သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရွမ္းျပည္ေျမာက္ပိုင္း တိုင္းရင္းသားလက္နက္ကိုင္ေတြအၾကားတိုက္ပြဲျပင္းထန္


ရွမ္းျပည္နယ္ေျမာက္ပိုင္း (Photo MIMU)

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲနဲ႔ သီေပါၿမိဳ႕နယ္အတြင္းမွာ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြအၾကား တိုက္ပြဲေတြ ပိုမိုျပင္းထန္လာေနတာေၾကာင့္ ေဒသခံ႐ြာသားေတြဟာ သီေပါနဲ႔ ေက်ာက္မဲၿမိဳ႕ေတြမွာ တိမ္းေရွာင္ေနၾကရပါတယ္။ ဒီရက္ပိုင္းအတြင္း ေက်ာက္မဲၿမိဳ႕မွာ စစ္ေျပးဒုကၡသည္ ခန႔္မွန္းေခ် ၂၀၀၀ ေက်ာ္ေလာက္ရွိေနၿပီး သီေပါၿမိဳ႕မွာေတာ့ ၄၀၀ ေက်ာ္ေလာက္ေရာက္လာၾကတယ္လို႔ ကူညီေရးေဆာင္႐ြက္ ေနသူေတြက ေျပာပါတယ္။ ရန္ကုန္က ေပးပို႔ထားတဲ့ ရွမ္းျပည္နယ္က စစ္ေျပးဒုကၡသည္ေတြ အေျခအေန ကိုသားၫြန႔္ဦးေျပာျပပါမယ္။

သီေပါၿမိဳ႕နယ္နဲ႔ ေက်ာက္မဲၿမိဳ႕နယ္အစပ္ေဒသမွာ TNLA တအန္း(ပေလာင္)၊ SSPP ရွမ္းျပည္ေျမာက္ပိုင္းပူးေပါင္းတပ္နဲ႔ RCSS ရွမ္းျပည္ေတာင္ပိုင္း တပ္ေတြအၾကား ျဖစ္ပြားေနတဲ့တိုက္ပြဲဟာ ရက္သတၱႏွစ္ပတ္ေက်ာ္ၾကာလာပါၿပီ။ အခ်ိန္ၾကာလာသလို တိုက္ပြဲလည္း ပိုျပင္းထန္လာတာေၾကာင့္ စစ္ေဘးလြတ္ေအာင္ ထြက္ေျပးေနၾကရတဲ့ ဒုကၡသည္ေတြ ပိုမ်ားလာေနပါတယ္။ ဒီေန႔ ဇန္နဝါရီလ ၂၅ ရက္ေန႔အထိ တိုင္းရင္းသား လက္နက္ကိုင္ေတြအၾကား တိုက္ပြဲျဖစ္ပြားေနတဲ့အေျခအေနကို စစ္ေျပးဒုကၡသည္ေတြကိုကူညီေနတဲ့ ေက်ာက္မဲၿမိဳ႕က ဦးစိုင္းပူးက VOA ကို အခုလို ေျပာပါတယ္။

“ အခုလည္း ျဖစ္ေနတုံးပဲဗ်ာ။ အခုက သီေပါနားမွာ ျဖစ္ေနတယ္။ မေန႔ကနဲ႔ ဒီေန႔ကေတာ့ သီေပါနားမွာ ျဖစ္ေန တယ္။ ၿပီးခဲ့တဲ့ ၅ရက္ကေတာ့ ေရပူ႐ြာမွာ ေတာက္ေလ်ာက္ျဖစ္ေနတယ္။ ေရပူ႐ြာတဝႈိက္ေပါ့။ အဲဒါ ၅ရက္ဆက္တိုက္ေပါ့။ ၾကားထဲမွာကေတာ့ တစ္ရက္ နားသြားေသးတယ္။ တိုက္ပြဲျဖစ္တာ တကယ့္အႀကီးအက်ယ္ေပါ့ေနာ္။ လက္နက္ႀကီးနဲ႔ ထုၿပီးမွ ျဖစ္လာတဲ့အတိုင္းအတာေပါ့။”

အခုလို ျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေက်ာက္မဲၿမိဳ႕ေပၚမွာတင္ စစ္ေဘးဒုကၡသည္ ၂ ေထာင့္ ၅ ရာေလာက္ ေရာက္ရွိ ခိုလႈံေနၾကတယ္လို႔ ေျပာျပပါတယ္။

“ ခန႔္မွန္းေျခကေတာ့ အခု ေက်ာက္မဲၿမိဳ႕မွာ စစ္ေရွာင္လို႔ ေျပာရမွာေပါ့။ ၂ေထာင္။ ၂ ေထာင္ ၅ရာ ဝန္းက်င္ ေလာက္ေတာ့ ရွိလိမ့္မယ္။ စုစုေပါင္း။ အခုက သီေပါနဲ႔ ေက်ာက္မဲၾကားက ႐ြာေတြဆိုရင္ အကုန္လုံး ေျပးၾကတာကိုး။ ေရပူဘက္က ဆိုရင္ ေဘာ္ႀကိဳဘုရားမွာ သြားေနၾကတယ္။ သီေပါထဲမွာ သြားေနၾကတယ္။ ေရပူရဲ႕ ဒီဘက္ဆိုရင္ေတာ့ ေက်ာက္မဲဘက္ကို ေျပးလာၾကတယ္။ သူတို႔က တိုက္ပြဲျဖစ္တယ္ဆို မနက္ပိုင္းေလးျဖစ္ၿပီးေတာ့ ေန႔လည္ပိုင္းေလ ၿငိမ္သြားလိုက္တယ္။ အဲလိုမ်ိဳးၿငိမ္သြားလိုက္ေတာ့ ဝင္လိုက္၊ ထြက္လိုက္၊ ဝင္လိုက္၊ထြက္လိုက္ အဲလိုမ်ိဳးျဖစ္ေနတာေပါ့။ စာရင္းက အတိအက်မရဘူး။ ”

စစ္ေျပးဒုကၡသည္ေတြဟာ ေက်ာက္မဲၿမိဳ႕ေပၚက ဘုန္းႀကီးေက်ာင္းနဲ႔ နီးစပ္ရာမိတ္ေဆြေတြ၊ ေဆြမ်ိဳးေတြဆီမွာ ခိုလႈံေနၾကတာျဖစ္ပါတယ္။

လက္နက္ကိုင္တပ္ေတြက တိုက္ပြဲျဖစ္ပြားမယ့္အေျခအေနရွိရင္ ႐ြာသားေတြကို တိမ္းေရွာင္ခိုင္းတာမ်ိဳးရွိသလို ေဒသခံေတြကလည္း စားနပ္ရိကၡာေတြပါ သယ္ယူတိမ္းေရွာင္လာတာေၾကာင့္ ေလာေလာဆည္ ရိကၡာအခက္အခဲ မရွိေၾကာင္း ဦးစိုင္းပူးက ေျပာပါတယ္။

သီေပါဘက္မွာေတာ့ စစ္ေျပးဒုကၡသည္ေတြဟာ ေဘာ္ႀကိဳဘုရား၊ သာသနာ ၂၅၀၀ ေက်ာင္းတိုက္နဲ႔ မိတ္ေတြေတြ၊ ေဆြမ်ိဳးေတြဆီမွာ တိမ္းေရွာင္ေနၾကပါတယ္။ လက္ရွိ သီေပါဘက္က အေျခအေနကိုေတာ့ စစ္ေျပးလာသူေတြကို ကူညီေနတဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲအႏိုင္ရ သီေပါၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ နန္းမြမ္းမြမ္းေပါင္းက အခုလို ေျပာပါတယ္။

“ ေန႔တိုင္းေတာ့ ခ်ေနတာပဲ၊ အသံေတြၾကားေနရတာ။ ၿမိဳ႕ထဲမွာ ေနတာေတာင္မွ။ စစ္ေရွာင္ေတြလည္း တိုးတယ္။ ေဘာႀကိဳမွာက ၄၂၉ ေယာက္။ ၂၅၀၀ နဲ ့မွ ၇၀ ေက်ာ္ရွိတယ္ရွင့္။ စားေရးေသာက္ေရးေတြက လူမႈေရး၊ပရဟိတအဖြဲ႕ေတြလည္း လာကူတယ္။ တျခားၿမိဳ႕က ေစတနာရွင္ေတြလည္း လာတယ္။ ၿပီးရင္ NGO အဖြဲ႕ကလည္း မိသားစုသုံး ပစၥည္းေတြ၊ စားနပ္ရိကၡာေတြ တစ္ပတ္ျပည့္တာနဲ႔ သူတို႔ မဖူလုံဘူးဆို ျပန္လာခ် ေပးတဲ့ အတြက္ စားနပ္ရိကၡာေတာ့ ေလာက္တယ္လို႔ ေျပာရမွာ။ သူတို႔ လိုအပ္တာေတြကေတာ့ ေစာင္ေတြ၊ အေႏြးထည္ ေတြေပါ့ေနာ္။ ဒီအခ်ိန္ကေတာ့ အဲလိုမ်ိဳးေပါ့။”

ႏိုင္ငံတကာအဖြဲ႕အစည္းေတြအေနနဲ႔ အရင္ထဲက လူသားခ်င္းဆိုင္ရာ ကူညီေထာက္ပံ့မႈေတြေပးေနတဲ့ ႏိုင္ငံတကာကူညီကယ္ဆယ္ေရးေကာ္မတီ IRC နဲ႔ ကုလသမဂၢရဲ႕ Save the Children အဖြဲ႕ေတြက ကူညီေနပါတယ္။ ရွမ္းျပည္နယ္ ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္အတြင္းမွာလည္း TNLA တအန္း(ပေလာင္)၊ SSPP ရွမ္းျပည္ေျမာက္ပိုင္းပူးေပါင္းတပ္နဲ႔ RCSS ရွမ္းျပည္ေတာင္ပိုင္းတပ္ေတြအၾကား တိုက္ပြဲျဖစ္ပြားေနၿပီး စစ္ေျပးဒုကၡသည္ ၂ ေထာင္ေက်ာ္ဟာ မိုင္းကိုင္ၿမိဳ႕ေပၚမွာ တိမ္းေရွာင္ ခိုလႈံေနၾကရပါတယ္။

...........................................................................................

တိုက္႐ိုက္ လင့္ခ္


ရှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေအကြားတိုက်ပွဲပြင်းထန်

(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာကြောင့် ဒေသခံရွာသားတွေဟာ သီပေါနဲ့ ကျောက်မဲမြို့တွေမှာ တိမ်းရှောင်နေကြရပါတယ်။ ဒီရက်ပိုင်းအတွင်း ကျောက်မဲမြို့မှာ စစ်ပြေးဒုက္ခသည် ခန့်မှန်းချေ ၂၀၀၀ ကျော်လောက်ရှိနေပြီး သီပေါမြို့မှာတော့ ၄၀၀ ကျော်လောက်ရောက်လာကြတယ်လို့ ကူညီရေးဆောင်ရွက် နေသူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ ရှမ်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ အခြေအနေ ကိုသားညွန့်ဦးပြောပြပါမယ်။

သီပေါမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ်ဒေသမှာ TNLA တအန်း(ပလောင်)၊ SSPP ရှမ်းပြည်မြောက်ပိုင်းပူးပေါင်းတပ်နဲ့ RCSS ရှမ်းပြည်တောင်ပိုင်း တပ်တွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ ရက်သတ္တနှစ်ပတ်ကျော်ကြာလာပါပြီ။ အချိန်ကြာလာသလို တိုက်ပွဲလည်း ပိုပြင်းထန်လာတာကြောင့် စစ်ဘေးလွတ်အောင် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေ ပိုများလာနေပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို စစ်ပြေးဒုက္ခသည်တွေကိုကူညီနေတဲ့ ကျောက်မဲမြို့က ဦးစိုင်းပူးက VOA ကို အခုလို ပြောပါတယ်။

“ အခုလည်း ဖြစ်နေတုံးပဲဗျာ။ အခုက သီပေါနားမှာ ဖြစ်နေတယ်။ မနေ့ကနဲ့ ဒီနေ့ကတော့ သီပေါနားမှာ ဖြစ်နေ တယ်။ ပြီးခဲ့တဲ့ ၅ရက်ကတော့ ရေပူရွာမှာ တောက်လျောက်ဖြစ်နေတယ်။ ရေပူရွာတဝှိုက်ပေါ့။ အဲဒါ ၅ရက်ဆက်တိုက်ပေါ့။ ကြားထဲမှာကတော့ တရက် နားသွားသေးတယ်။ တိုက်ပွဲဖြစ်တာ တကယ့်အကြီးအကျယ်ပေါ့နော်။ လက်နက်ကြီးနဲ့ ထုပြီးမှ ဖြစ်လာတဲ့အတိုင်းအတာပေါ့။”

အခုလို ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ပေါ်မှာတင် စစ်ဘေးဒုက္ခသည် ၂ ထောင့် ၅ ရာလောက် ရောက်ရှိ ခိုလှုံနေကြတယ်လို့ ပြောပြပါတယ်။

“ ခန့်မှန်းခြေကတော့ အခု ကျောက်မဲမြို့မှာ စစ်ရှောင်လို့ ပြောရမှာပေါ့။ ၂ထောင်။ ၂ ထောင် ၅ရာ ဝန်းကျင် လောက်တော့ ရှိလိမ့်မယ်။ စုစုပေါင်း။ အခုက သီပေါနဲ့ ကျောက်မဲကြားက ရွာတွေဆိုရင် အကုန်လုံး ပြေးကြတာကိုး။ ရေပူဘက်က ဆိုရင် ဘော်ကြိုဘုရားမှာ သွားနေကြတယ်။ သီပေါထဲမှာ သွားနေကြတယ်။ ရေပူရဲ့ ဒီဘက်ဆိုရင်တော့ ကျောက်မဲဘက်ကို ပြေးလာကြတယ်။ သူတို့က တိုက်ပွဲဖြစ်တယ်ဆို မနက်ပိုင်းလေးဖြစ်ပြီးတော့ နေ့လည်ပိုင်းလေ ငြိမ်သွားလိုက်တယ်။ အဲလိုမျိုးငြိမ်သွားလိုက်တော့ ဝင်လိုက်၊ ထွက်လိုက်၊ ဝင်လိုက်၊ထွက်လိုက် အဲလိုမျိုးဖြစ်နေတာပေါ့။ စာရင်းက အတိအကျမရဘူး။ ”

စစ်ပြေးဒုက္ခသည်တွေဟာ ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာမိတ်ဆွေတွေ၊ ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

လက်နက်ကိုင်တပ်တွေက တိုက်ပွဲဖြစ်ပွားမယ့်အခြေအနေရှိရင် ရွာသားတွေကို တိမ်းရှောင်ခိုင်းတာမျိုးရှိသလို ဒေသခံတွေကလည်း စားနပ်ရိက္ခာတွေပါ သယ်ယူတိမ်းရှောင်လာတာကြောင့် လောလောဆည် ရိက္ခာအခက်အခဲ မရှိကြောင်း ဦးစိုင်းပူးက ပြောပါတယ်။

သီပေါဘက်မှာတော့ စစ်ပြေးဒုက္ခသည်တွေဟာ ဘော်ကြိုဘုရား၊ သာသနာ ၂၅၀၀ ကျောင်းတိုက်နဲ့ မိတ်တွေတွေ၊ ဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေကြပါတယ်။ လက်ရှိ သီပေါဘက်က အခြေအနေကိုတော့ စစ်ပြေးလာသူတွေကို ကူညီနေတဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းမွမ်းမွမ်းပေါင်းက အခုလို ပြောပါတယ်။

“ နေ့တိုင်းတော့ ချနေတာပဲ၊ အသံတွေကြားနေရတာ။ မြို့ထဲမှာ နေတာတောင်မှ။ စစ်ရှောင်တွေလည်း တိုးတယ်။ ဘောကြိုမှာက ၄၂၉ ယောက်။ ၂၅၀၀ နဲ့မှ ၇၀ ကျော်ရှိတယ်ရှင့်။ စားရေးသောက်ရေးတွေက လူမှုရေး၊ပရဟိတအဖွဲ့တွေလည်း လာကူတယ်။ တခြားမြို့က စေတနာရှင်တွေလည်း လာတယ်။ ပြီးရင် NGO အဖွဲ့ကလည်း မိသားစုသုံး ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ တစ်ပတ်ပြည့်တာနဲ့ သူတို့ မဖူလုံဘူးဆို ပြန်လာချ ပေးတဲ့ အတွက် စားနပ်ရိက္ခာတော့ လောက်တယ်လို့ ပြောရမှာ။ သူတို့ လိုအပ်တာတွေကတော့ စောင်တွေ၊ အနွေးထည် တွေပေါ့နော်။ ဒီအချိန်ကတော့ အဲလိုမျိုးပေါ့။”

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အရင်ထဲက လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေပေးနေတဲ့ နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ IRC နဲ့ ကုလသမဂ္ဂရဲ့ Save the Children အဖွဲ့တွေက ကူညီနေပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းမှာလည်း TNLA တအန်း(ပလောင်)၊ SSPP ရှမ်းပြည်မြောက်ပိုင်းပူးပေါင်းတပ်နဲ့ RCSS ရှမ်းပြည်တောင်ပိုင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ပြေးဒုက္ခသည် ၂ ထောင်ကျော်ဟာ မိုင်းကိုင်မြို့ပေါ်မှာ တိမ်းရှောင် ခိုလှုံနေကြရပါတယ်။

XS
SM
MD
LG