သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်း လေလံပစ် ဝယ်သူမရှိ


ဒုတိယအကြိမ်မြောက် လေလံပွဲနေ့မှာတွေ့ရတဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် (ဩဂုတ် ၁၅၊ ၂၀၂၄)
ဒုတိယအကြိမ်မြောက် လေလံပွဲနေ့မှာတွေ့ရတဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် (ဩဂုတ် ၁၅၊ ၂၀၂၄)

ဒေါ်အောင်ဆန်းစုကြည် မိသားစုအမွေဆိုင်အမှုဖြစ်နေတဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အိမ်ခြံဝန်းကို ဒီနေ့ ဒုတိယအကြိမ် လေလံတင်ရောင်းခဲ့ပေမဲ့ လေလံဆွဲသူ မရှိခဲ့ပါဘူး။ ပထမတကြိမ်လေလံပစ်စဉ်ကလည်း ဝယ်သူ မရှိဖြစ်ခဲ့တာကြောင့် ဈေးလျှော့ပြီး ကြမ်းခင်းဈေးသစ်နဲ့ အခု ဒုတိယအကြိမ် ထပ်မံရောင်းခဲ့ပေမဲ့လည်း ဝယ်သူမရှိဖြစ်ခဲ့တာပါ။ အခုလို မရောင်းရတဲ့အတွက် ဘာဆက်ဖြစ်နိုင်ပါသလဲ။ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် မိသားစုပိုင် ခြံအမှတ် (၅၄) နေအိမ်ခြံဝင်းရှေ့မှာ ဒီနေ့ ဩဂုတ်လ ၁၅ ရက်မှာ ဒုတိအကြိမ် လေလံပွဲ လုပ်ခဲ့ပါတယ်။ လေလံပွဲမှာ ရှေ့နေက လေလံခေါ်ပေမဲ့ လေလံဆွဲမယ့်သူ မရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။

"ကမာရွတ်ခရိုင်တရားရုံး တရားမ ဇာရီအမှုအမှတ် ၃၇/၂၀၂၃ အမှုက ပစ္စည်းရှင်ဖြစ်တဲ့ အမွေရှင် ဒေါ်ခင်ကြည်ကျန်ခဲ့တဲ့ ၁.၉၂၃ ဧကရှိတဲ့ မြေကွက်နဲ့မြေကွက်ပေါ် ပါအဆောက်အဦးအပါအဝင် အကျိုးခံစားခွင့် အရပ်ရပ်အားလုံးကို လေလံကြမ်း ခင်းစျေးငွေကျပ် သိန်းပေါင်း ၃ သန်းတိတိနဲ့လေလံတင်ရောင်းချနေပါတယ်။ ၃ ကြိမ် လေလံတင်ရောင်း တာမှာဝယ် မယ့်သူမရှိလို့ လေလံတင်ရောင်းချတာ အောင်မြင်မှုမရှိကြောင်း ကြေငြာအပ်ပါတယ်၊"

ဒုတိယအကြိမ်မြောက် လေလံပွဲနေ့မှာတွေ့ရတဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့က လေလံတာဝန်ရှိသူများ (ဩဂုတ် ၁၅၊ ၂၀၂၄)
ဒုတိယအကြိမ်မြောက် လေလံပွဲနေ့မှာတွေ့ရတဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့က လေလံတာဝန်ရှိသူများ (ဩဂုတ် ၁၅၊ ၂၀၂၄)

လေလံပွဲကို ဝယ်လိုသူ တယောက်မှာ မလာခဲ့ဘူးလို့ အဲဒီနေရာမှာရောက်နေတဲ့ သတင်းထောက်တွေက ပြောပါတယ်။ မိသားစုပိုင်နေအိမ်ကို အမွေခွဲယူဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦိး ၂၀၀၁ ခုနှစ်က တရားရုံးမှာ လျှောက်ထားခဲ့ရာက စစ်အာဏာသိမ်းပြီး ၂၀၂၂ ဩဂုတ်လမှာ နေအိမ်နဲ့ခြံဝန်းကို လေလံပစ်ခွဲဝေယူဖို့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။ ပထမအကြိမ် လေလံပွဲတုန်းကလည်း လေလံပစ် ဝယ်ယူမယ့်သူ မရှိတာကြောင့် အရင်ဈေး ကျပ်ငွေ ၃၁၅ ဘီလီယံကနေ ဈေးလျှော့ပြီး ကျပ်ငွေ ၃၀၀ ဘီလီယံ (သိန်းပေါင်း ၃ သန်းတိတိ) နဲ့ လေလံပစ်ဖို့ တရားရုံးက ဇွန်လမှာ ခွင့်ပြုခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် ဒီနေ့မှာ လေလံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒီနေ့လည်း လေလံမအောင်တဲ့အတွက် ဥပဒေကြောင်းအရ ဆက်လက်လေလံပစ်သွားမှာဖြစ်တယ်လို့ ရှေ့နေကြီး ဦးကြီးမြင့်က ရှင်းပြပါတယ်။

"ဘာဖြစ်လာမလဲဆိုတော့ ဆက်လေလံပစ်ရမှာပေါ့ အဲခြံနဲ့အိမ်က နိုင်ငံတော်ကနေ ဗိုလ်ချုပ်အောင် ဆန်းစာပနအတွက် ပိုက်ဆံတွေမှာပိုတဲ့ဟာနဲ့ဒီအိမ်ကိုဒေါ်ခင်ကြည်ကိုဝယ်ပေးတာ အာဇာနည်အမွေ အနှစ်တခု ဖြစ်တယ် နိုင်ငံတော်ကဝယ်ပေးထားတာ။ ဒေါ်စုကလည်းဒါကိုပြတိုက်လုပ်စေချင်တယ်။ ရည်မှန်းထားပြီးသား။ အဲဒါတွေကိုတလွဲလုပ်မယ်ဆိုရင် ပြည်သူရန်သူဖြစ်မှာဘဲ။ ဘယ်နှစ်နှစ်ဘဲ ကြာ ကြာလုပ်ထုံးလုပ်နည်းအတိုင်းလုပ်မှာပေါ့ နောက်ဒီအိမ် ကိုဆွဲတဲ့သူက ဒီချိန်မှာဘယ်ကပိုက်ဆံရလဲ ငွေ ဖြူပြရမယ် ဘယ်လိုအခွန်ဆောင်ထားလဲ အဲဒါကိုဘယ်ကရတာလဲ ပြရမယ်လေ ငွေဖြူမပြရင်ဆွဲခွင့် မရှိဘူး။"

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ချခံထားရပြီး သူဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အတိအကျ မသိရပါဘူး။ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် နှစ်ရှည် နေအိမ်အကျယ်ချုပ်ချခံခဲ့ရဖူးသလို၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon၊ အမေရိကန်သမ္မတဟောင်း Barack Obama၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သမိုင်းဝင်တွေ့ဆုံခဲ့ကြတဲ့ နေအိမ်လည်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအတွက်အရေးပါတဲ့ အဆောက်အဦးတခုဖြစ်တာကြောင့် ဒီခြံဝန်းကြီးကို ထိန်းသိမ်းထားဖို့ ပြည်သူတချို့က ဆန္ဒရှိကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ခြံအမှတ် ၅၄ ခြံထဲမှာရှိတဲ့ အဆောက်အအုံတွေကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့အတွက် မည်သူတဦးတယောက်မှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်ဖို့ကို တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG