အမေရိကန်ပြည်ထောင်စု Maine ပြည်နယ်မှာ သေနတ်သမားရဲ့ လက်ချက်နဲ့ ၁၈ ယောက်သေဆုံးပြီး ၁၃ ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုပါတယ်။ သေဆုံး ထိခိုက်သူတွေအတွက် ဝမ်းနည်းအထိမ်းအမှတ် ၅ ရက်က အလံတဝက်လွှင့်ထူဖို့ သမ္မတ Joe Biden နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး Janet Mills တို့က ညွှန်ကြားထားပါတယ်။
Lewiston ပြည်နယ်က Bowling ကစားရုံနဲ့ အရက်ဘားတခုအပေါ် ရိုင်ဖယ်သေနတ်နဲ့ သေနတ်သမားက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ သေနတ်သမားအဖြစ် မသင်္ကာသူ Robert R. Card ကိုလိုက်လံရှာဖွေနေစဲဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ အိမ်ထဲမှာပဲ နေကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ အဲဒီသူဟာ နွေရာသီတုန်းက စိတ်ကျန်းမာရေးကုသတဲ့ဆေးခန်းကို တက်ရောက်ကုသခဲ့တယ်လို့လည်း ဒေသသတင်းတွေမှာ ဖော်ပြပါတယ်။
အခင်းဖြစ်တဲ့ နေရာတခုမှာ မုတ်ဆိတ်မွေးနဲ့လူတယောက် အညိုရောင်ခေါင်းစွတ်အနွေးထည်နဲ့ ဂျင်းဘောင်းဘီဝတ်ထားပြီး semi-automatic မောင်းပြန်သေနတ်ပစ်တော့မယ့်ပုံစံ ကိုင်ထားတဲ့ ဓာတ်ပုံကို ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဗုဒ္ဓဟူးနေ့ ည ၇ နာရီကျော်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး လူအယောက် ၃သောင်း ၈ ထောင်ပဲ ရှိတဲ့ Lewiston မြို့ဟာ ပုံမှန်ဆိုရင် ဆိတ်ငြိမ်အေးချမ်းတဲ့ မြို့လေးလည်း ဖြစ်ပါတယ်။