ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက အမွေဆိုင် အငြင်းပွားမှုရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄) ကိုဒီကနေ့မှာ တတိယအကြိမ်လေလံတင်ရောင်းချပေမဲ့ ၀ယ်ယူသူမရှိခဲ့ဘဲလေလံပွဲ မအောင်မြင်ပြီးဆုံးခဲ့ပါတယ်။
ကမာရွတ်တရားရုံးဆုံးဖြတ်ချက်အရ ဒီကနေ့ဖေဖော်၀ါရီ ၅ရက်နေ့မှာ လေလံကြမ်းခင်းဈေး ကျပ်ငွေ ၂၉၇ ဘီယီလံနဲ့ တတိယအကြိမ်မြောက် လေလံဆွဲဖို့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
အိမ်နဲ့ ခြံကို ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ ပထမကြိမ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျပ်ငွေ ၃၀၀ ဘီလီယံနဲ့ ဒုတိယအကြိမ် ဒီကနေ့မှာတတိယအကြိမ်လေလံတင်ခဲ့ပေမယ့် ဝယ်ယူသူ မရှိတာကြောင့် လေလံပွဲ မအောင်မြင်ခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိရှိသေးဘဲ လေလံဆွဲခွင့်ပေးတဲ့အပေါ် ဥပေဒေနဲ့ မညီညွတ်ဘူးဆိုပြီး တရားရုံးမှာ ကန့်ကွက်မှုတွေ တောက်လျှောက်လုပ်လာပေမယ့် တရားရုံးဘက်က ထည့်သွင်းစဉ်းစားပေးခြင်း မရှိခဲ့ပါဘူး။ အမှုနဲ့ပတ်သက်လို့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ရမှာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့က စစ်ကောင်စီကို အကြိမ်ကြိမ် တရားဝင်စာတင် တောင်းဆိုထားပေမယ့် ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့လည်း ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရန်ကုန်မြို့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် အဲ့ဒီ့နေအိမ်ထဲမှာပဲ နှစ်ရှည်အကျယ်ချုပ်ချခံခဲ့ရဖူးသလို၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon, အမေရိကန်သမ္မတဟောင်း Barack Obama, အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သမိုင်းဝင်တွေ့ဆုံခဲ့ကြတဲ့ နေအိမ်လည်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအတွက်အရေးပါတဲ့ အဆောက်အဦးတခုဖြစ်တာကြောင့် ဒီခြံဝန်းကြီးကို ထိန်းသိမ်းထားဖို့ ပြည်သူတချို့က ဆန္ဒရှိကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခြံအမှတ် ၅၄ ခြံထဲမှာရှိတဲ့ အဆောက်အအုံတွေကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့အတွက် မည်သူတဦးတယောက်မှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်ဖို့ကို တားမြစ်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲကမှ ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။ အဲ့ဒီလို နှစ်ရှည်ထောင်သွင်းအကျဉ်းချခံထားရတဲ့ အမှုပြိုင် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်ကောင်စီကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ၁၀ ကြိမ်ထက်မနည်း စာတင်တောင်းဆိုထားပေမယ့်ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေနဲ့ သူမ တွေ့ဆုံခွင့်မရတာ ၂ နှစ်ပြည့်တော့မှာပါ။
Forum