သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုစီးပွားရေးအကြံပေးရဲ့ ထောင်အတွေ့အကြုံစာအုပ်အင်တာဗျုး အပိုင်း(၂)


ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးဆိုင်ရာအကြံပေးဖြစ်ခဲ့သူ ပါမောက္ခ Sean Turnell (ဝဲ) နဲ့ ဗွီအိုအေဝိုင်းတော်သူ အင်ကြင်းနိုင် (ယာ) Zoom အင်တာဗျူး (စက်တင်ဘာ ၂၁၊ ၂၀၂၃)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးဆိုင်ရာအကြံပေးဖြစ်ခဲ့သူ ပါမောက္ခ Sean Turnell (ဝဲ) နဲ့ ဗွီအိုအေဝိုင်းတော်သူ အင်ကြင်းနိုင် (ယာ) Zoom အင်တာဗျူး (စက်တင်ဘာ ၂၁၊ ၂၀၂၃)

၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ယူကရိန်းအပေါ်ကျူးကျော်စစ်ကို ကမ္ဘာကအာရုံစိုက်နေချိန် စစ်အာဏာသိမ်းမှုအောက်မှာ ခံစားနေရတဲ့ မြန်မာပြည်သူတွေရဲ့အရေးကို နိုင်ငံတကာဘက်က ကူညီမှုတွေအားနည်းသွားမယ့်အရေးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အလွန်ပဲ စိုးရိမ်ခဲ့ကြောင်း ဩစတြေးလျစီးပွားရေးပညာရှင် Sean Turnell က ဗွီအိုအေကိုပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ Sean Turnell ကို အာဏာသိမ်းပြီးပြီးချင်း စစ်ကောင်စီက ဘာကြောင့် အပူတပြင်းဖမ်းဆီးခဲ့သလဲ။
အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၆၅၀ နေခဲ့ရပြီး မနှစ် နိုဝင်ဘာလက လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ Sean Turnell ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ Sean အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်တရားရုံး တွေ့ဆုံချိန်မှာ နိုင်ငံတကာနဲ့ပတ်သက်လို့ သူ့ရဲ့ အဓိက အမှာစကားကိုရော ကြားခဲ့တာမျိုးရှိသလား။ မှတ်မိသလောက်ပြောပြပါရှင့်။

Sean Turnell။ ။ ဟုတ်တယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းကို ဒေါ်စု အလေးအနက် တောင်းဆိုထားပါတယ်။ သူစိုးရိမ်တာက ယူကရိန်းအရေးကို ကမ္ဘာက အာရုံစိုက်နေချိန်မှာ မြန်မာအရေးနဲ့ နိုင်ငံတကာဝေးကွာသွားမယ့် အခြေအနေဖြစ်ပါတယ်။ ယူကရိန်းကို ကမ္ဘာက အာရုံစိုက်တာဟာ ကျိုးကြောင်း ဆီလျော်ပေမယ့် မြန်မာနိုင်ငံမှာလည်း ပြည်သူတွေဟာ အလားတူ ဒုက္ခရောက်နေတဲ့အခြေအနေကို ကမ္ဘာက မေ့လျော့သွားမှာ ဒေါ်စု အလွန်ပဲ စိုးရိမ်ခဲ့တာပါ။ ဒါကြောင် သူ့ရဲ့ မိတ်ဆွေဟောင်းတွေကို တတ်နိုင်သလောက် မြန်မာ့အရေးအလေးပေး တစိုက်မတ်မတ်ဆောင်ရွက်ဖို့ ဒေါ်စု တောင်းဆိုထားပါတယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် အကြောင်းသိနေတာလား။

Sean Turnell။ ။ မှန်ပါတယ်။ ဒေါ်စုမှာ သတင်းအချက်အလက်တွေရနိုင်တဲ့ လမ်းကြောင်းတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်ပြောခဲ့သလို ကျနော်ကိုယ်တိုင် လည်း နိုင်ငံတကာသတင်းတွေကို သူနဲ့တွေ့တဲ့အချိန်မှာ ပြောပြခဲ့တာတွေရှိပါတယ်။ အဲဒီလို ကမ္ဘာလုံးဆိုင်ရာအဖြစ်အပျက်တွေကို ကျနော် သူနဲ့ ဆွေးနွေးပြောဆိုချိန်မှာ ဒေါ်စုဘက်က စိုးရိမ်မှုတွေ အတော်လေးကြီးမားတာကို ကျနော်မြင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တာ၊ ယူကရိန်းကို ရုရှားကျူးကျော်တာ၊ အဲဒီအချိန်ကာကလ ကိုဗစ် ၁၉ ကပ်ရောဂါအခြေအနေ စတဲ့ ကမ္ဘာ့အလှည့်အပြောင်းတွေပေါ်မှာ ဒေါ်စုဘက်က စိုးရိမ်မှုတွေရှိနေခဲ့ပါတယ်။

အင်ကြင်းနိုင်။ ။ Sean Turnell ကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ အာဏာသိမ်းပြီးပြီးချင်း စစ်ကောင်စီက ဘာကြောင့် အပူတပြင်း ဖမ်းဆီးခဲ့တာလဲရှင့်။

Sean Turnell ။. ။ စိတ်ဝင်စားစရာမေးခွန်းပါပဲ။ နံပါတ်တစ်- ဒေါ်စုနဲ့ အခြားအရေးပါသူတွေကို သူတို့ စွဲချက်တွေတင်ဖို့ ကျနော့်ကိုအသုံးချတယ်လို့ ကျနော်မြင်တယ်။ ဒေါ်စုနဲ့ သူ့အစိုးရအဖွဲ့ဟာနိုင်ငံခြားသားတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ပုံမျိုး ဇာတ်လမ်းဆင် ပုံဖေါ်ဖို့ စစ်ကောင်စီက အသည်းအသန် ကြိုးစားတာဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ၊ လူဆိုးတွေက ဒေါ်စုကို ကြိုးဆွဲ ချုပ်ကိုင်နေတယ်လို့ စစ်ကောင်စီက လုပ်ကြံဖန်တီးပေမယ့် ဒေါ်စုကို ဘယ်သူမှ ချုပ်ကိုင်လို့ မရဘူးဆိုတာ လူအများသိကြပါတယ်။ ဒါကြောင့်ကျနော့်ကို ဖမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒေါ်စုနဲ့ NLD အစိုးရအဖွဲ့ထဲက ပြုပြင်ပြောင်းလဲရေးသမားတွေကို တိုက်ခိုက်ချင်လို့ဖြစ်ပါတယ်။

နောက်တပိုင်းကတော့ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံခြားသားတွေကိုတင်မကဘဲ နိုင်ငံခြား အတွေးအခေါ် စတဲ့ foreignness နိုင်ငံခြားကြောက် စိတ်ကြီးကြီးမားမားရှိနေတယ်လို့ ကျနော်မြင်ပါတယ်။

အင်ကြင်းနိုင်။ ။ Sean Turnell အနေနဲ့ မြန်မာပြည်မှာ နိုင်ငံပိုင်ဘဏ်တွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ သြစတြေးလျအစိုးရကို မကြာသေးခင်ကပဲ တိုက်တွန်းခဲ့တာတွေ့ရပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာက စီးပွားရေးအကျပ်အတည်းရော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းပါ ရင်ဆိုင်နေရတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒါတွေကို ဘယ်လို အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မလဲ။

Sean Turnell ။ ။ နိုင်ငံပိုင်ဘဏ်တွေကို ပိတ်ဆို့အရေးယူဖို့ မီးမောင်းထိုးပြရတဲ့ အကြောင်းရင်းတွေထဲကတော့ စစ်အာဏာရှင်တွေရဲ့ လုပ်ကိုင်နိုင်မယ့် စွမ်းရည်တွေကို လျှော့ချဖို့၊ ပြည်သူတွေအပေါ် သူတို့တိုက်ခိုက်နေတဲ့ စစ်ပွဲတွေမှာသုံးနေတဲ့ လက်နက်တွေ ၊ လေယာဉ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ လောင်စာဆီတွေကို နိုင်ငံခြားငွေတွေနဲ့ ဝယ်ယူလို့ မရနိုင်အောင်လုပ်ဖို့အတွက် ဒီဘဏ်တွေကို ဒဏ်ခတ်အရေးယူဖို့ လိုပါတယ်။ ဒီဘဏ်တွေမှာရှိနေတဲ့ နိုင်ငံခြားအရန်ငွေတွေကို ပိတ်ဆို့ဖို့ အရေးကြီးပါတယ်။လူသားချင်းစာနာမှုအကူအညီကို လိုချင်တယ်ဆိုရင် လူတွေအစုလိုက်အပြုံလိုက်သေအောင် တိုက်ခိုက်နေတဲ့ စစ်ပွဲတွေကို အနည်းဆုံးရပ်တန့်သွားအောင်လုပ်သင့်ပါတယ်။ လက်နက်မရှိတဲ့ ကိုယ့်ရဲ့ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကိုတားမြစ်ဖို့ လိုအပ်နေပါတယ်။

XS
SM
MD
LG