သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေနဲ့ မေးမြန်းချက်


ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ။

[Zawgyi/Unicode]

မြန်မာစစ်တပ်က လက်ရှိ အာဏာရပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်တာဟာ ပြည်သူလူထုရဲ့ ဆန္ဒကို လစ်လျူရှုပြီး ဒီမိုကရေစီစနစ် ဆိတ်သုဉ်းအောင် လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောလိုက်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံလိုက်ရတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလွတ်မြောက်ရေးအတွက် ကြိုးပမ်းကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကိုရန်နိုင်က ဆက်သွယ်မေးမြန်ထားပါတယ်။

ကိုရန်နိုင်။ ။ ကိုသိန်းဆွေ အခုလက်ရှိ ပါတီရဲ့ တာဝန်ကို အရင်ဆုံး ပြောပြပေးပါလား။

ဦးသိန်းဆွေ။ ။ ကျနော်က အခု လက်ရှိ ၂၀၂၀ မှာ ကျနော်တို့ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျနော်က အရွေးချယ်ခံထားရပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ် အရွေးခံခဲ့ရပါတယ်။ အခုတိုင်းဒေသကြီးမှာ ထပ်မံအရွေးချယ်ခံရတော့ ကျနော်က သုံးကြိမ်မြောက် ရွေးချယ်ခံထားရပါတယ်... လွှတ်တော် ကိုယ်စားလှယ်အဖြစ်။

ကိုရန်နိုင်။ ။ ဟုတ်ကဲ့ပါ၊ အခု ဒီနေ့တော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ပေါ့လေ၊ သမ္မတ ဦးဝင်းမြင့်ရော၊ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေ တော်တော်များများကိုလည်း ဖမ်းဆီးထားတဲ့အပေါ်မှာ ကိုသိန်းဆွေရဲ့ သဘောထားအမြင်ကို ပြောပြပါလား။

ဦးသိန်းဆွေ။ ။ ဒီနေ့ကတော့ ဒီမိုကရေစီဆိတ်သုဉ်းဖို့ စစ်တပ်ခေါင်းဆောင်တွေက အာဏာသိမ်းမှုနဲ့အတူ စတင်ခြေလှမ်းလှမ်းလိုက်တယ်လို့ ကျနော်ကတော့ ဒီလိုပဲ ပြောချင်တယ်ခင်ဗျ။ အခုလက်ရှိက ပြည်သူကတင်မြှောက်ထားတဲ့ တရားဝင်ပြည်သူ့အစိုးရကို တပ်မတော်ခေါင်းဆောင်တွေက နိုင်ထပ်စီးနင်းလုပ်ခဲ့ကြတယ်လို့ ကျနော် ဒီလိုပဲ ပြောချင်ပါတယ်။

ကိုရန်နိုင်။ ။ ဟုတ်ကဲ့၊ ဆိုတော့ ဒီနေ့မနက်မှာပဲ တိုင်းနဲ့ ပြည်နယ်မှာရှိနေတဲ့ NLD ရုံးတွေပေါ့နော်.... အဲဒီရုံးတွေကို လုံခြုံရေးအာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီးတော့ အဲဒီက ပစ္စည်းတွေ သိမ်းတဲ့အပေါ်မှာရော အကို့အနေနဲ့ ဘာပြောချင်လဲ။

ဦးသိန်းဆွေ။ ။ ဒီဟာက ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ တရားဝင် ပါတီကြီးတခုဗျ။ အခုတော့ တရားဝင်ပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းရုံးတွေ၊ ခရိုင်ရုံးတွေကို၊ မြို့နယ်ရုံးတွေကိုပေါ့နော်... ရှာဖွေပုံစံနဲ့ ရုံးပစ္စည်းတွေကို ဝင်သိမ်းသွားတယ်၊ ရုံးတွေကိုလည်း ဝင်စီးထားတယ်။ နောက်ဧရာဝတီတိုင်းရုံးဆိုရင် ချိတ်ပိတ်သွားတယ်ပေါ့။ အဲဒီမှာ တိုင်းရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးတွေကို ဝင်တဲ့အခါမှာ ကွန်ပျူတာပစ္စည်းတွေ၊ စာရွက်စာတမ်းတွေကို ယူဆောင်သွားတယ်လို့ ကျနော်တို့ သိရှိရတယ်။ ဒါက တရားဝင်ပါတီကြီးတခုကို တရားမဲ့ ပြုကျင့်မှုလို့ ကျနော်တော့ ဒီလိုပဲ ပြောချင်ပါတယ်။

ကိုရန်နိုင်။ ။ ဟုတ်ကဲ့၊ နောက်တခုက အခု ကိုသိန်းဆွေက ပြည်သူကရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဒီကိစ္စအပေါ်မှာရော အကို့ရဲ့ သဘောထားရပ်တည်ချက်ကို ပြောနိုင်မလား၊ ဘယ်လိုရှိလဲ။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ။

ဦးသိန်းဆွေ။ ။ ဟုတ်ကဲ့၊ ပြောနိုင်ပါတယ်။ ပြည်သူကရွေးချယ်ပေးလိုက်တဲ့ ကျနော့်အနေနဲ့ကတော့ လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ်နေတယ်လေ။ အဲဒီတော့ ပြည်သူရွေးချယ်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ကတော့ ပထမဆုံးပြောချင်တာက အဓမ္မအနိုင်ကျင့်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒကို လျစ်လျူရှုပြီးတော့ အာဏာသိမ်းတဲ့ လုပ်ရပ်ကို ကျနော်အနေနဲ့ ဆန့်ကျင်ရှုတ်ချတယ်။ နောက်ဒုတိယအချက်အနေနဲ့က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီးတော့ နောင်ပြုလုပ်မယ့် ရွေးကောက်ပွဲ မှန်သမျှကို ကျနော့်အနေနဲ့ အသိအမှတ်မပြုဘူး။ ဆန့်ကျင်ကန့်ကွက်တယ်။ ဒါလည်း ကျနော်ပြောတဲ့ အချက်တွေက ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဒီလိုပဲ ထင်မြင်ချက် ယူဆချက်ပေးကြမှာပေါ့။ နောက် နံပတ်သုံးအချက်အနေနဲ့ကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ သူမရဲ့ ဦးဆောင်မှုအောက်မှာ ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိနေပါစေ... ကျနော်တို့အနေနဲ့ကတော့ တသားတည်း ရပ်တည်သွားမယ်ဆိုတာကို ကျနော့်အနေနဲ့ ပြောချင်တယ်။ ဒါသည် ကျနော့်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ သဘောထားရပ်တည်ချက်ပါပဲ။ ဒီတိုင်းပါပဲ လွှတ်တော်ကိုယ်စားလှယ်တော်တော်များများကလည်း ကျနော်တို့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဒီသဘောထားတွေပဲ ရှိကြပါတယ်။

ကိုရန်နိုင်။ ။ ကျနော်နောက်တခု မေးချင်တာက ဒီလက်ရှိ မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ စစ်တပ်က အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ရော... အကို့အနေနဲ့ နိုင်ငံတကာနဲ့ နိုင်ငံတကာမှာ ရှိတဲ့ အဖွဲ့အစည်းတွေအပါအဝင် မြန်မာပြည်သူပြည်သားတွေကိုရော အခုအချိန်မှာ ကိုသိန်းဆွေအနေနဲ့ ဘာပြောချင်လဲ။

ဦးသိန်းဆွေ။ ။ ကျနော့်အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာဖို့၊ အာဏာရှင်စနစ်ဆိုးရဲ့ အုပ်ချုပ်မှုကနေ မြန်မာပြည်သူပြည်သားတွေ လွတ်မြောက်စေဖို့ UN အပါအဝင်၊ နိုင်ငံတကာ အစိုးရတွေ၊ နောက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်း ပြည်ပမှာရှိတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးက မြန်မာ့ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပြည်သူက ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွတ်မြောက်ရေးအတွက်လည်းကောင်း၊ မြန်မာနိုင်ငံဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာဖို့ အတူတကွ ရပ်တည်အားပေးထောက်ခံပေးကြပါလို့ ကျနော့်အနေနဲ့ တိုင်းဆိုဆန္ဒပြုချင်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG