သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီး ညီလာခံတက်မည်


၂၀၁၉ ဇွန်လတုန်းက ဒေါ်အောင်ဆန်းစုကြည် ASEAN ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)
၂၀၁၉ ဇွန်လတုန်းက ဒေါ်အောင်ဆန်းစုကြည် ASEAN ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)

(Zawgyi/Unicode)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင် အာရှနိုင်ငံများအသင်း ASEAN ရဲ့ ၃၅ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတက်ဖို့ မနက်ဖြန်မှာ ထွက်ခွာတော့မှာပါ။

ဒါ်အောင်ဆန်းစုကြည်ဟာ အာဆီယံထိပ်သီး စည်းဝေးပွဲအပြင် တခြား ဆက်နွယ်နေတဲ့ စည်းဝေးပွဲတွေကို တက်တာအပြင် ဒီ ထိပ်သီးစည်းဝေးပွဲကို လာတက်ကြတဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံသွားဖို့ရှိပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ အာရုံစိုက်၊ ဖိအားပေးမှုတွေ ရင်ဆိုင်နေရတာကြောင့် အာဆီယံလို ဒေသတွင်းနိုင်ငံတွေ့ရဲ့ ထောက်ခံမှုရလာအောင် နည်းလမ်းသစ်တွေ ရှာဖွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ထက်က တင်ပြပေးပါမယ်။

အာဆီယံထိပ်သီးအစည်းအဝေးမှာ ကိုရီးယားကျွန်းဆွယ်ပြဿနာ၊ တောင်တရုတ်ပင်လယ် ပြဿနာ၊ သဘာဝပတ်ဝန်းကျင် ကိစ္စတွေ၊ ပြီးတော့ WTO အပြောင်းအလဲကိစ္စ အပါအဝင် ရခိုင်ပြည်နယ်ကနေ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ပြဿနာတွေက ပုံမှန်အလေးထား ဆွေးနွေးရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

နိုင်ငံတကာ ဖိအားတွေ ရှိနေတဲ့ မြန်မာနိုင်ငံဟာ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ နည်းလမ်းသစ်တွေနဲ့ ချဉ်းကပ်ဆွေးနွေး၊ အဖြေရှာသင့်ကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ ISP ရဲ့ ပြင်ပဆက်သွယ်၊ ဆက်ဆံရေး တာဝန်ခံ ဦးအောင်သူငြိမ်းက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့နိုင်ငံရဲ့ ပြဿနာဆိုတာကတော့ အာဆီယံထဲမှာ အရေးကြီးတဲ့ကိစ္စတော့ ဟုတ်တယ်၊ ဒါပေမဲ့ ဒေသတခုလုံးနဲ့ ခြုံလိုက်လို့ရှိရင် သူတို့က ပိုပြီးတော့ အရေးကြီးတဲ့ကိစ္စတွေ ရှိတယ်လို့ ယူဆနိုင်တာပေါ့။ ယေဘုယျပြောရင်တော့ အာဆီယံနိုင်ငံတွေက ကျနော်တို့ကို ဖိအားပေးချင်တဲ့ သဘောထားမရှိပါဘူး။ အာဆီယံရဲ့ သဘောထားကတော့ သူတို့ ဘယ်လိုဝိုင်းကူပေးရမလဲ ဆိုတဲ့ ဟာမျိုးပါပဲ။ ဆိုတော့ ဒီကိစ္စမှာ သူတို့ရဲ့အခန်းကဏ္ဍ ရှိမလား၊ သူတို့ဝိုင်းကူ ပေးရမယ်ဆိုရင် သူတို့ဘက်က ကူပေးချင်တယ် ဆိုတဲ့ဟာပဲ။ အဲဒီတော့ ကျနော်မြင်တာကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ အခုလက်ရှိ ညီလာခံ သွားတယ်ဆိုပါစို့၊ ကျနော်တို့ဘက်က အဆိုပြုချက်တွေ၊ နည်းလမ်းသစ်တွေပေါ့ဗျာ ဒီလိုဆွေးနွေးနိုင်ရင်တော့ ကောင်းမယ်လို့ ထင်ပါတယ်။”

ရခိုင်ပြည်နယ် အရေးကိစ္စကို အရှေ့တောင်အာရှနိုင်ငံအသင်းဖြစ်တဲ့ အာစီယံက ကူညီဖို့ ကြိုးစားနေကြောင်း ဇန်နဝါရီ ၁၈ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ၂ရက်ကြာအစည်းအဝေးမှာ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ထိုင်းနိုင်ငံက ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ရောက်နေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာလည်း သူ့ရဲ့ အာရှခရီးစဉ် မနေ့ အောက်တိုဘာ ၂၈ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို သွားခဲ့ပြီး ရခိုင်မြောက်ပိုင်း ပဋိပက္ခအပါအဝင်၊ စစ်ရှောင်တွေအရေးကိစ္စကိုလည်း အလေးထား ဆွေးနွေးခဲ့သလို ဒီကနေ့လည်း နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး တခြားကိစ္စရပ်တွေ အပါအဝင် ရခိုင် ပဋိပက္ခကို ထပ်မံ ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်လက်ထောက်ဝန်ကြီးဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲကို တက်ဖို့ရှိနေတာကြောင့် သူ့ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ခရီးစဉ်တခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အာဆီယံနိုင်ငံတွေကြားမှာ ဆွေးနွေးနေကြဖြစ်တဲ့ RCEP လို့ခေါ်တဲ့ ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေလည်း ရှိပါတယ်။ အာဆီယံနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးဖို့ အားယူနေတဲ့ CLMV လို့ခေါ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံမှာ မြန်မာနိုင်ငံဟာ ပြည်တွင်းရေး ပြဿနာတွေကြောင့် ပိုပြီးကြိုးစားရဦးမယ့် အနေအထားဖြစ်တယ်လို့ နိုင်ငံရေး၊ စီးပွားရေးပညာရှင်တွေက ထောက်ပြကြပါတယ်။ နိုင်ငံတော်စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်ကတော့ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးအင်အားကြီး နှစ်နိုင်ငံကြားမှာရှိလို့ အားသာချက်တွေ ရှိနေကြောင်း ထောက်ပြပါတယ်။

