သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တွေ မတရားဖမ်းဆီးခံရနိုင်တဲ့ နိုင်ငံစာရင်းမှာ မြန်မာပါဝင်


(Zawgyi/ Unicode)

မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံတွေမှာ အမေရိကန်နိုင်ငံသားတွေ မတရားဖမ်းဆီးခံရမှုကနေ ဟန့်တားနိုင်ဖို့ ရည်ရွယ်တဲ့ အမိန့်တရပ်ကို သမ္မတ ဂျိုးဘိုင်ဒင် အင်္ဂါနေ့မှာပဲ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ သမ္မတအာဏာနဲ့ ထုတ်ပြန်တဲ့ အမိန့်အရ အမေရိကန် နိုင်ငံသားတွေကို ဖမ်းဆီးတဲ့ နိုင်ငံတွေအပေါ် အပြစ်ပေး အရေးယူနိုင်မှာ ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

အင်္ဂါနေ့မှာပဲ မြန်မာ၊ တရုတ်၊ ရုရှား၊ အီရန်၊ မြောက်ကိုရီးယားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေဟာ အမေရိကန် နိုင်ငံသားတွေ မတရားဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့ နိုင်ငံတွေအဖြစ်နဲ့လည်း အမေရိကန်က သတ်မှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်နိုင်ငံသား သတင်းသမား Danny Fenster နဲ့ ကိုနေသန်မောင် ခေါ် ကိုမောင်မောင်ထွေးတို့ ဖမ်းဆီးခံခဲ့ရပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာပါ။

နိုင်ငံရပ်ခြားမှာ လက်ရှိဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား အရေအတွက်ကိုတော့ အစိုးရက မပြောပေမဲ့ ဆီးရီးယားမှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ အမေရိကန်သတင်းသမား James Foley ကိုအစွဲပြုနာမည်ပေးထားတဲ့ James W. Foley Legacy Foundation ကတော့ နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ အမေရိကန် ၆၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ပြောပါတယ်။

ဖေဖေါ်ဝါရီလကတည်းက ရုရှားမှာ အဖမ်းခံနေရပြီး မူးယစ်ဆေးမှုနဲ့ တရားရင်ဆိုင်နေရတဲ့ အမေရိကန် အမျိုးသမီး ဘတ်စကက်ဘောအဖွဲ့က နာမည်ကျော် Brittney Griner အပါအဝင် နိုင်ငံရပ်ခြားမှာ ပြန်ပေးဆွဲခံရသူတွေ၊ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုတွေဘက်က ဖိအားပေးမှု တိုးလာနေချိန်မှာပဲ သမ္မတအမိန့် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)





XS
SM
MD
LG