သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ဘာသာပေါင်းစုံအဖွဲ့တွေ့ဆုံ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နဲ့တွေ့ဆုံ (MOI)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နဲ့တွေ့ဆုံ (MOI)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဘက်က မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နဲ့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း ဘာသာမတူ လူမျိုးကွဲတွေကြား ရေရှည်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ရအောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုခဲ့တယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလအပါဝင် အားလုံးဝိုင်းဝန်းကူညီပေးကြဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဘက်ကလည်း တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။ ဘာသာပေါင်းစုံချစ်ကြည်ရေး အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လာရောက်ဖို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဘက်က ဖိတ်ခေါ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း နယ်မြေရှင်းလင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပါ ပါဝင်တဲ့ သိန်းချီတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်ရေးနဲ့ ဒုက္ခသည်တွေ နေရာပြန်လည်ချထားရေး ကိစ္စတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဘူအာဆန် မာမွတ်အာလီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံသလို ရခိုင်ပြည်နယ်ကိုလည်း သွားရောက်လေ့လာခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟာ ရခိုင်ပြည်နယ်တွင်း လူမျိုးရေး-ဘာသာရေးအသွင်ဆောင် အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသောပြဿနာတွေ ငြိမ်းချမ်းပြေလည်သွားစေရေးနဲ့ ဘာသာမတူ လူမျိုးကွဲတွေကြား ရေရှည်ငြိမ်းချမ်းစွာ အတူယှှုဉ်တွဲနေနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကို တိုက်တွန်းပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးရာဂူးနေမြင့်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"အဓိကဆွေးနွေးဖြစ်တာကတော့ သူတို့က ဟိုဘက်က သူတို့ဟိုမှာရှိနေတဲ့ အနေအထားအခြေအနေအသေးစိတ်ကိုပြောပြတယ်။ အဲဒီ သူတို့ဘက်ကဘာပြောသလဲဆိုတော့ ရေရှည်မှာ ဆက်ပြီးတော့ ဘာသာအချင်းချင်း Mutual Understanding တွေဖြစ်အောင် သူတို့တွေကို ဘာသာပေါင်းစုံမှာရှိတဲ့ ခေါင်းဆောင်တွေကနေပြီးတော့ လုပ်ပေးဖို့ Request လုပ်လာတယ်ပေါေ့နာ်။ အဲဒါနဲ့ ပတ်သက်ပြီး လုပ်ပေးဖို့ အကူအညီတွေပေးဖို့ပြောတယ်။ ကျနော်တို့ဘက်ကလည်းပြောတာက ဘာသာပေါင်းစုံရဲ့ အဓိက ရည်ရွယ်ချက်ကို ဒါတွေလုပ်ဖို့ရှိတယ်ဆိုတာတွေကို ပြောပြပြီး ဒါတွေဆက်လုပ်ဖို့ရှိတယ်ဆိုတာတွေကို ပြောပြတယ်။ အဲဒီအပြင် ကျနော်တို့ ဘာ request လုပ်သလဲဆိုတော့ ကျနော်တို့လည်း ဒီဘက်မှာ နေရပ်ရှောင်တွေ Refugee တွေအတွက် ပြန်လာလို့ရအောင် အားလုံးကြိုးစားပြီးတော့ လုပ်နေကြတယ်ပေါ့နော် အဲဒါကြောင့် ဟိုဘက်ကနေလည်း ပြန်ပြီးတော့ မြန်မြန်ဝင်လာလို့ရအောင် လုပ်ပေးဖို့ သူက Request ပြန်လုပ်တာပေါ့နော်။ အဲလောက်လေးတွေ ပြောပါတယ်။ ဒါ့အပြင် သူတို့က ဟိန္ဒူ ဖြစ်တဲ့အတွက်ကြောင့် သူတို့ ဟိန္ဒူ community တွေအဲဒီမှာ ခံရတဲ့ ကိစ္စတွေ သူတို့ ဟိန္ဒူ community တွေနဲ့ ပတ်သက်ပြီးတော့ အရမ်းဒုက္ခရောက်ကြတယ် အခုအချိန်အထိဒုက္ခရောက်တယ်၊ တချို့မိသားစုတွေ ၅ ယောက်သေ၊ ၄ ယောက်သေ တချို့ဆိုရင် ၂၃ ယောက်လောက်သေတာရှိတယ် အဲဒါမျိုးတွေကိုပြောပြကြတယ် သူတို့က။"

ဗုဒ္ဓ ဘာသာဝင်တွေအပါအဝင် ကိုးကွယ်ယုံကြည်ရာမတူညီကွဲပြားတဲ့ ဘာသာတွေကြား အတူယှဉ်တွဲနေထိုင်မှုတွေကို လေ့လာနိုင်ဖို့ ဘာသာပေါင်းစုံချစ်ကြည်ရေး အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လာရောက်ဖို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဘက်က ဖိတ်ခေါ်တဲ့အကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ဦးရာဂူးနေမြင့်ကပြောပြပါတယ်။

"ဟန်ဆောင်တဲ့ပုံမဟုတ်ပဲနဲ့ သူတို့ဘက်က သဘောထားကလည်း ပြေပြေလည်လည်ဖြစ်စေချင်တယ်ဆိုတဲ့ ဆန္ဒရှိတယ်။ ဒီဘက်က ဘာသာပေါင်းစုံကလည်း ပြေပြေလည်လည်လေး ဖြစ်စေချင်တယ်ဆိုတဲ့ သဘောထားရှိတယ်။အနေအထားကိုကြည့်မယ်ဆိုရင်တော့ အဆင်ပြေတယ်ပေါ့နော် သူကိုယ်တိုင်ကလည်း ဘာသာပေါင်းစုံအဖွဲ့တွေကို တဖက်မှာလာဖို့ လေ့လာဖို့ ပြောတယ်။ သူတို့ကို ဖိတ်ခေါ်မယ်ပေါေ့နာ် လာခဲ့ပါပေ့ါ။ ဒီမှာ ရှိတဲ့ ဟိန္ဒူ တွေ ၊ ဗုဒ္ဓ ဘာသာဝင်တွေ ခရစ်ယာန်တွေ ဘယ်လို သူတို့ ဆီမှာ နေထိုင်တယ်ဆိုတာ လာပြီးတော့ လေ့လာပါ။ အဲဒီမှာ ရခိုင်ဗုဒ္ဓ ဘာသာဝင်တွေရှိတယ် သူတို့တွေဆိုရင်လည်း အခုအထိရှိနေတုန်းပဲ ငြိမ်းငြိမ်းချမ်းချမ်းနေနေကြတယ်။ အဲဒါတွေကိုလည်း လာပြီးလေ့လာပါလို့ ဖိတ်ကြားထားတယ်ပေါ့နော်။ သူတို့ကိုခေါ်မယ်ပေါ့"

ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း နေရပ်စွန့်ခွာပြန်လာကြတဲ့ ဒုက္ခသည်တွေရဲ့ လူနေမှုဘဝတွေ ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေးနဲ့ ပြန်အခြေချနေထိုင်သူတွေအတွက် ရေရှည်ဘဝအာမခံချက်ရှိရေးအပါအဝင် စိတ်ချရတဲ့ လုံခြုံရေးအာမခံချက်တွေ ရှိအောင် ပြန်လည်မွမ်းမံ တည်ဆောက်ရေး ကိစ္စတွေမှာ အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရေးတွေကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နဲ့ အပြန်အလှန် တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့အကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ် ရခိုင်ပြည်နယ်တွင်း ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့ရဲ့ ဦးဆောင်တာဝန်ခံလည်းဖြစ်တဲ့ ဦးရာဂူးနေမြင့်က ပြောပြပါတယ်။

"အဓိက လောလောဆည်အခြေအနေမှာတော့ သူတို့အတွက်အရေးကြီးတာက စားဝတ်နေရေးအတွက် ဒီကျန်းမာရေးနဲ့ နေထိုင်ရေးအတွက်ပဲ အဓိကလောလောဆည်မှာ ဒါကိုလုပ်ပေးနေရတဲ့ အခြေအနေရှိတယ်ပေါ့။ ဆိုတော့ အဲဒီအခြေအနေလေး ပုံမှန်လေး လည်ပတ်ပြီဆိုမှ သူတို့အတွက် ဘဝပြန်လည်ထူထောင်ရေး rehabilitation သူတို့အတွက် ပြန်ပြီးတော့ လုပ်ရမယ့်အနေအထားပေါ့နော် လောလောဆည်မှာတော့ သူတို့အတွက် စားဝတ်နေရေး ကျမ်းမာရေးရယ် သူတို့အတွက် အဓိက နေထိုင်ဖို့ အတွက်တောင်မှမပြီးသေးဘူးလေ အဲဒါလုပ်နေရတယ်။ အဲဒီအဆင့်လေးကို ကျော်လွှားနိုင်မှ သူတို့အတွက် ပြန်လည်ထူထောင်ရေး စိတ်ဓါတ်ရေးရာ အဲဒါတွေ အကုန်ပြန်လုပ်ရမယ့်ကိစ္စတွေက အများကြီးကျန်သေးတာပေါေ့နာ်။"

လွန်ခဲ့တဲ့တနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးကာစအချိန် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဘက်က သွားရောက်ချိန်တုန်းကတော့ ဒေသခံတွေဘက်က လမ်းမတွေပေါ်ထွက်ပြီး ကန့်ကွက်ဆန္ဒြုပမှုတွေကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေနဲ့ ဒေသခံတွေကြား ရှေရည်အတူယှဉ်တွဲနေနိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်သွားကြဖို့ စီစဉ်ထားတယ်လို့လည်း ပြောပြပါတယ်။

အခုလက်ရှိအခြေအနေမှာတော့ မြန်မာအစိုးရဘက်ကတော့ မူဆလင်ဒုက္ခသည်တွေအဖြစ် သုံးနှုန်းပြီး ရိုဟင်ဂျာလို့ နိုင်ငံတကာက ခေါ်ဝေါ်တဲ့ သိန်းချီတဲ့ ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့တို့ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ သြဂုတ်လ ၁၂ရက်နေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်က တွေ့ဆုံပွဲမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali နဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မစ္စတာ Manjurul Karim Khan Chowdhury မန်ဂျူရုလ် ကရင်ခမ်ချောင်ဒရီ၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) နာယက ဒေါက်တာတင်လှ၊ ဥက္ကဋ္ဌ ဦးသောင်းထိုက်၊ ဒုတိယဥက္ကဋ္ဌတွေဖြစ်ကြတဲ့ ဦးခင်မောင်ဌေးနဲ့ ဦးညွန့်မောင်ရှိန်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ သာဉာဏ် နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ နောက်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်နဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG