သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်း အိမ်ခြေ ၁,၂၀၀ မီးလောင်ပျက်စီး



(Zawgyi / Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ တနင်္ဂနွေညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် ဒုက္ခသည် ၅,၀၀၀ ကျော် နေစရာဆုံးရှုံးခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

မီးဟာ ဒုက္ခသည်စခန်းအမှတ် ၁၆ မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဝါးတိုင်ထူပြီး တာပေါ်လင်မိုးထားတဲ့ နေအိမ်အလုံးပေါင်း ၁,၂၀၀ လောက် မီးလောင်ကျွမ်းခဲ့ရတယ်လို့ ဒုက္ခသည်စခန်း လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ APB ပြောခွင့်ရ Kamran Hossain က ပြောပါတယ်။ ညနေ ၄ နာရီ ၄၀ လောက်မှာ စလောင်တဲ့မီးကို ညနေ ၆ နာရီခွဲလောက်မှာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဒုက္ခသည်များဆိုင်ရာ တာဝန်ခံ Mohammed Shamsud Douza ကတော့ အရေးပေါ်လုပ်သားတွေက မီးငြှိမ်းသတ်ပေးခဲ့တာဖြစ်ပြီး စတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

မနှစ်က မတ်လ ဒုက္ခသည်စခန်း မီးလောင်မှု ဖြစ်ပွားခဲ့တုန်းကတော့ လူ ၁၅ ဦး သေဆုံးခဲ့ရသလို လူပေါင်း ၅၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။ ဒုက္ခသည်စခန်းမှာ မီးလောင်မှု ခဏခဏ ဖြစ်ပွားတတ်ပေမယ့် မီးဘေးအန္တရာယ် ကာကွယ်ရေးပစ္စည်းတွေ မရှိသလို ရေလည်းမရှိတဲ့အတွက် မီးငြှိမ်းသတ်ဖို့ မလွယ်ဘဲ ဖြစ်နေပြီး အရေးကြီးတဲ့ စာရွက်စာတမ်းတွေပါ မီးထဲပါသွားတတ်တယ်လို့ ဒုက္ခသည်တဦးက AFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကလည်း စခန်းနောက်တခုမှာရှိတဲ့ ဒုက္ခသည်တွေအတွက် ဖွင့်ထားတဲ့ ကိုဗစ်ရောဂါ ကုသရေး ဗဟိုဌာနမှာ မီးလောင်ခဲ့ပေမယ့် အသေအပျောက်တော့ မရှိခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံဘက်ကလာတဲ့ ရိုဟင်ဂျာ ၈၅၀,၀၀၀ လောက် ရှိနေတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမှာဖြစ်ကြောင်း ပြောကြားထားပေမယ့် အခုချိန်ထိတော့ အကောင်အထည် မဖော်နိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG