သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချက်အလက်ရှာဖွေရေးအဖွဲ့အကြံပေးချက်တွေကိုအလေးအနက်ထားဖို့ Guterres တိုက်တွန်း


 ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အင်္ဂါနေ့ကကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအရေး တံခါးဖွင့်ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်Antonio Guterres က ရခိုင်ပြည်နယ်ထဲကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေ သွားရောက်နိုင်ဖို့ သိပ်ကိုအရေးကြီးကြောင်းနဲ့ ဒုက္ခသည်တွေ ကူညီရေး အတွက် ရန်ပုံငွေတွေလိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်လက်ရှာဖွေရေး အဖွဲ့ရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ အကြံပြုချက်တွေကို နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေကရော ကုလသမဂ္ဂ အဖွဲ့အစည်းတွေကပါ လေးလေးနက်နက် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်ကပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် အဓိက လိုအပ်တာက တိုင်းရင်းသား လူမျိုးစုတွေ အားလုံး ပြန်လည်သင့်မြတ်ရေး ဖြစ်ပြီး ဒီ့အတွက် တာဝန်ခံတာဝန်ယူမှုက အဓိကကျကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guetrrus က ပြောပါတယ်။ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက နည်းမျိုးစုံးနဲ့ ပါဝင် ဖြေရှင်းပေးဖို့ ကြိုးစားနေတာ ဖြစ်ပြိး အခုနောက်ဆုံး အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးး အဖွဲ့က ဆန်းစစ်တဲ့ အစီရင်ခံစာ တနင်္လာနေ့မှာ ထွက်လာခဲ့တဲ့ အတွက် ဒါကို ကုလသမဂ္ဂအဖွဲ့အစည်းတွေက လေးလေးနက်နက် စဉ်းစာ မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် က လုံခြုံရေးကောင်စီ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ခုလို ပြောပါတယ်။

“အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ ထဲမှာ လုံခြုံရေးတပ်ဖွဲ့ တွေက လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်ခဲ့တဲ့ ပုံစံတွေ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီထဲမှာ ရေးသားထားတဲ့ အတိုင်း ပြောရရင် - သူတို့ဟာ နိုင်ငံတကာ ဥပဒေအရ ဆိုးဝါးတဲ့ ရာဇဝတ်မှု ဆိုင်ရာ ချိုးဖေါက်မှုတွေ အတော်များများကို လုပ်ဆောင်ခဲ့တယ် - လို့တင်ပြထားတာပါ။

ဒီအစီရင်ခံစာထဲက တွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း အားလုံးက သေသေချာချာ ထည့်သွင်း စဉ်းစား ကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲဒီမှာ နိုင်ငံတကာရဲ့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ရေးဟာ သိပ်အရေးကြီးပါတယ်။ ပြစ်မှု ကျူးလွန်သူတွေ ထိုက်သင့်တဲ့ အပြစ်ရစေဖို့ လုပ်ဆောင်မှုဟာ နိုင်ငံတကာ ဥပဒေ အရ ဖြစ်ရမယ့်အပြင် ခိုင်လုံပြီး ဘက်လိုက်မှု မရှိပဲ မြန်မာကပါ လိုက်နာဖို့ လိုအပ်တဲ့ အချက်တွေ ဖြစ်ရပါမယ်။”

ကုလသမဂ္ဂက မြန်မာ့အရေးကို ထဲထဲဝင်ဆောင်ရွက် ပေးနေပြီး ဧပြီလထဲမှာ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် Christine Schraner Burgenar ကို ခန့်အပ်ပြီး ဆောင်ရွက်နေသလို ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေသူတွေ နေရပ်ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR နဲ့ ကုလသမဂ္ဂ ဖွံဖြိုးရေးဆိုင်ရာ UNDP တို့နဲ့ မြန်မာအစိုးရ တို့ကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်တဲ့ အထိ အောင်မြင်ခဲ့ပေမယ့် တကယ်တမ်း လိုအပ်ချက်တွေ အပြည့်အဝ မဆောင်ရွက်ပေးနိုင်သေးတာဟာ ဒေသတွင်း လိုအပ်တဲ့ နေရာတွေကို သွားရောက်ခွင့် မရသေးတာကြောင့် ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် က ပြောပါတယ်။

“ဒုက္ခသည်တွေ နေရပ် ပြန်ရေးအတွက် စိုးရိမ်မှုတွေနဲ့ လိုအပ်ချက်တွေက သိပ်ကို ကြီးမားနေတဲ့အတွက် လိုအပ်ချက်တွေကို သိရအောင် ဒီနေရာတွေကို သွားရောက်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ရခိုင်ပြည်နယ်မှာ ကျန်နေသူတွေ အတွက်လည်း သူတို့လိုအပ်ချက် အလိုက် ဘာ အစီအစဉ်တွေ လုပ်ပေးရမယ်ဆိုတာကို သိဖို့ အဲဒီနေရာတွေကို သွားနိုင်ဖို့ အရေးကြီးတာပါ။”

ရခိုင်ပြည်နယ်မှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေဟာ အပစ်ပယ်ခံနေရသလို ခွဲခြားဆက်ဆံ ခံရတာ တွေ့နေရကြောင်းနဲ့ အများအပြားဟာ လူသားချင်းစာနာမှု အခြေခံလိုအပ်ချက်တွေ အဖြတ်တောက် ခံနေရသလို ရိုဟင်ဂျာ ၁ သိန်း ၃ သောင်းလောက်ဟာလည်း ဒုက္ခသည်စခန်းတွေကနေ ဘယ်မှ ထွက်ခွင့် မရပဲ ကျန်းမာရေး၊ ပညာရေးနဲ့ တခြားလူမှုရေး အပြင် အသက်ရှင်နေထိုင်ရေးအတွက်ပါ အကန့်အသတ်တွေ ရှိနေတာ တွေ့ရတဲ့အတွက် ဒုက္ခသည်တွေအရေး အဖြေရှာဖို့ ဘယ်နည်းနဲ့ မဆို လုပ်ဆောင်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အတွင်းရေးမှုးချုပ်ဟာ ဇူလိုင်လတုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံ Coz’s Bazar က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တာ ဖြစ်ပြီး မုတ်သုန်ရာသီဒဏ်ခံနေရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် နိုင်ငံတကာ စံနဲ့ အညီ လူ့အခွင့်ရေးနဲ့ ဂုဏ်သိက္ခာ ရှိရှိ လုံခြုံစိတ်ချစွာ ပြန်နိုင်ဖို့ အဖြေရှာရေးကို ကုလသမဂ္ဂက နည်းမျိုးစုံနဲ့ ပါဝင်ကူညီနေကြောင်းပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားရင်ဆိုင်နေရတဲ့ ရိုက်တားစ် မြန်မာသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လွှတ်ပေးဖို့လည်း ပန်ကြားခဲ့ပါတယ်။

အင်္ဂါနေ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ UNHCR အဖွဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် Cate Blanchett ကလည်း ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ အဖိနှိပ်အခံရဆုံး လူတွေ ဖြစ်ကြောင်းနဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပူးပေါင်းကူညီမှုတွေ အရေးပေါ် လိုအပ်နေတယ်လို့ အစည်းအဝေးမှာ အခုလို ပြောကြားခဲ့ပါတယ်။

"အစိုးရတွေ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တွေအနေနဲ့ ပြီးစီးခိုင်မာစွာ ဒုက္ခသည်များနဲ့ ဘင်္ဂလားဒေ့ရှ် ဌာနေလူ့အဖွဲ့အစည်းကို ကူညီဆောင်ရွက်နိုင်ကြဖို့ အရေးကြီးပါတယ်။ ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမှာ ဦးစားပေးဖို့လိုအပ်ပြီး မြန်မာနိုင်ငံကို သူတို့ပြန်နိုင်ရေးအတွက်လည်း ဘေးကင်းလုံခြုံမှုရဖို့ လိုအပ်ပါတယ်။ ကျမနဲ့ တွေ့ဆုံခဲ့တဲ့ ဒုက္ခသည်တွေက မြန်မာနိုင်ငံဟာ သူတို့နေရပ်ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် သူတို့ ဌာနေပြန်ဖို့ တကယ်ပဲ ကြောက်ရွံ့ကြပါတယ်။ သူတို့အတွက် လွတ်လပ်စွာသွားလာခွင့် ၊ အိမ်ထောင်ပြခွင့်နဲ့ ကျန်းမာရေးနဲ့ ပညာသင်နိုင်ခွင့်တို့ မရကြတဲ့အတွက် သူတို့ဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်ခံရဆုံး ဘဝကို ရောက်ခဲ့ကြပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Guterreus က မြန်မာ့အရေးအတွက် နိုင်ငံတကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သလို ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ဒုက္ခသည်တွေအရေး အကူအညီတွေ ပေးနိုင်ဖို့ တောင်းခံ ထားတဲ့ ရံပုံငွေဟာ အခုမှ ၃၃ % လောက်ပဲ ရသေးတဲ့ အတွက် မုတ်သုန်မိုးဒဏ်နဲ့ တခြားလိုအပ်တဲ့ အကူညီတွေ အမြန်ပေးနိုင်ဖို့ ရံပုံငွေ ထည့်ဝင်ကြဖို့လည်း နှိုးဆော်ခဲ့ပါတယ်။

လုံခြုံရေးကောင်စီရဲ့ တံခါးဖွင့် ဆွေးနွေးပွဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံက ကိုယ်စားလှယ်တွေ၊ အလှည့်ကျ အဖွဲဝင်နိုင်ငံတွေ အပြင် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးတွေကလည်း အသီးသီး ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG