သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နဲ့ အာဆီယံ စီးပွားဖွံ့ဖြိုးမှု အလားအလာ


ကမ္ဘာ့ဘဏ် နှစ်ပတ်လည် ညီလာခံ
ကမ္ဘာ့ဘဏ် နှစ်ပတ်လည် ညီလာခံ

လာမယ့်နှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေး ကျဆင်းမယ်လို့ ကမ္ဘာ့ ဘဏ်ကရော၊ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တို့ကပါ သတိပေးခဲ့ ပါတယ်။ ဒါပေမဲ့ အာဆီယံ နိုင်ငံတွေ ရဲ့ စီးပွားရေး စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ IMF အကြီးအကဲက ချီးကျူးခဲ့ပြီး အောက်တို ဘာလထဲ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ် စီးပွားရေး နောက်ဆုံးအခြေအနေ အစီရင်ခံစာမှာတော့ ၂၀၁၉-၂၀၂၀ ခုနှစ် မြန်မာနိုင်ငံရဲ့စီးပွားရေး တိုးတက်မှုနှုန်း ၆.၆ ရာခိုင်နှုန်း ရှိမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကမ္ဘာ့ဘဏ် နှစ်ပတ်လည် ညီလာခံကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုရဲမင်းထွန်းက ပြောပြပေးပါမယ်။

ကမ္ဘာ့ဘဏ် နှစ်ပတ်လည် ညီလာခံအဖွင့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ဝါရှင်တန်ဒီစီမြို့မှာ အောက်တိုဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့ ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ဘဏ် ဥက္ကဌ David Malpass က လာမယ့်နှစ် ကမ္ဘာ့ စီးပွားရေးဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ကမ္ဘာ့စီးပွားရေး ကျဆင်းနေသလို ရင်းနှီးမြှုပ်နှံမှုတွေလည်း တုံ့ဆိုင်းနေပါတယ်။ ကုန်ထုတ်လုပ်မှုက အင်အားချိနဲ့နေ သလို ကုန်သွယ်မှုတွေ လည်း ကျဆင်းနေပါတယ်။ ကမ္ဘာ့ ဥတုရာသီ ပတ်ဝန်းကျင် ပြောင်းလဲမှုတွေနဲ့ အတိမ်းအစောင်းမခံတဲ့ အခြေအနေတွေဟာ ဆင်းရဲတဲ့ နိုင်ငံတွေကို ပိုပြီး အကာအကွယ်မဲ့ စေပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ ကြီးပွားတိုးတက်ဖို့အရေး ပိုပြီး ခက်ခဲ လာစေပါတယ်။ လူသန်း ၇၀၀ လောက် ဆင်းရဲတွင်း ထဲနေနေရပါသေးတယ်။

တစ်ဖက်မှာလည်း သတင်းကောင်းတွေလည်း ရှိသေးကြောင်း ပြောပါသေးတယ်။

“မူဝါဒကောင်းတွေနဲ့ စီးပွားရေး အခြေခံ ပြုပြင်ပြောင်းလဲမှုတွေရှိမယ်ဆိုရင် နိုင်ငံအများ စီးပွားရေး တိုးတက်မှုတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ ဒီ ကိစ္စမျိုးက သေသေချာချာ ပုံစံချထားတဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ အကျိုးအမြတ်တွေရရှိနေတဲ့ ဖွံ့ဖြိုးစနဲ့ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ အထူးပဲသက်ဆိုင် ပါတယ်။

Malpass က နိုင်ငံကြီးတွေမှာ စီးပွားရေး တုံ့ဆိုင်းမှု ရှိမှာကို သတိပေးနေစဉ်မှာပဲ ပြုပြင်ပြောင်းလဲရေး မူဝါဒ ကောင်းတွေရှိရင် ဖွံ့ဖြိုးစနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေအတွက် အခွင့်အလမ်းကောင်းတွေ ရှိတယ်လို့ ပြောသွားတာပါ။ ဒါ့အပြင် သူဟာ ကုန်သွယ်ရေး အတားအဆီး ကိစ္စတွေနဲ့ Brexit ကိစ္စတွေကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နောက်ထပ် သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာတော့ IMF အဖွဲ့ရဲ့ အကြီးအကဲအသစ်ဖြစ်တဲ့ Kristalina Georgieva က ကမ္ဘာ့ စီးပွားရေး နှေးကွေးမယ့်အကြောင်း အသေးစိတ် ထပ်ပြောပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေး တင်းမှုနေမှုကို ထောက်ပြ ပြီး ကုန်သွယ်ရေး အဆင်ချောမွေ့ဖို့ ကမ္ဘာ့နိုင်ငံကြီးတွေ နည်းလမ်းရှာ ရမယ်လို့လည်း တိုက်တွန်းသွားပါတယ်။

“ဒီနှစ်နဲ့ ရှေ့နှစ်မှာ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှေးကွေးမယ်လို့ ကျွန်မတို့ ခန့်မှန်ထားတာမှာ ၂၀၁၉ ခုနှစ်မှာ ၃ ရာခိုင်နှုန်းပဲ ရှိပါမယ်။ ၂၀၂၀ ကျရင် ၃.၄ ရာခိုင်နှုန်း ရှိမယ်။ ဒီ ၂ နှစ်စလုံး အတွက် ဧပြီလတုန်းက ခန့်မှန်းချက်ကို လျှော့ချ ပြင်ဆင် ခန့်မှန်းခဲ့ရပါတယ်။ ဂျီဒီပီနဲ့ ပြောမယ် ဆိုရင် ကမ္ဘာ့ စီးပွားရေးရဲ့ ၉၀ ရာခိုင်နှုန်းဟာ တိုးတက်မှု လျော့ကျနေပါတယ်။ ကမ္ဘာ့ ကုန်သွယ်ရေး စနစ်ပြုပြင်ပြောင်းလဲဖို့ နိုင်ငံတွေ အကြား ပိုပြီး ပူးပေါင်းဆောင်ရွက်ရပါမယ်။

သူက အနာဂတ်မှာ ကြီးပွားချမ်းသာပြီး အေးချမ်းတဲ့ ကမ္ဘာ ဖြစ်ထွန်းဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ စီးပွားရေး အခြေအနေကို သတင်းထောက်တစ်ယောက်က မေးတော့ သူဖြေကြားသွားတာက စိတ်ဝင်စားစရာပါ။

“တစ်ခြား ကမ္ဘာ့ဒေသတွေနဲ့နှိုင်းယှဉ်ရင် အာဆီယံနိုင်ငံတွေရဲ့ စီးပွားရေး စွမ်းဆောင်ရည်က ပိုပြီး ကောင်းတယ်။ အခု အကျပ်အတည်းကနေ သူတို့ ကင်းလွတ်နေသလို ခံနိုင်ရည် ပိုရှိတာကိုလည်း တွေ့ရတယ်။ ကျွန်မ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ရှေ့နှစ် ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုကို တုံ့ပြန်ဖို့ သူတို့ဘာတွေ လုပ်မလဲဆိုတာကို မေးပါမယ်။ ပြီးတော့ အာဆီယံအဖွဲ့အတွင်း ငွေကြေး ပူးပေါင်းဖို့ ခြေလှမ်း လှမ်းနေတာကို တွေ့ရတာ အားရစရာ ကောင်းပါတယ်။”

Kristalina Georgieva ဟာ ညီလာခံအပြီးမှာ အာဆီယံဒေသကို သွားဖို့ ရှိပြီ ဒီ ခရီးစဉ်ဟာ သူ့အတွက် လေ့လာရေးခရီးစဉ်ကောင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီလထဲထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေး အစီရင်ခံစာကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၂၀၁၉-၂၀၂၀ခုနှစ်မှာ ၆.၆ ရာခိုင်နှုန်း ရှိပါတယ်။ ၂၀၂၀-၂၁ မှာတော့ ၆.၈ ရာခိုင်နှုန်း ရှိမယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေးနဲ့ ခရီးသွားလုပ်ငန်းမှာ ဆောင်ရွက်နေဆဲ ပြုပြင်ပြောင်းလဲမှုတွေဟာ ရင်းနှီးမြှုပ်နံှမှုတွေကို တိုးတက်စေမှာ ဖြစ်ကြောင်း၊ဒါပေမယ့် ကမ္ဘာ့ စီးပွားရေး မရေမရာဖြစ်နေတာ၊ ရခိုင်က အကျပ်အတည်းနဲ့ ပြည်တွင်း ပဋိပက္ခတွေကတော့ မြန်မာ့စီးပွားရေး တိုးတက်မှုကို အန္တရာယ်ပြုနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်နိုင်ကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

..................

{Unicode}














တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG