သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အစ္စရေးဝန်ကြီးချုပ်တို့ ဂါဇာအရေး ဆွေးနွေးမည်


အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကိုရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မတ် ၂၂၊ ၂၀၂၄)
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကိုရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မတ် ၂၂၊ ၂၀၂၄)

အရှေ့အလယ်ပိုင်းဒေသကို ထပ်မံရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဒီနေ့ သောကြာနေ့မှာ တွေ့ဆုံပြီး ဂါဇာစစ်ပွဲအရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းက Rafah မြို့ကို အစ္စရေးတို့ မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ ဒီလိုလုပ်မဲ့အစား တခြားနည်းလမ်းတွေသုံးဖို့ အမေရိကန်ရဲ့ အကြံပြုချက်တွေကို အစ္စရေးဝန်ကြီးချုပ်၊ စစ်ရေးဆိုင်ရာဝန်ကြီးအဖွဲ့တို့နဲ့ တွေ့ဆုံတဲ့အခါပြောမယ်လို့ ဝန်ကြီး Blinken ကအစောပိုင်းက ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်းအပစ်အခတ်ရပ်ရေး သဘောတူညီမှုရနိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကြိုးပမ်းနေတာဖြစ်ပြီး အစ္စရေးမတိုင်ခင် Saudi Arabia နဲ့ အီဂျစ်နိုင်ငံတွေကို သွားရောက် ဆွေးနွေးခဲ့ပါတယ်။ Hamas တို့ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေပြန်လွတ်ရေး၊ လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ရေးအတွက် အစ္စရေးနဲ့ Hamas ကြား အပစ်ရပ်ဖို့ အမေရိကန်၊ အီဂျစ်နဲ့ Qatar နိုင်ငံတွေက ကြားဝင်စေ့စပ်ပေးနေတာပါ။

သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲထားပြီး အစ္စရေး ဓားစာခံ ၄၀ ကို ပြန်လွှတ်ပေးဖို့၊ အပြန်အလှန်အားဖြင့် အစ္စရေးထောင်တွေထဲမှာရှိနေတဲ့ ပါလက်စတိုင်း ရာနဲ့ချီကို ပြန်လွှတ်ပေးဖို့နဲ့ အငတ်ဘေးနဲ့ ကြုံရနိုင်တဲ့ ဂါဇာဒေသထဲကို အကူအညီတွေ ပို့ပေးနိုင်ရေးတို့ကို အဆိုပြုထားကြပါတယ်။

Hamas စစ်သွေးကြွတွေအပေါ် အစ္စရေးစစ်ဆင်ရေးကြောင့် ဂါဇာမှာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး‌နေပြီး လူသားချင်းစာနာတဲ့ အကူအညီတွေ အလွန်အမင်းလိုအပ်နေတဲ့အတွက် ချက်ချင်းအပစ်ရပ်ရေး အမေရိကန်က ကြိုးပမ်းဖို့ မဟာမိတ်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေ တိုးလာနေချိန်မှာ နိုင်ငံခြားရေးဝန်ကြီး Blinken ခုလို အရှေ့အလယ်ပိုင်းဒေသကို သွားရောက်ဆွေးနွေးနေတာပါ။ အမေရိကန်ရေးဆွဲထားတဲ့ ချက်ချင်းအပစ်ရပ်ရေး တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကိုလည်း ဒီနေ့ သောကြာနေ့ လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG