သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလစုံစမ်းရေးအဖွဲ့ သြစတေးလျ ထောက်ခံ


 သြစတေးလျ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Marise Payne
သြစတေးလျ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Marise Payne

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ကို သြစတေးလျ နိုင်ငံက ထောက်ခံကြောင်း နိုင်ငံခြားရေး ဝန်ကြီး Marise Payne က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

"ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ အပေါ်မှာ သြစတေးလျ အနေနဲ့ အခိုင်အမာ ထောက်ခံထားပါတယ်။ အချက်အလက်ရှာ အဖွဲ့က တွေ့ရှိထားတဲ့ ရခိုင်ပြည်နယ်ထဲက စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ် အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်နိုင်ခြေ စတာတွေကြောင့် အင်မတန် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒီ ပဋိပက္ခ အတွက် ရေရှည် ဖြေရှင်းချက် ရှာဖို့ အတွက် မြန်မာနိုင်ငံနဲ့ရော၊ အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံနဲ့ရော ဒေသတွင်း မိတ်ဖက်တွေနဲ့ပါ ဆောင်ရွက်နေပါတယ်" လို့ သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တာပါ။

Australian Institute of International Affairs ရဲ့ နှစ်ပတ်လည် ညီလာခံမှာ သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီးက မူဝါဒဆိုင်ရာ မိန့်ခွန်းမှာ မြန်မာ့ အရေးကို ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လမှာ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက် ပထမဆုံးသော နိုင်ငံခြားရေးရာ မူဝါဒ မိန့်ခွန်းလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာ ဆိုင်ရာအချက်အလက်ရှာ အဖွဲ့က ထုတ်ထားတဲ့ အစီရင်ခံစာထဲမှာတော့ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် မြန်မာ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေလို့ ဖော်ပြပြီး တာဝန်ရှိတဲ့ မြန်မာ စစ်တပ် ခေါင်းဆောင်ပိုင်းကို တရားစွဲဆိုနိုင်ဖို့ တိုက်တွန်းထားတာပါ။

မြန်မာ အစိုးရဘက်ကတော့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ရဲ့ အစီရင်ခံစာက တဖက်သတ် ဆန်တယ်လို့ ပြောဆို ပယ်ချထားပါတယ်။ ကုလ အချက်အလက်ရှာ အဖွဲ့ကိုရော ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကိုပါ ပြည်ဝင်ခွင့် ပိတ်ထားတဲ့ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်သင့်မခံပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG