သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု စီးပွားရေးအကြံပေးရဲ့ ထောင်အတွေ့အကြုံစာအုပ် အင်တာဗျူး (အပိုင်း-၁)


Zoom Interview with Sean Turnell
Zoom Interview with Sean Turnell

ရိုဟင်ဂျာအကြပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို အပြင်းအထန်ခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်နဲ့ပတ်သက်လို့ အဲဒီအချိန်က ဘယ်လို ရပ်တည်ချက်သဘောထားရှိခဲ့သလဲ။ သူ့ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဩစတြေးလျစီးပွားရေးပညာရှင် Sean Turnell ကို အာဏာသိမ်းပြီးပြီးချင်း စစ်ကောင်စီက ဘာကြောင့် အပူတပြင်းဖမ်းဆီးခဲ့သလဲ။ အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၆၅၀ နေခဲ့ရပြီး မနှစ် နိုဝင်ဘာလက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ Sean Turnell ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။


အင်ကြင်းနိုင်။ ။ Sean Turnell အခုထွက်မယ့် စာအုပ် အကြောင်းနဲ့ စရအောင်ပါ။ "An Unlikely prisoner" လို့အမည်ပေးထားတဲ့ Sean ရဲ့ စာအုပ်က မြန်မာနိုင်ငံကအကျဉ်းထောင်မှာနေခဲ့တဲ့အတွေ့အကြုံကို ရေးထားတဲ့အထဲမှာ ပထမဆုံး ကျနော့်စာအုပ်ကို အားပေးမှုတွေအထဲမှာဆိုပြီး "ဒီစာအုပ်ကို မဖတ်ဖို့" နေပြည်တော်မှာရှိတဲ့ စစ်ခေါင်းဆောင်က ပြောတယ်လို့ ဆိုထားပါတယ်။ ဘာကြောင့် စစ်ခေါင်းဆောင်တွေက Sean ရဲ့ စာအုပ်ကို သူတို့က လူတွေကို မဖတ်စေချင်တာပါလဲ။

Sean Turnell။ ။ အဓိကအကြောင်းအရင်းကတော့ သူတို့ ကျနော်ကို ဘယ်လို ဆက်ဆံခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး အမှန်အတိုင်း ပြတ်ပြတ်သားသား ရေးသားထားလို့ပါ။ ပိုပြီး အရေးကြီးတာက ကျနော်နဲ့အတူ ထောင်ထဲမှာတွေ့ဆုံခဲ့တဲ့ ကျနော့် သူငယ်ချင်းတွေပါ ထောင်အာဏာပိုင်တွေက ဘယ်လို ဆက်ဆံပြုမူကြသလဲဆိုတာတွေကို ကျနော် ရေးသားထားပါတယ်။ အဲဒီထဲမှာ အကျဉ်းထောင်တွင်း အတွေ့အကြုံတွေ၊ ကျနော့်ကို နေပြည်တော်တရားရုံးမှာ ရုံးထုတ်စစ်ဆေးတာတွေ အကုန်လုံး ပါပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုလည်း ကျနော် အဓိက ရေးထားသလို ကျနော်နဲ့အတူထောင်ကျခဲ့ကြတဲ့ ပြုပြင် ပြောင်းလဲရေးသမားတွေရဲ့ အကြောင်းတွေလည်း ပါပါတယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် ထောင်ထဲမှာ Sean တွ့ကြုံခဲ့ရတဲ့အထဲ မေ့မရနိုင်တဲ့ အဖြစ်အပျက်တွေကို ပြောပြလို့ရမလား။ စောစောက ပြောသွားတဲ့အထဲမှာ အခြားအကျဉ်းသားတွေက ရှောင်ကို ကူညီကြတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ မွတ်စလင်တဦး အသတ်ခံခဲ့ရတဲ့အခြေအနေကို Sean အရင်က မျှဝေထားတာရှိပါတယ်။

Sean Turnell။ ။ ဟုတ်ပါတယ်၊ ဝမ်းနည်းစရာနဲ့ ဆိုးရွားလှတဲ့ ထောင်တွင်း အတွေ့အကြုံကို အရင်စပြောရမယ်ဆိုရင် အဆိုးဆုံးကတော့ ဦးခင်မောင်ရွှေ၊ ကျနော်ကတော့ သူ့ကို ရာကွတ်ဘီလို့ သိထားထားပါတယ်။ သူ သေဆုံးတဲ့ သတင်းကိုကြားရချိန်မှာ အတော်လေးတုန်လှုပ်ဝမ်းနည်းမိခဲ့ပါတယ်။ သူဟာ အင်းစိန်အကျဉ်းထောင်ထဲမှာ ကျနော့်ကိုအကာအကွယ်ပေးခဲ့သူပါ။ ထမင်းလည်း ချက်ကောင်းပါတယ်။ အင်းစိန်အကျဉ်းထောင်ထဲက ဆိုးရွားလှတဲ့ ထောင်ထမင်း၊ ထောင်ဟင်းတွေကို တကယ့်ကို ကောင်းတဲ့ဟင်း၊ ထမင်းဖြစ်အောင် ချက်ကျွေးခဲ့သူပါတယ်။ ကျနော့်မွေးနေ့အတွက်ဆိုပြီး မွေးနေ့ကိတ်ကို ဖုတ်ပေးခဲ့ပါတယ်။ ကျနော့်နဲ့ဘေးချင်းကပ်ရပ်အချုပ်ခန်းက သူ့အခန်းပါ။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းချိန် ကျနော့်ကိုဖမ်းပြီး အင်းစိန်ထောင်မှာ ခြောက်လနေခဲ့ချိန်မှာ သူနဲ့ တွေ့ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ဒေါ်စုနဲ့ အခြားဝန်ကြီးတွေနဲ့အတူ ရုံးတင်စစ်ဆေးဖို့ ကျနော့်ကို နေပြည်တော်ပို့လိုက်ချိန်မှာ သူနဲ့ မတွေ့တော့ပါဘူး။ အဲဒီနောက် ကျနော် အင်းစိန်ထောင်ကထွက်ပြီး တလအကြာမှာ သူ့ကို ထောင်အစောင့်တချို့နဲ့ အကျဉ်းသားတချို့က ဝိုင်းပြီး ရက်ရက်စက်စက် သတ်ပစ်လိုက်ကြတယ်ဆိုတဲ့ သတင်းကျနော် ကြားခဲ့ရပါတယ်။

ကျနော် မြန်မာအကျဉ်းထောင်တွေမှာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေအမျိုးမျိုးပါပဲ။ ကျနော့်ကို စစ်ကြောရေးစခန်းမှာ နှစ်လကြာ ချုပ်နှောင် စစ်ဆေးပြီးနောက် အင်းစိန်ထောင်ကို ပြန်ပို့ချိန်မှာ ပိုင်ရဲသူလို လူငယ်နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ခဲ့ရပါတယ်။ ကျနော် အခုလို ဗွီအိုအေနဲ့ မေးမြန်းခန်းကို သူနားထောင်နေလောက် တယ်လို့လည်း ကျနော် တွေးမိပါတယ်။ စစ်ကြောရေးမှာ အထီးကျန်ချုပ်နှောင်ခံရပြီး အင်းစိန်ထောင်ကို ပထမဆုံးအကြိမ် ကျနော့်ကို ရွှေ့ပြောင်းချိန်မှာ ပိုင်ရဲသူက သူကိုယ်တိုင် အကျဉ်းကျနေပေမယ့် ကျနော့်ကို စိတ်အားမငယ်ဖို့ အားပေးစကားပြောခဲ့တာတွေကို ကျနော် ဘယ်တော့မှ မမေ့ဘူး။

အင်ကြင်းနိုင်။ ။ နေပြည်တော် တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အတူ တရားရုံးထွက်တဲ့အချိန်တွေမှာ အာဏာသိမ်းမှုကို ပြည်သူတွေက အပြင်းအထန်ဆန့်ကျင်လှုပ်ရှားတာတွေကို ဒေါ်အောင်ဆန်းစုကြည်သိမယ်လို့ ထင်လား။

Sean Trunell ။ ။ သိပ်ကောင်းတဲ့ မေးခွန်းပါ။ ဒီမေးခွန်းဖြေခွင့်ရတဲ့အတွက် ကျနော် ကျေနပ်မိတယ်။ ဒေါ်စုဟာ အပြင်ကအခြေအနေတွေကို ကောင်းကောင်းသိနေပါတယ်။ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေကို သူသိနေခဲ့ပါတယ်။ ကျနော်ကိုယ်တိုင် ဒီအကြောင်းတွေကို သူနဲ့ တွေ့ဆုံချိန်မှာ ပြောပြတော့ သူ သိပ်ကို ကျေနပ်အားရတာ တွေ့ရပါတယ်။ ကျနော်ကြားသိရသမျှ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူတွေရဲ့လှုပ်ရှားမှုတွေကို ကျနော် သူ့ကို ပြောပြချိန်မှာ သူပြန်ပြောတဲ့စကားကို ကျနော်ဘယ်တော့မှ မမေ့ပါဘူး။

ပြည်သူတဦးချင်းစီအတွက် သူအရမ်းဂုဏ်ယူတယ်လို့ ဒေါ်စုက ပြောခဲ့ပါတယ်။ အထူးသဖြင့် လူငယ်တွေအတွက် သူဂုဏ်ယူမိတယ်လို့ ပြောတယ်။ ဒီမိုကရေစီရဲ့ အရသာကို ဒီလူငယ်တွေက နှစ်အနည်းငယ်လောက်ပဲ ကြုံတွေ့ခဲ့ရပေမယ့် သူတို့က ဒီစနစ်ကို တန်ဖိုးထား ခုခံကာကွယ်လိုစိတ် အပြည့်ရှိတာကို သူ့တွေ့ရတဲ့အတွက် အလွန်ဝမ်းသာမိတယ်လို့ ဒေါ်စုက ကျနော့်ကို ပြောပါတယ်။

အင်ကြင်းနိုင်။ ။ ဒါပေမယ့် အာဏာမသိမ်းခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လူ့အခွင့်အရေးအပေါ် ရပ်တည်ချက်မှာ နိုင်ငံတကာက အတော်လေး ဝေဖန်ခဲ့တဲ့ အခြေအနေတွေရှိခဲ့တယ်။ Sean အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ရှိနေခဲ့တာဆိုတော့ ဒီ စစ်တပ်နဲ့ ပတ်သက်ရင် အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ရပ်တည်ချက်ကို ဘယ်လို မြင်ခဲ့လဲ။

Sean Turnell ။ ။ ဒါကအလွန် ကောင်းတဲ့ နောက်ထပ်မေးခွန်းတခုပဲလို့ကျနော်ပြောချင်ပါတယ်။ ကျနော့်စာအုပ်မှာ ဒေါ်စုနဲ့ပတ်သက်လို့ အဲဒီအကြောင်းရေးထားတာကို ကျနော် အခုပြောခွင့်ရတဲ့သဘောပါ။ လူမြင်ကွင်း နောက်ကွယ်မှာလူတွေမသိခဲ့တဲ့ ဒေါ်စု ဘာတွေလုပ်ခဲ့သလဲဆိုတာ ကျနော့် စာအုပ်မှာလည်း ရေးထားပါတယ်။ အထူးသဖြင့် ရခိုင်နဲ့ အခြားနေရာတွေမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒေါ်စုကို အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ ဒါကိုလည်း သူသိပါတယ်။ ဒီလို ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိပေမယ့် နောက်ကွယ်မှာ ဘာတွေလုပ်နေသလဲဆိုတာကို ဒေါ်စုအနေနဲ့ ပြောပြလို့ မရနိုင်ခဲ့ပါဘူး။

ကျနော့်စာအုပ်မှာ ရေးထားတဲ့အထဲက ဥပမာပေးပြောရမယ်ဆိုရင် အာဏာသိမ်းမှုမတိုင်ခင်ကတည်းက စစ်တပ်အပေါ်မှာ စီးပွားရေးအရ ပစ်မှတ်ထားဖိအားပေးဖို့ ကျနော်ကြိုးစားနေခဲ့တာကို ဒေါ်စုသိနေပါတယ်။ ဒါကြောင့်လည်း အာဏာမသိမ်းခင် မြန်မာပြည်ကို ကျနော်ရောက်နေတဲ့ အကြောင်းအရင်းကလည်း ဘယ်သူတွေဟာ အဓိက ချိုးဖောက်သူတွေဖြစ်သလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိနေသလဲဆိုတာတွေကို အတိအကျသိရဖို့ စုံစမ်းဖေါ်ထုတ်ဖို့ ဖြစ်ပါတယ်။ အခြားသူတွေစိုးရိမ် သလိုမျိုး ဒေါ်စုဟာ စစ်တပ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ အမြဲတမ်းပူပန်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဒါတွေကို လူသိရှင်ကြားထုတ်ဖေါ်ပြောဆိုလို့ မရနိုင်ခဲ့ပါဘူး။ ဒါကြောင့် နေပြည်တော်တရားရုံးမှာ အဓိက သူတို့ စွဲချက်တင်တဲ့အထဲမှာ စစ်တပ်က တင်ပြခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ ရခိုင်ပြည်နယ်နဲ့ အခြားနေရာတွေမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ရေး စီးပွားရေးအရ ပိတ်ဆို့အရေးယူဖို့ ကျနော်ပြုစုထားတဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် လက်ရှိလူတွေ သိထားတဲ့ အခြေအနေတွေက တမျိုးဖြစ်နေပေမယ့် အမှန်တရားအတွက် တချို့အရာတွေကို အနာဂတ်က အကဲဖြတ် ဆုံးဖြတ်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG