သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကဗျည်း ကြေးပြားဖယ်ရှားဖို့ Aberdeen မြို့တော်ကောင်စီ ဆုံးဖြတ်


(ဓါတ်ပုံခရက်ဒစ်- Chris Sumner)
(ဓါတ်ပုံခရက်ဒစ်- Chris Sumner)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားမှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Scotland နိုင်ငံ၊ Aberdeen မြို့တော်ကောင်စီနဲ့ Amnesty International – Aberdeen အဖွဲ့ခွဲတို့က Hazlehead ပန်းခြံအတွင်းမှာ စိုက်ထူထားတဲ့ ကြေးသွန်း အမည်ပြားကို ဖြုတ်ချဖို့ Aberdeen မြို့တော်ကောင်စီက စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

Amnesty International – Aberdeen အဖွဲ့ခွဲက အဖွဲ့ဝင်ဟောင်းတွေရဲ့ တောင်းဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေးသွန်း အမည်ပြား ဖြုတ်ချရေးဆိုင်ရာ အဆိုပြုချက်ကို Aberdeen မြို့တော်ကောင်စီအဖွဲ့ဥက္ကဋ္ဌ Barney Crockett က တင်သွင်းခဲ့ပြီးနောက် ကောင်စီဝင်တွေက မဲခွဲ ဆုံးဖြတ်ခဲ့ကြတာမှာ ကောင်စီဝင်တွေက ဖြုတ်ချဖို့ မဲခွဲ အတည်ပြုခဲ့ကြတာပါ။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ အဲဒီရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စာနာမှုဆိုင်ရာ အခက်အခဲတွေ ရပ်တန့်ရေး လုပ်ဆောင်ဖို့ နိုင်ငံတကာက ဖိအားပေးနေတဲ့ကြားကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည် ခေါင်းဆောင်တဦးအနေနဲ့ ရပ်တန့်အောင် လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် Amnesty International – Aberdeen အဖွဲ့ခွဲက အဖွဲ့ဝင်ဟောင်းတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို ဖြုတ်ချပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်နေရာမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ရရှိရေးတို့အတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ သူတွေအတွက် ရည်ရွယ်စူးပြီး အစားထိုး ထားရှိသွားမယ့် ပစ္စည်းရဲ့ ကုန်ကျစားရိတ်ကို တွက်ပေးဖို့အတွက်လည်း သက်ဆိုင်ရာ အရာရှိတွေကို မြို့တော်ကောင်စီက ညွန်ကြားချက် တပါတည်း ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ် ၂၀၀၅ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ Freedom of Edinburgh ဆုကို အခု NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာချိန်မှာ ပြန်ရုပ်သိမ်းဖို့ Edinburgh မြို့တော်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။

ဗြိတိန် နိုင်ငံ Oxford မြို့ရဲ့ ဂုဏ်ထူးဆောင် Freedom of Oxford ဆု အပါအဝင် Glasgow နဲ့ Newcastle မြို့တွေက ဒေါ်အောင်ဆန်းစုကြည် ကို ချီးမြှင့်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု တွေကို အသီးသီး ပြန်ရုပ်သိမ်းခဲ့ကြတာမှာ (၇) ရှိသွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG