သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦး ကိုဗစ်ကူးစက်


ရန်ကုန်မြို့ Quarantine Center တခုမှာ COVID ရောဂါရှိ၊ မရှိ Swab နမူနာယူ စစ်ဆေးပေးဖို့ ပြင်ဆင်နေကြတဲ့ PPE ဝတ်စုံဝတ်ဆင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)
ရန်ကုန်မြို့ Quarantine Center တခုမှာ COVID ရောဂါရှိ၊ မရှိ Swab နမူနာယူ စစ်ဆေးပေးဖို့ ပြင်ဆင်နေကြတဲ့ PPE ဝတ်စုံဝတ်ဆင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)

[Zawgyi/Unicode]

ရှေ့လထဲ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေချိန်မှာပဲ ပဲခူးတိုင်းအတွင်းက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တဦး ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကြောင့် ကပ်ရောဂါအန္တရာယ် သတိထားဖို့ တိုက်တွန်းနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ပဲခူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင် တဦးလည်းဖြစ်၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းလည်းဖြစ်တဲ့ လူ ၁ ယောက်မှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သူနဲ့ ထိတွေ့ဆက်ဆံခဲ့သူ ၁၈ ဦးထက် မနည်းကိုလည်း အသွားအလာ ကန့်သတ် စစ်ဆေးထားပါတယ်။ ကော်မရှင်အဖွဲ့ဝင် ဖြစ်သူမှာ ရောဂါလက္ခဏာတွေ့ရှိတာကြောင့် စစ်ဆေးရာက ကူးစက်မှုကို အတည်ပြုခဲ့တာလို့လည်း ပဲခူးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်က ပြောပါတယ်။

“သူက ရွေးကောက်ပွဲကော်မရှင်မှာလည်း ပါတယ်။ အထွေထွေအုပ်ချုပ်ရေးရုံးမှာလည်း ပါတယ်။ အဲ့ဒီဟာနဲ့ ပတ်သက်ပြီး သူတို့တွေက ပိုးတွေ့၊ ပိုးတွေ့တဲ့လူက မတိုင်ခင်မှာပေါ့ သူဖျားတယ်။ အနံ့မရတဲ့ မတိုင်ခင်မှာ ရပ်ကျေး စာရေးပေါ့ အစည်းအဝေးတစ်ခု လုပ်ခဲ့တယ်။ နောက်တစ်ခါ ကော်မရှင်ရုံးမှာလည်း သူနဲ့ ထိတွေ့ဆက်ဆံတာ ရှိတာဖြစ်တဲ့အတွက် အစည်းအဝေးလုပ်တဲ့ နေရာလည်း ၇ ယောက်လောက်ရှိတယ်။ ကော်မရှင်ရုံးလည်း ၈ ယောက်လောက်ရှိတယ်။ သူတို့ကိုတော့ ကော်မရှင်မှာ သူ ထိတွေ့ခဲ့တဲ့ လူတွေကတော့ ကော်မရှင်ရုံးမှာပဲ ကွာရန်တင်းထားလိုက်တယ်ပေါ့နော်၊ အဲ့အဖွဲ့မှာပဲ အလုပ်လည်း ဆက်လုပ်နေပါစေဆိုပြီးတော့ သူတို့ကိုလည်း Swab နမူနာယူမှာပေ့ါနော်။ အားလုံးပေါင်း သူတို့ကိုတော့ ဒီနေ့ Swab ဆိုရင် နမူနာယူပြီးတော့ သူတို့ကို စစ်ဆေးမှာပါရှင်။”

ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းပတ် အနည်းငယ်သာ ကျန်တော့တဲ့အချိန်မှာ တာဝန်ရှိသူတဦး ရောဂါကူးစက်မှုကြောင့် နောက်ဆက်တွဲ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ပဲခူးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအေးငွေက ပြောပါတယ်။

“သူတို့ အဲ့အောက်မှာ လုပ်နေကြတယ်လေ။ ကျန်တဲ့လူတွေ ကွာရန်တင်းတွေ စစ်နေကြတယ်လေ.. မနက်က။ ကျနော်တို့ အပေါ်ထပ်သူတို့ အောက်ထပ်ဆိုတော့လေ။ နောက် ကိုဗစ်ကော်မတီရဲ့ ညွန်ကြားချက်တွေ လိုက်နာ ကိုယ်အသိတရားနဲ့ ကိုယ် ရှောင်ရှား။ အခု အဲ့ဒီလို မလုပ်ကြလို့ဖြစ်နေကြတာပေါ့၊ အဲ့ဒီတော့ ခုဏပြောသလို တစ်ယောက်အစ နောက်အကုန်လုံး တနွယ်ငင် တစင်ပါဆိုသလို အကုန်လျှောက်ပြီးတော့ တွေ့ရ စစ်ရဆိုတော့ အချိန်တွေလည်း ကုန်တယ်။ ဝန်ထမ်းဖြစ်တယ်ဆိုရင်တော့ ဝန်ထမ်းတွေ အလုပ်စွမ်းဆောင်ရည် လျော့သွားတာပေါ့ဗျာ။ မလုပ်နိုင်တဲ့အခါ ကျတော့ ကျန်တဲ့ ဝန်ထမ်းတွေနဲ့ အစားထိုးလုပ်ရတဲ့ အနေအထားတွေရှိနေတာပေါ့ ... ကျနော်တို့မှာ အဲ့ဒီလိုတွေရှိတယ်။ အဲဒီလိုတော့ အခက်အခဲတွေရှိတယ်ပေါ့။”

ကပ်ရောဂါကူးစက်မှုတွေ ကြုံနေရချိန်မှာပဲ ရွေးကောက်ပွဲတွေကို စီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကတော့ ရောဂါကူးစက်မှု အန္တရာယ်မရှိအောင် ကြိုတင်ပြင်ဆင်နေပြီး မဲပေးတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကြိုတင်လေ့ကျင့်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ ရောဂါကူးစက်မှု အန္တရာယ် ရှိနေဆဲ အချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကျန်းမာရေးအတွက် လမ်းညွှန်ချက်တွေကို တာဝန်ရှိသူတွေလည်း တိတိကျကျ လိုက်နာဖို့ လိုတယ်လို့ ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းက အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကျော်စိုးဝင်းက ပြောပါတယ်။

“ဥက္ကဋ္ဌတွေ အဖွဲ့ဝင်တွေ ခရိုင်ဥက္ကဋ္ဌ အဖွဲ့ဝင်တွေ တူတူပဲ လုပ်နေရတာပဲ ရွေးကောက်ပွဲလုပ်ငန်းကရှိတော့ အဲ့ဒါလေးကတော့ အခြေခံကျတာပေါ့နော်။ ကျန်းမာရေးထုတ်ပြန်ထားတဲ့အတိုင် လိုက်နာရင်တော့ ရာခိုင်နှုန်းအားဖြင့်ကတော့ ၇၀ လောက်ကတော့ ကင်းနိုင်တယ်ပေါ့၊ အဲ့ဒါလေးတော့ လုပ်ပါလို့ ကျနော်ပြောချင်တာပေါ့။”

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာကြောင့် ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် လျော့နည်းနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG