သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်နဲ့ KIA တိုက်ခဲ့တဲ့နေရာတွေ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြီးကျည်ရန် စိုးရိမ်နေရ


မြေမြုပ်မိုင်းကြောင့် ခြေတဘက်ဆုံးရှုံးခဲ့ရတဲ့ အသက် ၅၀ အရွယ် ကရင်ပြည်နယ်သားတဦး (ဓာတ်ပုံ - Reuters)
မြေမြုပ်မိုင်းကြောင့် ခြေတဘက်ဆုံးရှုံးခဲ့ရတဲ့ အသက် ၅၀ အရွယ် ကရင်ပြည်နယ်သားတဦး (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

ဧပြီနဲ့ မေလအတွင်းက စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးမောက်နဲ့ ဒေါ့ဖုန်းယန်မြို့နယ်အတွင်းမှာ မြေမြုပ်မိုင်းနဲ့ လက်နက်ကြီးကျည်တွေကြောင့် ဒေသခံတွေ ထိခိုက်မှုရှိနေသလို ရွာအနီးဝန်းကျင် သွားလာဖို့အတွက်လည်း အခက်အခဲရှိနေကြပါတယ်။ အင်္ဂါနေ့ကပဲ မြေမြုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လယ်ယာမြေတွေမှာလည်း မပေါက်ကွဲသေးတဲ့ မိုင်းဗုံးနဲ့ လက်နက်ကြီးကျည်တွေ မရှင်းလင်းနိုင်သေးတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်သတင်းကို ကိုရန်နိုင်က ပြောပြပါမယ်။

ကချင်လက်နက်ကိုင် KIA အဖွဲ့အတွက်ရော စစ်တပ်အတွက်ပါ စစ်ရေးအရ အချက်အခြာကျတဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက အလော့ဘွမ်စခန်းကို KIA က မတ်လကုန်ပိုင်း သိမ်းယူခဲ့ပြီးတဲ့နောက် နှစ်ဘက်တပ်တွေအကြား ပြင်းပြင်းထန်ထန်တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
လောလောဆည် တိုက်ပွဲတွေ ငြိမ်သက်နေလို့ ဒေသခံတချို့ လယ်ယာစိုက်ပျိုးဖို့ ပြင်ဆင်ချိန်မှာ စစ်ကျန်လက်နက်နဲ့ မြေမြုပ်မိုင်းတွေကြောင့် အရပ်သား ထိခိုက်တာတွေ ရှိနေကြောင်း ဒေသခံတယောက်က VOA ကို ပြောပါတယ်။
“အူထန်ယန် ရွာအထွက်နားမှာ ဒေါ့ဖုန်းယန်ရပ်ကွက် ၃ က ဟာတွေက အဲဒီမှာ တောင်ယာလုပ်၊ လယ်လုပ်ပြီးမှ လုပ်ကိုင်စားသောက်ကြတာလေ။ အဲဒါ ဟိုတနေ့က ကျနော်တို့ သူငယ်ချင်းရဲ့ အမျိုးသမီးက တောင်ယာသွားတယ်တဲ့။ တောင်ယာသွားတဲ့အခါကျ အသွားကတော့ ဘာမှမဖြစ်ဘဲနဲ့ အပြန်ကျမှ သွားနင်းမိတာပေါ့။ ညာဘက်ခြေထောက်ထိသွားတယ်။ ပြီးတော့ မိုင်းအစ ဘယ်ဘက်ပေါင်မှာလည်း ထိသွားတယ်တဲ့။ ညာဘက်ခြေထောက်က ကွဲသွားတယ်တဲ့။ အခု မြစ်ကြီးနား တပ်ဆေးရုံမှာ ဆေးကုနေတာ မနေ့ညက ၈နာရီမှာ Operation ဝင်တယ်တဲ့။”

မိုင်းနင်းမိတာ အင်္ဂါနေ့ကဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအတွင်းကလည်း ၀၀မ်၊ ကွမ်ဘန်ကျေးရွာမှာ လင်မယားနှစ်ယောက် မိုင်းနင်းမိပြီး အမျိုးသမီးသေဆုံးခဲ့သလို အမျိုးသားက ဗန်းမော်ဆေးရုံမှာ သွားရောက်ကုသခဲ့ရပါတယ်။
ဧပြီနဲ့ မေလကဖြစ်ပွားတဲ့ စလောင်းကုန်းတိုက်ပွဲမှာ စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ နေ့စဉ်လိုရှိခဲ့ပြီး စစ်ပွဲလက်ကျန် မပေါက်ကွဲသေးတဲ့ ဗုံးနဲ့ လက်နက်ကြီးကျည်တွေ လယ်ယာတွေအတွင်းမှာ ကျန်ရှိနေသေးကြောင်း ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“သူတို့က တချို့ဟာတွေ ပြန်မကောက်သေးဘူး။ အများကြီး ကျန်သေးတယ်။ လေယာဉ်နဲ့ လာချထားတဲ့ဟာတွေဆိုရင်။ အကြီးကြီးတွေ အဲဒါတွေလည်း လာမသိမ်းသေးဘူး။ တောင်ခြေရင်းမှာလေ။ မိုင်းဗုံးတွေရော၊ ပန်ကာတွေရော အစားစားပဲ။ မကွဲတဲ့ ဟာတွေပေါ့ကွယ်။ လယ်ထဲမှာလည်း အများကြီး ၊ တချို့နေရာတွေဆို အများအားဖြင့်ဆို တောင်ပေါ်မှာက ပိုဆိုးသေးတယ်။”

တိုက်ပွဲပြင်းထန်စဉ်က မြို့သစ်၊ ကုန်းလောနဲ့ စီဟတ် စတဲ့ အနီးအနားရွာတွေက လူ ၅,၀၀၀ ကျော်လောက်ဟာ မိုးမောက်နဲ့ ဗန်းမော်တို့ကို တိမ်းရှောင်ခဲ့ကြရပါတယ်။ တိုက်ပွဲတွေ ငြိမ်နေချိန် ရွာသားတချို့က လယ်ယာစိုက်ပျိုးဖို့ နေရပ်ပြန်လာတာရှိသလို တချို့ကလေးတွေလည်း ကျောင်းတက်ဖို့ပြန်လာတာ ရှိနေပါတယ်။

ဒါပေမဲ့ မြေမြုပ်မိုင်းနဲ့ မပေါက်ကွဲတဲ့ လက်နက်ကြီးကျည်တွေ မရှင်းလင်းရတာကြောင့် ဒေသခံတွေဟာ ရွာအနီးဝန်းကျင် သွားလာဖို့အတွက် စိုးရိမ်တာတွေ ရှိနေတယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူ တဦးက ပြောပါတယ်။
“မြို့သစ်၊ ကုန်းလော၊ ဒေါ့ဖုန်းယန်တစ်ကြောကတော့ တချို့ရွာသားတွေ ပြန်ပြီဆိုပေမဲ့လည်း ရွာပြင်ထွက်လို့ မရတဲ့ အနေအထားတော့ ရှိတယ်။ တောင်ခြေဘက်တို့ သူတို့ မသွားခိုင်းဘူးပေါ့။ အိမ်ပတ်ဝန်းကျင် အဲလောက်ပဲ အဆင်ပြေသေးတယ်ပေါ့။ လွန်ခဲ့တဲ့အပတ်ကတော့ စကခကနေပြီး မြို့သစ်ကျောင်းကိုဖွင့်ဖို့ မြို့သစ်ကျောင်းဝန်းမှာတော့ မိုင်းရှင်းလင်းရေး လုပ်တယ်လို့တော့ ပြောတာပေါ့။ ဒါပေမဲ့ ကျောင်းဝန်းမှာပဲ လုပ်တော့ ကျန်တဲ့နေရာမှာတွေလည်း မရှိနိုင်ဘူးလို့ ဘယ်သူမှ ပြောလို့ မရဘူးပေါ့ဗျာ။ ပြည်သူတွေရဲ့ ကြောင့်ကြစိတ်ပေါ့။”
စလောင်းကုန်းတိုက်ပွဲတုန်းကလည်း လက်နက်ကြီးကျည်ထိမှန်တာကြောင့် သံဃာတော်တပါး ပျံလွန်ခဲ့သလို အနည်းဆုံး ဒေသခံ ၆ ယောက်သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မိုးမောက်နဲ့ ဒေါ့ဖုန်းယန်မြို့နယ်ဘက်တွေမှာ လက်ရှိ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့အပတ်မှာ နေ့စဉ်ဆိုသလို စစ်သည်နဲ့ ရိက္ခာပို့ဆောင်တာတွေ ရှိခဲ့ပါတယ်။ မနေ့ကလည်း နွမ်းလန်းရွာ တပ်စခန်းကို ကား ၇ စီး ရောက်ရှိ အားဖြည့်ထားပုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းကတော့ မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက် သေဆုံးရသူ ၆၉ ယောက် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၈၅ ယောက် ရှိကြောင်းနဲ့ ထိခိုက်သေဆုံးသူတွေရဲ့ ထက်ဝက်ကျော်ဟာ ရခိုင်ပြည်နယ်ကဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။

............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)








XS
SM
MD
LG