တို့က ဘယ်နေရာကို ပေးရမယ်ဆိုပြီးတော့ တောင်းဆိုလျောက်ထားခဲ့တာလည်း မဟုတ်ဘူး။ အဲဒီတော့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ သူတို့ စဉ်းစားဆုံးဖြတ်ပြီးတော့ ပေးခဲ့တယ်။ ဒီနေရာမှာ ရုံးခန်းဖွင့်ပြီးတော့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခွင့်ရခဲ့တယ်။ အထူးသဖြင့်ဆိုရင် ပြီးခဲ့တဲ့ ကိုဗစ်ကာလမှာ ဒီအကာအကွယ်အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ အများကြီးဆောင်ရွက်နိုင်ခဲ့တာရှိပါတယ်။ ကာကွယ်ဆေးအတွက်လှူတာကိုပဲ သိန်းပေါင်းသောင်းနဲ့ ချီပါတယ်။ အဲဒီတော့ တိုင်းပြည်အတွက် အများကြီးအကျိုးရှိခဲ့တယ်။ ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားဘာမှ ရှိခဲ့တာမဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့ကို ငွေရေးကြေးရေးနဲ့ တန်ဖိုးဖြတ်ပြီးတော့ ဒီမြေကို ဒီလိုပေးခြင်းအားဖြင့် တိုင်းပြည်က ဘယ်လောက်နစ်နာတယ် ဒီလိုမျိုးဆုံးဖြတ်တွက်ချက်တဲ့ပုံစုံက တော်တော်ကြီးကို မှားယွင်းတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်ဒီ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်ပဲပေါ့နော် နေပြည်တော်က မြေဧက ၁၀၀ ကျော်ကို အလားတူ လျော့ဈေးနဲ့အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့အပေါ်မှာရော

ဦးမိုးဇော်ဦး။ ။ ကျနော်တို့ စိုက်ပျိုးအသက်မွေးဝမ်းပညာသင်ကျောင်း ဖွင့်ဖို့အတွက်ကို နေပြည်တော် စည်ပင်မှာလျောက်ထားခဲ့တာဖြစ်ပါတယ်။ ဒီသင်တန်းကျောင်းဆိုတာလည်း အခမဲ့ပါ။ ဒီတနိုင်ငံလုံးမှာရှိတဲ့ ကလေးတွေက ဒီစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေရရှိအောင်လို့ ဆိုပြီးတော့ ၁ နှစ်သင်တန်းပေါ့ အကျိုးအမြတ်အတွက်လျှောက်ထားတာမဟုတ်ပါဘူး။ နောက်တခုက အဲဒီမြေနေရာတွေဆိုတာက ဘယ်သူမှ မျက်စိမကျလို့ ကျန်ခဲ့တဲ့ နေရာတွေ ။ အရင်အစိုးရတွေကနေပြီးတော့မှ အဲဒီပတ်ဝန်းကျင်ထဲမှာ ကြည့်လိုက်မယ်ဆိုရင် တကယ့် မြေညီပြီး၊ မြေကောင်းတဲ့နေရာတွေ ရှိပါတယ်။ အဲလို မဟုတ်ဘူး၊ ကျနော်တို့ လျောက်ထားတဲ့နေရာက တကယ့်ကို ဂမူတွေ ကုန်းတွေနဲ့ ဘယ်သူမှ မျက်စိမကျလို့ ပစ်ထားခဲ့တဲ့ နေရာမျိုးကို ကျနော်တို့ လျောက်တာပါ။ နောက် ဒီမြေဈေးနှုန်းကလည်း တခြား ဥပမာ၊ နေပြည်တော်မှာဆိုရင် ကြံခိုင်ဖွံ့ဖြိုးရေး ရုံးကြီးဆိုရင် ဧရာမ နေရာကြီးပါ။ ဒီမြေကို ဘယ်လောက်နှုန်းနဲ့ ပေးခဲ့ရသလဲ စုံစမ်းကြည့်ပေါ့နော်၊ ဒီမြေတင်မကပါဘူး တခြား ဘယ်မြေတွေကို ဘယ်လောက်နှုန်းနဲ့ ရရှိ သလဲကို စုံစမ်းကြည့်ပြီးရင် ကျွန်တော်တို့ နှုန်းက သူများတွေနဲ့ နည်းတူပဲ၊ ဘာမှ အထူးအခွင့်အရေးရရှိတာမျိုး မဟုတ်ပဲနဲ့ လျှောက်ထားပြီးတော့ ရရှိတာဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်တခုက ဒီနေရာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ငွေကျပ် ၁.၆ ဘီလံကျော်ကိုပေါ့နော် တလွဲသုံးပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အိမ်ဆောက်စေခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲခဲ့တာအတွက်ရော။

ဦးမိုးဇော်ဦး။ ။ဒေါ်အောင်ဆန်းစုကြည် အခုလက်ရှိနေထိုင်နေတဲ့ အမှတ် ၅၄-၅၆ တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူထားပြီ ၊ နှုတ်အားဖြင့်လှူထားပြီပေါ့နော် ဒါပေမယ့် စည်ပင်နဲ့ပတ်သက်တဲ့ မြေတိုင်းတို့ဘာတို့ ကိစ္စတွေ မပြီးသေးဘူးပေါ့နော်။ အဲဒီတော့ စဉ်းစားကြည့်ပါ အဲဒီမြေနေရာ ဘယ်လောက်တောင်တန်ဖိုးရှိမလဲဆိုတာလေ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဖြစ်တယ်။ အဲဒီတော့ ဥက္ကဋ္ဌက သူ့ပိုင်ဆိုင်မှုကို သူက အကုန်လုံးလှူဒန်းပေးပြီးသွားပြီဖြစ်တယ်၊ သူ့မှာနေစရာတောင်မရှိတော့ပါဘူး။ ကျနော်တို့က အဲဒီနေရာလေးမှာ သူနေဖို့ နေရာလေးကို စီစဉ်ထားပေးတယ်၊ ဒါသူ့လုပ်ပိုင်ခွင့် သူအာဏာကို အလွဲသုံးစားလုပ်ပြီးလုပ်တာလည်းမဟုတ်ဘူး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ တယောက်ကို စဉ်းစားပေးတာဖြစ်တယ်။ နောက်တခုက အလှူငွေတွေနဲ့ ပတ်သက်လို့ အလွဲသုံးစားလုပ်တယ်လို့လည်း ပြောရအောင် ဒီအလှူငွေတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးတဲ့ လေးစားတဲ့စိတ်နဲ့ ရတဲ့အလှူငွေတွေချည်းပါပဲ။ တချို့အလှူငွေတွေဆိုရင် ကြိုက်သလိုသုံးပါ ပုဂ္ဂိုလ်ရေးသုံးပါ ဆိုပြီးတော့ လာလှူထားတာတွေလည်းရှိပါတယ် ။ ဒါက ဒေါ်အောင်ဆန်းစုကြည် အာဏာရမှ မဟုတ်ပါဘူး အရင့်အရင် ကတည်းကနေပြီးတော့ လှူဒန်းထားတာတွေအများကြီးရှိပါတယ်။ သူ့ကို ပုဂ္ဂိုလ်ရေးအရ လှူတဲ့ငွေတွေ ဘယ်လောက်ပဲများများ၊ နောက်ဆုံးလက်ဝတ်ရတနာတွေကအစ ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းပဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို သူ လွှဲပေးပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ တရားစွဲမှုကနေပြီးတော့ ရှေ့မှာ ဘယ်လိုသက်ရောက်မှုရှိလာဖို့ မှန်းထားသလဲ။

ဦးမိုးဇော်ဦး။ ။ဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ သိက္ခာချဖို့ ဘာတွေပဲ စွပ်စွဲပါစေ ပြည်သူလူထုက နားလည်ပါတယ်။ ၁၉၈၈ နောက်ပိုင်း နှစ်ပေါင်းများစွာ၊ ဒီလိုမျိုး မဟုတ်တဲ့ ကိစ္စတွေနဲ့ စွပ်စွဲမယ်၊ ထောင်တွေနှစ်ရှည်ချမယ် ဒီလိုမျိုး အာဃာတတွေနဲ့ လုပ်ခဲ့တယ်။ ပြည်သူလူထုရဲ့ ထောက်ခံမူက အမြဲတမ်း၊ ဟို counterproductive ပေါ့နော၊် ပိုပြီးတောင်မှ ပြည်သူလူထုရဲ့ သနားမှု ကျင်နာမှု စာနာမှုစိတ်တွေက ပိုပြီးတောင်မှ မြင်မားလာဦးမယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။


...............


(Unicode)














XS
SM
MD
LG