“ ဆရာတို့ အင်အားကြီးနိုင်ငံ ၂ခုဖြစ်တဲ့တရုတ်နဲ့ အိန္ဒိယနဲ့ ချိတ်ဆက်နေတဲ့ နယ်စပ်ဖြစ်နေတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီတော့ ဆရာတို့မှာ သူများတွေမှာ မရှိတဲ့၊ လာအိုတို့ ဗီယက်နမ်တို့ ထိုင်းနဲ့နယ်စပ် ဖြစ်နေပေမဲ့ ဆရာတို့က အိန္ဒိယနဲ့ နယ်စပ်ဖြစ်တယ်။ အဲဒီတော့ အဲဒီအခွင့်အရေးဟာ ဆရာတို့အတွက် အခွင့်အရေးပဲ။ အဲဒီတော့ လူကြီးတွေ အဲလိုဆွေးနွေးလိမ့်မယ်လို့ အောက်မေ့ပါတယ်၊ လုပ်လို့ရမယ့်ဟာတွေ။”

အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှု AFTA ကိုသွားတဲ့အခါ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ပိုပြီးပူးပေါင်း ဆောင်ရွက်သင့်ကြောင်း စီးပွားရေးပညာရှင်တွေက ထောက်ပြပါတယ်။ အာဆီယံနိုင်ငံတွေအချင်းချင်း ဆွေးနွေးအဖြေရှာမှသာလျှင် အချင်းချင်း ကုန်သွယ်ရေးမှာ နစ်နာမှုမရှိဘဲ မျှမျှတတဆောင်ရွက်နိုင်မှာလို့ စီးပွားရေးပညာရှင် ဦးမင်းခင်က အခုလိုသုံးသပ်ပါတယ်။

“ မြန်မာနိုင်ငံဟာ CLMV အပါအဝင်၊ အဓိကတော့ထိုင်းပေါ့ အဲဒါကျတော့ မဲခေါင်နိုင်ငံတွေပေါ့၊ ဂျပန်နိုင်ငံနဲ့လည်း စာချုပ်တွေဘာတွေ လုပ်ထားတာရှိတော့ အဲဒီအပိုင်း ပူးပေါင်းဆောင်ရွက်ရေးဟာ ကျနော်တို့ ရေရှည်အတွက်ဆိုရင် အများကြီးတိုးပြီး လုပ်သင့်တယ်လို့ ထင်တယ်။ အဲဒီလို လုပ်မှသာလျှင်၊ ကျနော်တို့ အခုဆိုရင် AFTA တွေဘာတွေဖြစ်လာပြီးတော့ အခွန်ကင်းလွတ်ခွင့်တွေ ပေးလာတဲ့အခါ ဒီဟာတွေက ကိုယ့်တိုင်းပြည်မှာ နစ်နာတယ်။ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တဲ့ အခြေအနေလည်း မရှိသေးဘူး။ CLMV+Thai ပေါ့နော် အဲဒါကို ကြိုးစားနိုင်လို့ရှိရင်၊ ထိုင်းရဲ့ အထောက်အကူ ပေါ့နော် CLMV က ကျန်တဲ့ ဖွံ့ဖြိုးနေတဲ့ အင်ဒိုနီးရှား ဒါတွေနဲ့ အပြန်လှန်အပေါ့နော် မျှတတဲ့အခြေအနေ တခုကို ကျနော်တို့ သွားနိုင်မယ်။ အဲဒါ အရေးကြီးတယ်။”

အဖွဲ့ဝင်နိုင်ငံတခုချင်းစီရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရဘူးဆိုတဲ့ ပေါ်လစီကို အာဆီယံအဖွဲ့က ချမှတ်ထားတာကြောင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာ ပဋိပက္ခနဲ့ပတ်သက်လို့ အစောပိုင်းမှာ ဝင်ရောက် စွက်ဖက်တာမျိုး မရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ မလေးရှားနဲ့ အင်ဒိုနီးရှားလို မွတ်စလင် အများစုနေထိုင်တဲ့ နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် အဖွဲ့ရဲ့ ရည်တည်ချက် အနည်းငယ် ပြောင်းလဲလာတာကို တွေ့ရပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို ပြန်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)













XS
SM
MD
LG