သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှဝန်ကြီးချုပ် မဲဆွယ်စည်းရုံးမှုတွေစတင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာရ Awami League ပါတီဝန်ကြီးချုပ် ရှိတ် ဟာစီနာ လာမယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေစဥ်။​(ဒီဇင်ဘာ ၂၀၊၂၀၂၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာရ Awami League ပါတီဝန်ကြီးချုပ် ရှိတ် ဟာစီနာ လာမယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေစဥ်။​(ဒီဇင်ဘာ ၂၀၊၂၀၂၃)

လာမယ့် ဇန်နဝါရီ ၇ ရက်မှာကျင်းပမယ့် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲကို အတိုက်အခံဘက်က ကန့်ကွက်ဆန့်ကျင်မှုတွေကြားမှာပဲ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ သူ့ရဲ့အာဏာရ အဝါမီလိဂ် ပါတီ မဲဆွယ်စည်းရုံပွဲတွေကို ဗုဒ္ဓဟူးနေ့က တရားဝင် စတင်လိုက်ပါတယ်။

လာမယ့် ရွေးကောက်ပွဲကို ဝန်ကြီးချုပ်ဟောင်း Khaleda Zia ဦးဆောင်တဲ့ အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီက သပိတ်မှောက်ထားတာပါ။ ဘင်္ဂလားဒေ့ရှ်အရှေ့မြောက်ပိုင်းက Sylhet မြို့က ဟာဆီနာရဲ့ မဲဆွယ်မိန့်ခွန်းထဲမှာလည်း အမျိုးသားရေးပါတီ ရွေးကောက်ပွဲ မဝင်တာအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားရေးပါတီနဲ့ သူ့ရဲ့မဟာမိတ်တွေက လတ်တလောမှာ အကြမ်းဖက်မှုတွေလုပ်နေတယ်ဆိုပြီးလည်း အပြစ်တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က လူလေးဦးသေဆုံးခဲ့ရတဲ့ ရထားတစင်း မီးလောင်ကျွမ်းမှုဟာ မီးရှို့ဖောက်ခွဲတာကြောင့်လို့ ဟာဆီနာ အစိုးရအဖွဲ့ရဲ့မီးရထားဝန်ကြီးက စွပ်စွဲထားတာပါ။ ဗုဒ္ဓဟူးနေ့က လူထုစည်းဝေးပွဲမှာလည်း ဟာဆီနာက အလားတူပြောခဲ့ပြီး နောက်ကွယ်မှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီပါဝင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အတိုက်အခံပါတီဘက်ကတော့ “အတုအယောင်မဲပေးပွဲ” မှာ မပါဝင်နိုင်ဘူးလို့ ကြေညာထားပြီး ရွေးကောက်ပွဲရဲ့ လွတ်လပ် တရားမျှတမှုအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။ အခွန်မဆောင်တဲ့နည်းလမ်းနဲ့ လက်ရှိအာဏာရ ဟာဆီနာအစိုးရကို ဆန့်ကျင်ကြဖို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို အတိုက်အခံဘက်က ဗုဒ္ဓဟူးနေ့မှာပဲ တိုက်တွန်းထားပါတယ်။

ဟာဆီနာအစိုးရဘက်ကတော့ စွပ်စွဲချက်တွေကိုငြင်းဆိုပြီး နိုင်ငံအတွင်း “ဖျက်လိုဖျက်ဆီး” လုပ်သူတွေနဲ့ “မငြိမ်မသက်ဖြစ်စေတဲ့ ကြိုးပမ်းမှု” မှန်သမျှကို သည်းခံမှာမဟုတ်ကြောင်း သတိပေးထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အထူးသဖြင့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲကာလအတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်လေ့ရှိတဲ့ သမိုင်းကြောင်းရှိပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကတော့ အစိုးရနဲ့ အတိုက်အခံ နှစ်ဘက်စလုံးကို အကြမ်းဖက်မှုတွေက ရှောင်ကြဉ်ဖို့နဲ့ လွတ်လပ် တရားမျှတပြီး ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲကျင်းပဖို့ တိုက်တွန်းထားပါတယ်။ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီဘက်က သပိတ်မှောက်ထားလို့ ရွေးချယ်စရာ အနည်းငယ်ပဲရှိတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ဟာဆီနာကို ပြန်လည်ရွေးကောက်တင်မြောက်မယ့် အလားအလာများနေကြောင်းလည်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG